Friday, July 24, 2015

ဒုတိယဗိုလ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ?

Tomorrow-ဂျာနယ်
လွန်ခဲ့သော ကိုးနှစ်ကျော် ကာလ၊၂၀၀၅ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့
ည ၁၁ နာရီဖြစ်သည်။
ရှစ်မိုင်၊ စစ်ရုံးသစ်ကြီး၏အဆောင်(၁)အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်လာသောသေနတ်သံကြောင့် ကာကွယ်ရေး
ဦးစီးချုပ်ရုံးစိုက်ရာ အဆောင်(၁) တစ်ခုလုံး အလုပ်လုပ်နေသော
အရာရှိစစ်သည်များ တုန်လှုပ်သွားသည်။
အကြောင်းကလည်း ရှိနေသည်။
တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံးကို ဖြိုခွဲထားသည်မှာ
မကြာသေးသဖြင့် မကျေနပ်သူတစ်ဦးဦးက တပ်ချုပ်ကို ဖြစ်စေ ဒုတပ်ချုပ်ကို ဖြစ်စေလုပ်ကြံလိုက်လေသလောဟု အချင်းချင်း တီးတိုး ပြောနေကြသည်။
သေနတ်သံကြားပြီးသည်နှင့်ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို သူ့ကိုယ်ရေးအရာရှိ ရုံးခန်းတွင်တွေ့လိုက်ကြရသည်။
မြင်လိုက်ရသည်က ကိုယ်ရေး အရာရှိသည် အဆောင်အယောင်
သေနတ်ဖြစ်သော Colt ခြောက်လုံးပြူး သေနတ်ကို ပါးစပ်တွင်ငုံပြီး
မောင်းခလုတ်ဆွဲကာ သူ့ကိုယ်သူသတ်သေသွားသည့် မြင်ကွင်းပင် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး မောင်အေးသည်သူ့တပည့် အလောင်းအနီး ကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင် လိုက်ရင်း
“ဘာကြောင့် မင်း ဒီလိုလုပ်လိုက်ရတာလဲ။ ဒီလို လုပ်စရာလိုလို့လားကွာ။
မင်းနဲ့ငါ တွဲလာတာ ၁၇နှစ်ရှိပါပြီ”
ဆိုသည့် စကားများ ရေရွတ်နေသည်ကိုရောက်လာသည့်သူများ ကြားလိုက်ရ
သည်။
အဆောင်(၁)တွင်ပင် အခန်းချင်း မလှမ်းမကမ်းရှိသော
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်
မည်သည့် အဖြေထွက်မည်ကို ကြိုသိနေသည့် ပရောဟိတ်အလား ကွမ်းစားရင်း တီဗီအကြည့်မပျက်သည်ကတော့ သွေးအေးလွန်းသည် ခေါ်ရမည်လော၊ 
ထူးဆန်းသည်ဟု ခေါ်ရမည်လော မည်သူမှ မသိနိုင်။
အမှန်ကတော့ ဤသို့ဖြစ်ရန် ဇာတ်ညွှန်းရေးခဲ့သူမှာ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေကိုယ်တိုင်ပင် ဖြစ်သည်လားဆိုသည်ကလည်းပဟေဠိတစ်ခုပင်။
ဇာတ်လမ်းအစမှာ တပ်မတော် ထောက်လှမ်းရေးများကို ဖြိုခွဲပြီးနောက် ယခုရန်ကုန် ဟိုတယ် တည်ရှိရာ ရှစ်မိုင်ရှိ ထောက်လှမ်းရေးရုံးမှ လူကြီးများနှင့် ပတ်သက်သည့် ဖိုင်တွဲများကို ရှာဖွေပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပို့ရသည်။
