Thursday, December 27, 2012

လက်ရဲဇက်ရဲ သွေးသံရဲရဲ မြန်မာနိုင်ငံရဲ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


ရဲတပ်ဖွဲ့ဝင်များအား အဓိကရုဏ်းနှိမ်နှင်းရေးလေ့ကျင့်နေကြစဉ်

ရွှေဝါရောင်အရေးတော်ပုံကာလအတွင်းမှာ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံတွေကိုလည်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူများက တင်ပြလာပါတယ်။ ရဲတပ်ရင်းတွေကို အရေးပေါ်အခြေအနေမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး တပ်ခွဲတစ်ခွဲကို ဒုရဲမှူး/ရဲအုပ် ဦးစီးပြီး အင်အား (၅၆) ယောက် ပါတဲ့ တပ်ခွဲ (၁၆) ခွဲဖွဲ့ခဲ့တယ်လို့ သိရပါတယ်။ တပ်ခွဲအလိုက် တပ်ဆင်ခဲ့တဲ့ လက်နက်တပ်ဆင်မှု ဖွဲ့စည်းပုံကတော့ တပ်ခွဲတစ်ခွဲမှာ ပစ္စတို/ခြောက်လုံးပြူး (၂) လက်၊ ကာဘိုင် (၃) လက်၊ (၁၂) ဗို့ ပြောင်းချောသေနတ် (၁၅) လက်၊ (၃၇/၃၈) မမ ဗုံးပစ်သေနတ် (မျက်ရည်ယိုဗုံး အသုံးပြုတဲ့ ရှဲဂန်းလို့ ခေါ်တာပေါ့) (၃) လက်၊ ဒဿမ (၃၀၃) စက်ကလေး (၃) လက်၊ ချေမှုန်းရေး ရိုင်ဖယ် (၁၆) လက်၊ လက်ပစ်မီးခိုးဗုံး အလုံး (၅၀)၊ နံပတ်တုတ် အချောင်း (၅၀)၊ ဒိုင်း (၂၅) ခု ပါပါတယ်။ အရန်လက်နက်တွေနဲ့ တခြားပစ္စည်းတွေအနေနဲ့ သံဆူးကြိုးခွေတွေ၊ ၁၀ ပေတုတ်တွေက အချောင်း (၅၀)၊ ၃ ပေတုတ်က အချောင်း (၅၀)၊ လက်ထိပ်အခု (၅၀) ၊ တပ်ဖွဲ့ဝင်တိုင်းအတွက် လေးခွ/လောက်စာလုံးတွေ၊ လည်စီးအနီရောင်နဲ့ အပြာရောင်တွေ ရိက္ခာတစ်ပတ်စာပါ ထည့်သွင်းဖွဲ့စည်းပေးထားခဲ့ပါတယ်။ လိုအပ်တဲ့လက်နက်တွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နရခ လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးကနေ ဖြည့်ဆည်းပေးခဲ့ပါတယ်။ စစ်ကြောင်းရုံး ဖွဲ့စည်းမှုအရကတော့ တပ်ခွဲနှစ်ခွဲကို စစ်ကြောင်းတစ်ကြောင်း၊ စစ်ကြောင်းနှစ်ကြောင်းကို ရဲတပ်ရင်းတစ်ရင်းအနေနဲ့ ဖွဲ့ခဲ့ပါတယ်။ ဒါ့အပြင် ရဲမှူးအေးသန်းဦးစီးတဲ့ အကြမ်းဖက်တပ်ဖွဲ့ရှိပြီး ၎င်းအကြမ်းဖက်တပ်ဖွဲ့ လက်အောက်မှာလည်း တပ်ခွဲ (၄) ခွဲ ရှိပါတယ်။


