Tuesday, December 4, 2012

အာတီမီသာဇာတ်လမ်း(မော်စီတုန်း၊ ဗီယက်နမ်စစ်ပွဲနှင့် WHO ) - အပိုင်း(၁)

(စည်းလုံးခြင်းရဲ့အင်အား)

၁၉၆၀ ပြည့်လွန်ကာလအတွင်း ဗီယက်နမ်ရောက် အမေရိကန် စစ်သားများ

အယ်ဒီတာအဖွဲ့ တင်ပြချက်။ တပ်မတော်သားများ ရှေ့တန်းတွင် ရန်သူကိုရင်ဆိုင်ရသည်ထက် ငှက်ဖျားရောဂါဆိုးကြီးကို ကြောက်မက်ဖွယ်ကြုံတွေ့ခဲ့ရပါတယ။် ငှက်ဖျားရောဂါကြောင့် ဗိုလ်မှူးကြီးဗထူး အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ထူးချွန်တဲ့ တပ်မတော်သားများ အသက်ဆုံးရှုံးခဲ့ဖူးရပါတယ်။ အယ်ဒီတာအဖွဲ့ဝင်အချို့ ရဲ့တင်ပြချက်အရ သူတို့ရှေ့တန်းစစ်မြေပြင်တွင် ကွီနင်းဒရစ်ပုလင်းကြီးချိတ်မှသာ သက်သာခွင့်ရပေမယ့် အဲဒီဆေးမရှိတဲ့အခါ လက်ပိုက်ကြည့်ရင်းသေဆုံးရတဲ့ ဘဝမျိုးကြုံတွေ့ခဲ့ရဖူးပါတယ်။ ထိုစဉ်က အာတီဆူနိပ်ခေါ် တရုတ်ငှက်ဖျားဆေးဟာ ကလိုရိုကွင်းနဲ့စာရင် အမူးပြေသက်သာတာကြောင့် နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း မက်ဖရိုကွင်း ဆေးပေါ်လာတဲ့အချိန် အစွမ်းထက်တာကြောင့် တပ်ရင်းမှူးအဆင်၊့ ဆေး( MA ) အဆင့်တို့က ကြီးကြပ်ကန့်သတ်အဖြစ် ထိန်းချုပ်ထားတာကို တွေ့ရှိရပါတယ်။ အဲဒီဆေးကို တပ်မတော်သားများက အဖိုးတန်ပစ္စည်းအဖြစ် တန်ဖိုးထားကြပြီး အာတီမီသာဆေးပေါ်လာသည့် နောက်ပိုင်းတွင်လည်း အထက်အမိန့်ရမှ အဲဒီဆေးနှစ်မျိုးလုံးကို သုံးစွဲခွင့်ရကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဆရာဂါမဏိအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လထုတ် နိုက်တင်ဂေးလ်ဂျာနယ်တွင် ပါရှိသော သူရဲ့ဆောင်းပါးအား ဖော်ပြပေးလိုက်ရပါတယ်။


ဆောင်းပါးရှင် - ဂါမဏိ

တရုတ်နိုင်ငံ ဖော်ထုတ်ခဲ့တဲ့ အာတီမီသာဟာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးသမိုင်းမှာ ကွီနင်းဆေးကို တွေ့ရှိပြီးတဲ့နောက်ပိုင်း အကြီးအကျယ်ဆုံး အောင်ြမင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဆေးကို တွေ့ရှိချက်ဟာ ဆေးပညာနိုဘယ်ဆု ပေးလောက်အောင် ထိုက်တန်တယ်လို့ ဆေးပညာရှင်တွေက အခုအခါ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အာတီမီသာ ဆေးကိုတွေ့ရှိမှုမှာ တရုတ်ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်းရဲ့ အခန်းကဏ္ဍကိုတော့ လူအများမသိကြပါဘူး။


ငှက်ဖျားပျောက်ဆေးသောက်နေကြသော ဒုတိယကမ္ဘာစစ်ကာလအတွင်း ရှေ့တန်းရောက်ဗြိတိသျှစစ်သည်များ



မော်စီတုန်းဟာ ဗီယက်နမ် စစ်ပွဲအတွင်း မြောက်ဗီယက်နမ်စစ်သားတွေ တောထဲမှာ ငှက်ဖျားဒဏ်ကို ကျော်လွှားနိုင်ဖို့အတွက် တရုတ်ဆေးပညာရှင်တွေ၊ သုတေသီတွေကို စုစည်းပြီး အာတီမီသာကို ဖော်ထုတ်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အဆက်ပြတ်ကင်းကွာနေတာရယ်၊ အနောက်တိုင်းအလှူရှင်တွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ ဆေးကုမ္ပဏီတွေက အထင်သေးလျစ်လျူရှုခဲ့တာရယ်ကြောင့် အာတီမီသာဟာ နှစ် ၃၀ လောက် မှေးမှိန်နေခဲ့ရပါတယ်။