ဤကိစ္စသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် သေရေးရှင်ရေးတမျှ
အရေးကြီးနေသည်။
ထောက်လှမ်းရေး တပ်ဖွဲ့ဝင် အချို့ကိုအာဏာ အလွဲသုံးစား လုပ်ခြင်း၊ 
စီးပွားရေး သောင်းကျန်းခြင်းဟုဆိုကာဖမ်းဆီး ထောင်ချခဲ့သည့်အတွက်
ကျန်သည့်သူများရော မည်မျှကင်းရှင်းနေလို့လဲဟုဆိုကာသူ၏တပည့်များကို အမှုတွဲများ ပြင်ဆင် ခိုင်းထားသောကြောင့် ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ရောက်လာသော ဖိုင်တွဲများထဲမှ
သူ့မိသားစုနှင့် ပတ်သက်သောဖိုင်တွဲများမှာ မည်သူမှ ဖတ်ခွင့်မရလိုက်ဘဲ အစ ဖျောက်လိုက်သော်လည်း ကျန်သည့် တပ်မတော် လူကြီးများ၏ဖိုင်တွဲများကိုမူ သူဖတ်ရှုပြီးသည်နှင့်သက်ဆိုင်ရာ လူကြီးများထံ ပေးပို့ခိုင်းသည်။
ဖိုင်တွဲ တစ်ခုသည်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး လက်ဝယ်ရောက်လာသည်။
ထိုဖိုင်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ပတ်သက်သည့်
အတွင်းသတင်းများကို ဖော်ပြထားပြီးထိုသတင်းများကို ကိုယ်ရေးအရာရှိ၏
ဇနီးထံမှ ထောက်လှမ်းရေးက ရရှိကြောင်းဖော်ပြထားသည်။
ထို့အပြင် ကိုယ်ရေးအရာရှိဖြစ်သူဒုဗိုလ်မှူးကြီးက ကုန်သွယ်ရေးမူဝါဒ
ကောင်စီ၏ ဆုံးဖြတ်ချက်များကိုအစည်းအဝေး ပြီးလျှင်ပြီးချင်း တရုတ်
ကုန်သည်များထံ အကြောင်းကြားခြင်း၊ နှစ်ပတ် တစ်ခါ ပြောင်းလဲသွားသည့် 
မူဝါဒကို ကြိုတင်သိရှိခွင့်ရသော တရုတ်ကုန်သည်များက စီးပွားရေးအရ
အကျိုးအမြတ်များစွာ ရရှိခြင်းမှသည် ထိုစဉ်က တရားမ၀င် လုပ်ငန်းဖြစ်သော ဒေါ်လာ အရောင်းအ၀ယ် လုပ်ငန်းကြီး တစ်ခုလုံးကို သူ၏ကိုယ်ရေး အရာရှိက
ဦးဆောင်လုပ်နေခြင်း၊ တရားမ၀င် ဒေါ်လာ ရောင်းဝယ်ရေး
ဈေးကွက်တွင် နေ့စဉ်ပေါက်ဈေးသတ်မှတ်ပေးနေသူမှာ သူ၏ ကိုယ်ရေး
အရာရှိ ဖြစ်နေကြောင်း ဖတ်လိုက်ရသည်။
ထိုအချိန်ရောက်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ကုန်သွယ်ရေးမူဝါဒကောင်စီဥက္ကဋ္ဌ ရာထူးက ဖယ်ရှားလိုက်သည့် အကြောင်းရင်းကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တစ်ယောက် သိလိုက်ရသည်။
ဖိုင်တွဲကို ဖတ်ရှုပြီး အလွန်စိတ်ဆိုးသွားသော ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ဖိုင်တွဲကိုဖတ်ပြီးသည်နှင့် သူ၏ကိုယ်ရေးအရာရှိဖြစ်သူ ဒုဗိုလ်မှူးကြီးကိုခေါ်ကာ
“ရော့ ဒီဖိုင်က မင်းနဲ့ ပတ်သက်နေတယ်။မင်းဟာမင်းဖတ်ပြီး ဆုံးဖြတ်”ဟု ပြောလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး၏ တွက်ကိန်းမှာဒုတပ်ချုပ်က သူ့တပည့်ကို ကာကွယ်
