Tuesday, December 25, 2012

လက်ရဲဇက်ရဲ သွေးသံရဲရဲ မြန်မာနိုင်ငံရဲ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များကို သယ်ဆောင်လာသော ယာဉ်တန်းတစ်ခု

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သမိုင်းကြောင်းဟာ စကတည်းက ဆန္ဒပြသူများရဲ့သွေးဖြင့် ရင်းနှီးခဲ့ရပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်မှာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးရခြင်းမှာ ရဲတပ်ဖွဲ့ဝင်များရဲ့ နှိပ်ကွပ်မှုကြောင့် ဖြစ်ပြီး ကျောင်းသားသပိတ် ဖြစ်ပွားလာရတာဖြစ်ပါတယ်။

ဖဆပလအစိုးရလက်ထက်တုန်းကလည်း ရဲတပ်ဖွဲ့ဝင်များရဲ့ လက်လွန်ခြေလွန်နှိမ်နှင်းမှုကြောင့် တက္ကသိုလ် ကျောင်းသားများ သေဆုံးသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ရပြီး အစိုးရက ၀န်ချတောင်းပန်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးရဲ့ အစဖြစ်တဲ့ RIT ကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်များက ပရမ်းပတာ နှိမ်နှင်းခဲ့ရာမှာ ကျောင်းသားတစ်ဦး ဖြစ်တဲ့ ကိုဖုန်းမော်ကျဆုံးခဲ့ရပါတယ်။ တက္ကသိုလ်ဧရိယာအတွင်းမှာ ဖမ်းဆီးခံရတဲ့ ကျောင်းသူ၊ ကျောင်းသားများကို အချုပ်ကားပေါ် အတင်းအကျပ် ထိုးသိပ် ထည့်လိုက်မှုကြောင့် အသက်ရှုမွန်းကျပ်ကာ အများအပြား သေကျေခဲ့ရပြီး အဲဒီဖြစ်စဉ်အတွက် ရဲချုပ် နှုတ်ထွက်ပေးလိုက်ရပါတယ်။



တဖန် ၁၉၈၈ ခုနှစ်အရေးအခင်းမှာ ဆန္ဒပြလူထုထဲတွင် ရဲတွေပါဝင်လို့ဆိုပြီး စစ်အာဏာရှင်တွေက ရဲတွေဟာ အစိုးရပေါ်မှာ အကြွေးတင်ရှိနေကြောင်း မကြာခဏ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို အမြင်မကြည်မလင်ဖြစ်ကာ ဒုရဲအုပ်အဆင့်မှတက်လာတဲ့ ရဲစစ်စစ်များကို ရာထူးကြီးတွေ မပေးတော့ပဲ အဆင့်အမြင့်ဆုံး ရဲမှူးကြီးအဆင့်သာ တစ်ဦးစ၊ နှစ်ဦးစ ပေးခဲ့ပါတယ်။

ရဲတွေကို နှိပ်ကွပ်ဖို့ ရကတ၊ အမှတ်(၃) စစ်ဒေသမှူးမှ ပြောင်းလာတဲ့ ရဲချုပ် ဗိုလ်မှူးကြီးစိုးဝင်းဟာ ရန်ကုန်တိုင်းတစ်ခွင်ရှိ ရဲများအား ပတ်ကြမ်းပါတော့တယ်။ သူ့ရဲ့သား ဟမ်းချိန်းကို ၀တ်ပြီး နေကာမျက်မှန်ကို တပ်ဆင်ကာ ရုပ်ဖျက်လို့ မြို့နယ်ရဲစခန်းများတွင် သူကိုယ်တိုင် ၀င်ရောက်အမှုအပ်ခဲ့ပါတယ်။ သူ့ကို လက်ဖက်ရည်ဖိုး၊ လိုင်းကြေး ရဲစခန်းများက တောင်းရင်တော့ တောင်းသူတွေကို ရဲသင်းချိုင်းရွှေ့ရင်ရွှေ့၊ မရွှေ့ရင် ဖြုတ်လိုက်တာ များပါတယ်။ မီးပွိုင့်မှာ မီးနီကို အရပ်ကားစီးပြီး အတင်းဖြတ်မောင်းစေကာ ယာဉ်ထိန်းပုလိပ်ရဲ့ ပိုက်ဆံတောင်း/ မတောင်းကိုလည်း စစ်ဆေးပါတယ်။

နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်များ လုပ်ပိုင်ခွင့်တွေ ပိုမိုရလာသလို စစ်တပ်နှင့် အချို့နေရာများတွင် မကျေမလည် ပဋိပက္ခဖြစ်မှုများ တွေ့ရှိရပါတယ်။ ဥပမာ DKBA မှ Without ကားများကို ကျိုက်ထိုမှာ ရဲကဖမ်းဆီးလိုက်ချိန်မှာ ရတခတိုင်း G (1) က စည်းရုံးရေးအရ လွှတ်ပေးစေလိုသော်လည်း ပြည်နယ်ရဲမင်းကြီးက ကြားမညှပ်လိုသဖြင့် ပြည်ထဲရေးကို Case တင်လိုက်ပြီ ဖြစ်လို့ အဲဒီကိုပဲဆက်လိုက်ဖို့ ဘောလီဘောပုတ်ခဲ့ပါတယ်။ နယ်မြေဧရိယာများတွင် ရုတ်သိမ်းသွားသော စစ်ဒေသမှူးများ၊ တပ်ရင်းမှူးများက အစားထိုး ၀င်ရောက်လာသော ရဲမှူးကြီးများနှင့် ရဲတပ်ရင်းမှူးများအား လုံခြုံရေးဆိုင်ရာ အချက်အလက်များ၊ ထောက်လှမ်းရေးသတင်းများ၊ စီးပွားရေးကြားပေါက်ဂွင်များကို ပြည့်ပြည့်စုံစုံလွှဲအပ်ထားခြင်း မရှိသဖြင့် သွေးတိုးစမ်း ၀င်ရောက်ခဲ့ရလို့ ပြဿနာအတော်အတန် ကြုံတွေ့ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ခံ ရဲတပ်ရင်းများ၏ အမှတ်တံဆိပ်