ဗီယက်နမ်စစ်ပွဲကြီး ပြင်းထန်နေတဲ့အချိန် ၁၉၆၀ ခုနှစ်များအတွင်းမှာ မြောက်ဗီယက်နမ်ခေါင်းဆောင်တွေက ဥတ္ကဌကြီး မော်စီတုန်းစီကို ပန်ကြားချက်တခု ပို့လိုက်ပါတယ်။ ဒီစာထဲမှာ ဆေးမတိုးတဲ့ငှက် ဖျားရောဂါကြောင့် မြောက်ဗီယက်နမ် စစ်သားတွေနဲ့ ဗီယက်ကောင်း တော်လှန်ရေးသမားတွေ သေနေကြ၊ အိပ်ရာထဲလဲနေကြလို့ ကူညီပေးပါလို့ ပန်ကြားထားပါတယ်၊ ဒါကြောင့် ဥက္ကဌ မော်က တရုတ်နိုင်ငံရဲ့ ထိပ်တန်းသိပ္ပံပညာရှင်တွေကို အစွမ်းထက်တဲ့ ငှက်ဖျားဆေးအသစ် ဖော်ထုတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။

အဲဒီကာလက ယဉ်ကျေးမှု တော်လှန်းရေးကြီး အကြီးအကျယ် ဝရုန်းသုန်းကာ ဗယုတ်ဗယက် ဆူပူနေတဲ့အချိန်ဖြစ်လို့ ပညာတတ်လူတန်းစားတွေ တိုက်ခိုက်ခံရ၊ အနှိမ်ခံရ၊ ကျေးလက်ကိုပို့ပြီး အလုပ်ကြမ်းခိုင်းခံရတဲ့အချိန် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီငှက်ဖျားဆေးစီမံကိန်းကတော့ မော်စီတုန်း ကိုယ်တိုင်က ခိုင်းတာဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို တာဝန်ယူဦးဆောင်စေတာဖြစ်လို့ ယဉ်ကျေးမှု တော်လှန်ရေးရဲ့ ဗရုတ်သုတ်ခဂယက်ရုတ်ခတ်မှုတွေကနေ အကာအကွယ်ရခဲ့ပါတယ်။

ဒီလိုနဲ့ အရပ်ဘက်၊ စစ်ဘက်ဆေးရုံဆေးခန်း၊ ဆေးဌာနပေါင်း ၆၀ က သိပ္ပံပညာရှင် ၅၀၀ ဟာ ၁၄ နှစ်တိုင်တိုင် အပြင်းအထန် သုတေသနလုပ်ခဲ့ကြပါတယ်။

အဲဒီတချိန်တည်းမှာပဲ ထောင်နဲ့ချီတဲ့ အမေရိကန်စစ်သားတွေလည်း ဗီယက်နမ်မှာ စစ်တိုက်နေရင်း ငှက်ဖျားဒဏ် အလူးအလဲခံနေတဲ့အတွက် ဝေါလ်တာရိဒ်ကြည်းတပ် သုတေသနဌာနက ငှက်ဖျားဆေးသစ်ဖော်ထုတ်ဖို့ ကြိုးစာခဲ့ပါတယ်။ ဒီကြိုးပမ်းချက်ကနေ မက်ဖလိုကွင်း (Mef Loquine) ဆေးပေါ်ထွက်ခဲ့ပါတယ်။
  