လျှင် တစ်ခါတည်းရောပြီး အနားပေးရန်ဖြစ်သည်။
တပ်ချုပ်သည် ဗိုလ်ချုပ် ခင်ညွန့်အကူအညီဖြင့် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို အာဏာသိမ်းခဲ့သလို သူ့ကို တပ်ချုပ်ခန့်ရန် အမိန့်ပေးခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်းကိုလည်းနေအိမ်အကျယ်ချုပ် ဘ၀ဖြင့် ဘ၀ဇာတ်သိမ်းစေခဲ့သည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေး တစ်ဖွဲ့လုံးကို ဖြိုခွဲလိုက်ချိန်တွင် သူ့အတွက်ကြောက်စရာလူဟူ၍ တပ်မတော်ကိုလက်ထဲတွင် ကိုင်ထားသော ဒုတပ်ချုပ်တစ်ယောက်သာ ရှိတော့သည်။
ထို့ကြောင့် ထောက်လှမ်းရေးနှင့် ရောပြီး ဒုတပ်ချုပ်ကိုပါ ရှင်းထုတ်ရန်
အကွက်ချလိုက်ခြင်း ဖြစ်သည်။
ဖိုင်ကို ဖတ်ပြီးသည်နှင့်ဒုဗိုလ်မှူးကြီး ငိုက်စိုက်ကျသွားသည်။
ထိုစီးပွားရေးလုပ်ငန်း အားလုံးကို သူနှင့်ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ကိုယ်ရေးအရာရှိ
တို့အပြင် ထောက်လှမ်းရေးမှအခြားဗိုလ်မှူး တစ်ဦးတို့ သုံးယောက်ပေါင်း လုပ်ခြင်းဖြစ်သည်။
ထို့အပြင် ဆရာသမား၏သတင်းများသည်လည်း မိမိဇနီးထံမှတစ်ဆင့် ပေါက်ကြားခဲ့သည်။
သို့သော် ထောက်လှမ်းရေး ရီပို့တွင်မိမိတစ်ယောက်တည်းကိုသာ
ဖော်ပြထားသည်။
ထောက်လှမ်းရေးများကို ကျူပင်ကျူငုတ်မကျန် ခုတ်နေသော အချိန်တွင် ဤဖိုင်ကြောင့် မိမိဆရာသမားပါ ထိခိုက်တော့မည်။
မိမိဆရာသမားကိုလည်း တစ်လက်စတည်း ရောရှင်းရန် ဗိုလ်ချုပ်မှူးကြီး
ကြံစည်လိုက်ခြင်း ဖြစ်သည်ကို စစ်ရုံးတွင် အနေကြာပြီ ဖြစ်နေသော
ဒုဗိုလ်မှူးကြီးက သဘောပေါက်လိုက်သည်။
အဖြစ်မှန်ကလည်း သူတွေးသလိုပင် ဖြစ်သည်။
ဤကိစ္စကို အကြောင်းပြုပြီးမိမိဆရာသမားလည်းဖယ်ရှားခံရတော့မည်ကို သိလိုက်သော သူ့အတွက် အဖြေက တစ်ခုတည်းသာ ရှိတော့သည်။
ထို့ကြောင့် ညနေတွင် ဆရာသမားကိုခွင့်တောင်းပြီး အိမ်ပြန်သည်။
သားသမီးများကို နောက်ဆုံးတွေ့ဆုံရန် သွားခြင်း ဖြစ်သည်။
အိမ်တွင် ဇနီး ဖြစ်သူကို ညစာစားမည်ပြောပြီးမှ မစားဘဲ ရုံးသို့ ပြန်လာခဲ့သည်။
သူ့ဘ၀အတွက် ပြင်မရတော့မည့်ဆုံးဖြတ်ချက် တစ်ခုကို ချရသည်မှာ
လွယ်ကူသော ကိစ္စမဟုတ်ပါ။
ညဖက်ရုံးတွင် ထိုင်ရင်း သူ့ဆုံးဖြတ်ချက်ကို အပြန်ပြန် အလှန်လှန် စဉ်းစား
နေစဉ် ဗိုက်ကဆာလာသည်။
ထို့ကြောင့် ရုံးခန်းထဲတွင်ရှိသော သူ့တပည့် တပ်ကြပ်ကြီးကို ခေါ်လိုက်
သည်။
"ငါ့အတွက် ခေါက်ဆွဲပြုတ်လေး လုပ်ကွာ"ဟု ပြောရင်း သူ့လက်မှ တန်ဖိုးကြီး လက်ပတ် နာရီကို ချွတ်ကာသူ့တပည့် လက်ထဲ ပေးလိုက်ရင်း 