ရဲတွေနဲ့ပတ်သက်ပြီး ဆိုရိုးစကားရှိတာတွေကတော့ ငိုစားရယ်စား ရဲတွေရဲ့ အစား၊ ဦး G (1) လည်း ငါးကျပ်ပဲ ဆိုတဲ့ ဆိုရိုးစကားတွေပဲ ဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ် G (1) တစ်ယောက်ဟာ တံတားဂိတ်တစ်ခုကို အရပ်ကားဖြင့် ဖြတ်သန်းနေစဉ် ဂိတ်မှာ တာဝန်ကျတဲ့ ရဲတစ်ဦးက ဂိတ်ကြေးကောက်ရာ “ငါ G (1) ပါကွ လို့ပြောတာကို နားမလည်တဲ့ရဲက “ဦးဂျီဝမ်းလည်း ငါးကျပ်ပဲ။ မရဘူး လို့ ပြန်ပြောတာမို့ ဆိုရိုးစကားဟာ နာမည်ကြီးသွားပါတယ်။ ရဲတွေရဲ့ စရိုက်က ကူညီပါရစေဆိုပြီး အမှုလာအပ်သူများကို ပပျောက်အောင် လုပ်သည်ထက် မကြာကြာအောင် ဆွဲဆန့်ပြီး ငွေကြေးညှစ်သည့် စရိုက်မျိုး အများစုတွေ့ရပါတယ်။ အမှုသည်ဝန်ခံလာမှုရှိအောင် တရားဥပဒေကြောင်းအရ စစ်ဆေးမေးမြန်းသည်ထက် မမေး သုံးချက်၊ မေး သုံးချက်နှင့် ရိုက်နှက်ထုထောင်းပြီးမှ စစ်ဆေးမေးမြန်းတာကို ကြားသိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ရဲစခန်းမှူးနေရာကောင်းတာကို လုပ်ချင်ကြပြီး တောင်ပေါ်မြို့နယ်မှူးကဲ့သို့ ရာထူးမြင့်သော နေရာများကို ဂွင်မကောင်းလို့ မသွားချင်ကြတဲ့ သဘာဝရှိပါတယ်။



ရဲတပ်ရင်းတွေဟာ တခြား ရဲစခန်းတွေလို အောက်ဆိုက်ဝင်ငွေ မရှိတာရယ်၊ လေ့ကျင့်ရေး၊ လုံခြုံရေးတာဝန်တွေနဲ့ ပင်ပန်းတာကြောင့် ရဲတပ်ရင်းကို ပြောင်းချင်တဲ့ရဲ သိပ်မရှိလို့ဖြစ်ပါတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့ဝင်မှန်ရင် ရဲတပ်ရင်းမှာ တာဝန်ထမ်းဖူးရမယ်လို့ မူချထားပေမဲ့ ရဲတပ်ရင်းပြောင်းဖို့ အမိန့်ကျလာရင်တောင် နာမည်ဖျက်ပေးဖို့ ပိုက်ဆံလိုသလောက်ပေးပြီး လိုက်ကြတယ်လို့ သိရပါတယ်။ 
ရဲတပ်ရင်းရောက်လာရင် ပြေးကြတဲ့သူတွေ ပိုများပါတယ်။ ရဲတပ်ရင်းတွေမှာ (၃) နှစ် အနေကြာပြီးရင် ကြိုက်တဲ့နေရာ ရွှေ့ပေးပါမယ်လို့ မက်လုံးပေးပြီး ခေါ်တာတောင် သိပ်မလာချင်ကြကြောင်း သိရပါတယ်။ လက်ရှိ ရဲတပ်ရင်းတွေမှာလည်း (၃) နှစ်နဲ့အထက် ကြာနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တခြားနေရာ ပြောင်းပေးလို့ မရသေးတဲ့ အခြေအနေတွေ ရှိပါတယ်။


ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်



၁၉၉၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ဦးနီစုချောင်းဝဖြစ်စဉ်မှာ ဘိုကလေးမြို့နယ်မှူးဟာ မှောင်ခိုစက်လှေ ကပ်တယ်လို့ သတင်းကြားလို့ လိုင်းကြေးကောက်ဖို့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်လိုက်ပေမဲ့ ထိုးဖောက်စစ်ဆင်ရေး ၀င်လာတဲ့ KNU စစ်ကြောင်းရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပါတယ်။ အလားတူ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုကြီးကိုလည်း ယနေ့ထိ ဖော်ထုတ်နိုင်ခြင်းမရှိတာကို တွေ့ရှိရပါတယ်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ဗလီဆရာများလိုက်ပါလာတဲ့ ယာဉ်အား တိုက်ခိုက်ခံရမှုတွင် စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးထားတဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာလည်း ယနေ့ထိ တရားဝင် ကြေညာထုတ်ပြန်နိုင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။ (ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် အကြောင်း တစေ့တစောင်း ဆောင်းပါးရှည်အား ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ 


လက်ရဲဇက်ရဲ သွေးသံရဲရဲ မြန်မာနိုင်ငံရဲ - အပိုင်း (၂) ကို ဆက်လက် ဖော်ပြသွားပါမယ်။



No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။