အမေရိကန်စစ်တပ်မှ ထုတ်လုပ်ခဲ့သော Mef Loquine ငှက်ဖျားပျောက်ဆေး

မက်ဖလိုကွင်းဆေးဟာ အစွမ်းထက်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း တော်တော်ဆိုးဆိုး ရှိနေပါတယ်။ အထူးသဖြင့် အိမ်မက်ဆိုးတွေမက်တာ၊ စိတ်ကယောင်ချောက်ခြား ဖြစ်တာတို့ဖြစ်စေပါတယ်။ အာဖဂန်နစ္စတန် စစ်မြေပြင်ကနေ ၂၀၀၂ ခုနှစ်မှာပြန်လာတဲ့ အမေရိကန်စစ်သားတွေဟာ မက်ဖလိုကွင်းစားခဲ့လို့ ဂေါက်သွားပြီး သူတို့မိန်းမတွေကို ပစ်သတ်ခဲ့ကြတယ်လို့ သတင်းတွေထွက်ခဲ့ပြီးနောက် အမေရိကန် စစ်သားတွေဟာ မက်ဖလိုကွင်းဆေးစားဖို့ ငြင်းဆန်ခဲ့ကြပြီး ငှက်ဖျားအဖြစ်ခံခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ ငှက်ဖျားဆေးသစ် စီမံကိန်းကို ၁၉၆၇ ခု မေလ ၂၃ ရက်မှာ စတင်ခဲ့ပြီး ၅၂၃ စီမံကိန်းလို့ နာမည်ပေးခဲ့ပါတယ်။ တရုတ်သုတေသီတွေက လုပ်ငန်းကို နှစ်ပိုင်းခွဲလုပ်ခဲ့ပါတယ်။ အုပ်စုတခုက ဓာတုပစ္စည်းပေါင်း ၄၀၀၀၀ ကို စိစစ်စမ်းသပ်ခဲ့ပြီး ဒုတိယအုပ်စုကတော့ တရုတ်ရိုးရာ ဗိန္ဓောဆေးပညာစာစောင်၊ စာတမ်းတွေကို လေ့လာတာ၊ တောလက်ကျေးရွာတွေကို လူလွတ်ပြီး ရိုးရာ ပရဆေးဆရာတွေဆီမှာ လျှို့ဝှက်ကုထုံးတွေ၊ ဆေးနည်းတွေကို မေးမြန်းစုံစမ်းမှတ်သားတာ လုပ်ခဲ့ကြပါတယ်။

ဒီပရဆေးတွေထဲက တခုဖြစ်တဲ့ ချင်းဟောက် (Qinghao) အကြောင်းကို ခရစ်တော်မပေါ်မီ ဘီစီ ၁၆၈ ခုနှစ်က ကျောက်စာတွေမှာ တွေ့ရပါတယ်။ နောက်ပိုင်း ဆေးကျမ်းတွေမှာလည်း သူအစွမ်းတွေကို မွှန်းတင်ထားတာ တွေ့ရှိရပါတယ်။


တရုပ်ငှက်ဖျားပျောက်ဆေးထုတ်လုပ်သည့် ပရဆေးပင်ဖြစ်သော Qinghao အပင်


၁၇၈၉ ခုနှစ် တရုတ်ထုတ် ဆေးကျမ်းဖြစ်တဲ့ ရာသီအဖျားရောဂါ ကျမ်းမှာလည်း ထည့်ရေးထားပါတယ်။ ဒီချင်းဟောက်ကို အနောက်တိုင်း (လက်တင်) အခေါ်အဝေါ်အရ အာတီမီရှာ အဲန်နူဝါ (Artemisia annua) လို့ခေါ်ပါတယ်။ အရွက်ချွန်ချွန်၊ အပွင့်ဝါဝါနဲ့ အပင်ငယ်လေးဖြစ်ပါတယ်။

တရုတ်ကျေးလက်တွေမှာ ချင်းဟောက်ပင် သတ္တုရည်နဲ့ ငှက်ဖျားကို တိုက်ဖျက်နေကြတာ ရှိပေမယ့် သိပ္ပံနည်းကျ စနစ်တကျ လေ့လာတာကတော့ ခုနပြောသလို ၁၉၆၇ ခုကျမှ စခဲ့တာဖြစ်ပါတယ်။ ၅၂၃ စီမံကိန်းမှာ ဒေါနရွှေဝါအပြင် ရိုးရာပရဆေး အနည်းဆုံး ၉ ခုကို အဓိကထား လေ့လာခဲ့ပါတယ်။ သူတေသီတွေဟာ ဒေါနရွှေဝါအပင်က  ဘယ်ဓာတ်ပစ္စည်းက ငှက်ဖျားပိုးကို သတ်တာလဲ၊ ဒေါနရွှေဝါပင်တွေ ထဲမှာ ဘယ်မျိုးကွဲက အထိရောက်ဆုံးလဲ၊ (ဦးနှောက်ငှက်ဖျားကိုတိုက်ဖို့) သွေးကြော - ဦးနှောက်တံတိုင်း (Blood-Brain Barrier) ကိုဖြတ်နိုင်သလား၊ စားဆေး၊ အသားထိုးဆေး၊ အကြောထိုးဆေး၊ စအိုသွင်းဆေး သဏ္ဍာန်တွေထဲက ဘယ်ပုံစံနဲ့ ထိရောက်သလဲ စတာတွေကို လေ့လာအဖြေရှာကြပါတယ်။

ဆောင်းပါးရှင် - ဂါမဏိ၏ အာတီမီသာဇာတ်လမ်း (မော်စီတုန်း၊ ဗီယက်နမ်စစ်ပွဲနှင့် WHO ) - အပိုင်း (၂) ကို ဆက်လက်တင်ပြပါမည်။
  


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။