Sunday, December 9, 2012

ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုချက်

(Dr. Lun Swe Blog)

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာကို အမှန်တကယ် ချုပ်ကိုင်ထားတဲ့ ကြံ့ဖွံ့အစိုးရ နောက်ကွယ်က စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးညှိနှိုင်းခွင့် မရသရွေ့ (သူတို့ကို နောက်ကြောင်းပြန် အရေးယူနိုင်တဲ့ကိစ္စတွေအပေါ် စိုးရိမ်ကြောင့်ကြနေတဲ့ အကြောက်တရားအတွက် လုံခြုံတဲ့ ထွက်ပေါက်ပေးနိုင်ရေး အကြေအလည် ဆွေးနွေးခွင့်မရသရွေ့) ရှေ့လျှောက်မှာလည်း ရခိုင်အရေး မီးမွှေးတဲ့ကိစ္စလို၊ လက်ပံတောင်းသပိတ်ဖြိုခွဲတဲ့ကိစ္စလို ဘယ်သူ့လက်ချက်မှန်းမသိ အရူးလုပ်ခံရတဲ့ ဖြစ်ရပ်တွေကို လိုက်ဖြေရှင်းနေရတဲ့ အရှုပ်ထုပ်တွေနဲ့ ဆက်ပြီး သံသရာလည်နေဦးမယ်လို့ ထင်ပါတယ်။

ဦးသိန်းစိန်တို့လို ရှေ့ထွက်ရုပ်သေးခေါင်းဆောင်တွေနဲ့ပဲ ထိတွေ့ဆက်ဆံပြီး ယောင်ဝါးဝါး ဆက်သွားနေမယ်ဆိုရင် (အခုအထိလည်း ကြားဖြတ်ရွေးကောက်ပွဲကတိတွေကို အကောင်အထည်ဖော်နိုင်ဖို့ နီးစပ်တဲ့အရိပ်အယောင် တခုမှ မတွေ့ရသေး) ကြာလာတာနဲ့အမျှ နောက်ကွယ်က ဆရာသမားတွေရဲ့ အရူးလုပ်ခံရမှုတွေရယ်၊ အားမလိုအားမရ ပိုပိုဖြစ်လာတဲ့ ပြည်သူလူထုရဲ့ငြိုငြင်မှုတွေရယ် ကြားမှာ ကြားညှပ်ပြီး ပြားချပ်ဖို့ ရှိတယ်လို့ မြင်မိပါတယ်။


အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ကွယ်က အနှောက်အယှက်ပေးနေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခွင့်ရပြီး သူတို့ကို စိတ်ချရတဲ့ ထွက်ပေါက်ရစေမယ့်ကိစ္စကို (အမေရိကန်၊ အီးယူ၊ ကူလသမဂ္ဂတို့ရဲ့ အကူအညီတွေနဲ့) ဆွေးနွေးညှိနှိုင်းခွင့်ရအောင် ကြိုးစားဖို့ လိုမယ်လို့ အကြံပြုလိုပါတယ်။


အဲသလို မကြိုးစားနိုင်ဘူးဆိုရင်တော့ ပြည်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်ပြီး နောက်ကွယ်ကနေ ဖိနှိပ်ရက်စက် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို စေခိုင်းကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို အပြစ်ပေး အရေးယူနိုင်အောင် ပြည်သူလူထုကို ရှေ့က မားမားမတ်မတ် ဦးဆောင်ပြီး ရဲရဲရင့်ရင့် တိုက်ပွဲဝင်ဖို့ပဲ ရှိတယ်လို့ မြင်ပါတယ်။


အခုအတိုင်းပဲ စစ်အုပ်စုနဲ့ ဆက်ဆံရေး ပျက်ပြားမှာစိုးလို့ စစ်အုပ်စုဘက်ကို ‘ကာ’ ပြောလေးပြောလိုက် ‘ဖာထေး’ ပြောဆိုပေးလိုက်နဲ့ ဆက်စခန်းသွားနေမယ်ဆိုရင်တော့ လူထုရဲ့ယုံကြည်မှု အကြီးအကျယ် ကျဆင်းလာနိုင်တဲ့အပြင် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလည်းပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ဖြောင့်ဖြောင့်ဖြူးဖြူး လုပ်နိုင်မှာမဟုတ်ဘဲ အခုလို နောက်ကွယ်က လက်မဲကြီးတွေရဲ့ အနှောက်အယှက်ပြုမှုတွေနဲ့ ကြုံတွေ့နေရပြီး ဒုက္ခများစွာနဲ့ ဂျင်ဂလယ်ရိုက်နေရမယ့်ကိန်းရှိတယ်လို့ မြင်ပါတယ်။


အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။