ရော့ ဒါမင်းဖို့ ငါ့ရဲ့လက်ဆောင်ဟု ပြောလိုက်သည်။
တပည့်ဖြစ်သူမှာ ယနေ့အတွက်ဆရာဖြစ်သူ ထူးခြားနေသည်ကို
သတိပြုမိသော်လည်း သူ့ဆရာ၏ဘ၀ဇာတ်သိမ်းခန်း ရောက်နေပြီကို 
မသိဘဲ ခေါက်ဆွဲပြုတ်ရန် အတွင်းခန်းဝင်သွားသည်။
ထိုအချိန်တွင်ပင် သေနတ်သံကြောင့်ပြေးထွက်လာချိန်တွင် သူ့ဆရာ၏ 
ဘ၀ ဇာတ်သိမ်းခန်းကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
စားပွဲ ပေါ်တွင်မူ တစ်ကြောင်းတည်း ရေးထားသည့် စာလေးတစ်စောင် ရှိနေပြီး “ဉာဏ်စိုး အားလုံး သိပါတယ်”ဟု ရေးထားသည်။
ညတွင်းချင်း အပြင်သို့ ထွက်ပေါ်လာသည့် သတင်း တစ်ခုကတော့ 
ဆရာတပည့် နှစ်ယောက် စကားများပြီးအရက်မူးနေသည့် ဒုတပ်ချုပ်က
သူ့တပည့်ကို ပစ်သတ်လိုက်သည်ဟု ဖြစ်သည်။
ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များကို အရေးယူရန် ဖွဲ့စည်းပေးထားသော ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သည့် ၁၂ဦး ကော်မတီ အစည်းအဝေး
တွင်မူ အဆိုပါ ကိုယ်ရေးအရာရှိသည်အိမ်ထောင်ရေး ပြဿနာကြောင့် သူ့ကိုယ်သူ အဆုံးစီရင်ခြင်းဟု ကြေညာကာ လူတစ်ယောက်၏
ဘ၀ဇာတ်သိမ်းပိုင်းကို သွေးအေးစွာဖြင့်ပယ်ဖျက်လိုက်ကြသည်။
တပည့်ဖြစ်သူ အသက်နှင့် ရင်းသွားသဖြင့် ဒုတပ်ချုပ်ကြီးကို အနားယူခိုင်းရန် ကြံစည်ထားသည့် အစီအမံလည်းပျက်သွားခဲ့သလို နှစ်ဦးစလုံး တပ်မှ
အနားယူသည်အထိ ဆက်ဆံရေး အေးခဲသွားကြောင်း၊ ဒုတပ်ချုပ် အနေဖြင့် အရက်ကိုသာ နေ့ည အဖော်ပြုရင်း သူ၏ တပ်မတော်အရာရှိဘ၀ နောက်ဆုံးပိုင်းကို ဖြတ်သန်းသွားခဲ့ကြောင်းကို တပ်မတော်အသိုင်းအ၀ိုင်းမှ အရာရှိကြီးများကမြင်တွေ့နေရသော်လည်း ဒုဗိုလ်မှူးကြီး၏ ဘ၀ဇာတ်သိမ်းသွားရခြင်း ဖြစ်ရပ်အမှန်ကိုတော့ အများစုကယနေ့အထိ မသိ ရှိခဲ့ကြပါ။
ဤဖြစ်ရပ် ဖြစ်ပွားပြီး ထူးဆန်းသည့်အချက် နှစ်ချက်ကို တွေ့ရသည်။
ပထမ တစ်ချက်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး၏ ရုံးအဖွဲ့ဝင်
အခြားအဆင့်လေးဦး တပ်မှနှုတ်ထွက်စာတင်ပြီး ထွက်သွားခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ မိမိကိုယ်ကိုသေကြောင်းကြံခဲ့သော သူကို တပ်တွင် ထုံးစံမရှိသော်လည်း စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ပေးခဲ့ခြင်း ဖြစ်သည်။
အလားတူ
“ဉာဏ်စိုးအားလုံး သိတယ်” ဆိုသည့် စာကလည်း ယခုအချိန်အထိ ပဟေဠိဖြစ်နေဆဲပင်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။