ပုဒ်မ (၁၄၄) ထုတ်ပြီးတဲ့နောက်ပိုင်း တပ်မ (၇၇) နဲ့ စကခ (၄) တပ်တွေ ၀င်လာပြီးတော့ အဲဒီတပ်တွေနဲ့တွဲပြီး နေရာ ပြောင်းယူခဲ့ရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ (၂၆) ရက်နေ့ရောက်တော့ ဆန္ဒပြမှုတွေ ထပ်ဖြစ်လာဦးမယ်ဆိုရင် ဖြိုခွဲရမယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်လာလို့ ရဲတပ်ရင်းတွေကို နေရာရွှေ့ပြီး အသင့်အနေအထား လုပ်ထားခဲ့ပါတယ်။ အဲဒီနေရာတွေက ခြောက်ထပ်ကြီးကျောင်း၊ ငါးထပ်ကြီးကျောင်း၊ ငွေကြာရံ ကျောင်း၊ မင်္ဂလာရာမကျောင်း၊ မိုးကောင်းဘုရား၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၊ ရွှေတိဂုံကြေးသွန်းဘုရား အနီးတ၀ိုက်တွေမှာ အသင့်ရွှေ့ပြောင်းထားခဲ့ပါတယ်။ လိုအပ်ရင် စစ်ကူခေါ်ဖို့အတွက်လည်း ကျိုက္ကဆံကွင်းက အကြမ်းဖက်တပ်ခွဲတွေကို အသင့်အနေအထား လုပ်ထားခဲ့ပါတယ်။

 ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်အရေးအခင်းကာလမှ မြင်ကွင်းတစ်ခု

စက်တင်ဘာ (၂၆) ရက်နေ့မှာ ရွှေတိဂုံဘုရားမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြတဲ့သူတွေ အဓိကရုဏ်းဖြစ်ပြီးတော့ တပ်မတော်က တပ်တွေနဲ့တွဲပြီး နေရာဖြန့်ဖို့ ညွှန်ကြားချက် ထွက်လာပါတယ်။ ကျိုက္ကဆံကွင်းမှာတော့ တပ်မ (၇၇) က ဒုဗိုလ်မှူးကြီး လှဖြိုးဦးစီးတဲ့ ခမရ (၁၀၁)၊ ရဲတပ်ရင်း (၉)၊ အကြမ်းဖက်တပ်ခွဲ (၄) ခွဲနဲ့ စွမ်းအားရှင်အယောက် (၂၀၀)၊ တော်လှန်ရေးပန်းခြံမှာ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး စိုးတင့်နိုင်ဦးစီးတဲ့ ခမရ (၇၀၃)၊ ခမရ (၇၀၅)၊ ရဲတပ်ရင်း (၁)၊ ရဲတပ်ရင်း (၃)မှ ထုတ်နုတ် တပ်ခွဲ(၁) ခွဲ၊ သခင်မြပန်းခြံမှာ စကခ (၄) မှ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးအေးလွင် ဦးစီးတဲ့ ခမရ (၇၀၁)၊ ခမရ (၇၁၀) ၊ ရဲတပ်ရင်း (၃) နဲ့ ရဲတပ်ရင်း (၈) နဲ့ စွမ်းအားရှင်အယောက် (၂၀၀)၊ ပြည်ထဲရေးရုံးမှာ အရန်အင်အားအဖြစ် ရဲတပ်ရင်း (၃) မှ ထုတ်နုတ်တပ်ခွဲ (၂) ခွဲတို့ကို ဖြန့်ချနေရာယူခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၆) ရက်နေ့ မနက်ပိုင်းမှာ ရဲချုပ်ခင်ရီက ပြည်ထဲရေးရုံးမှာ လတ်တလော ဖြစ်နေတဲ့ ကိစ္စတွေ၊ ရဲတပ်ရင်းတွေနဲ့ ပတ်သက်တဲ့ တပ်တည်တပ်လှုပ် သတင်းတွေ Briefing လုပ်ကာ ရှင်းလင်းပြီးတော့ ရန်ကုန်မြို့ထဲက ရဲတပ်ရင်းတွေကို လိုက်စစ်ဖို့ ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ပြည်ထဲရေးရုံးကနေ မိုးကောင်းကျောင်းတိုက်၊ ငွေကြာယံကျောင်းတိုက်၊ ကြေးသွန်းဘုရားတွေမှာ ချထားတဲ့ ရဲတပ်ရင်းတွေကို စစ်ဆေးပြီး မင်္ဂလာရာမ ကျောင်းတိုက်ကို မနက် (၁၀း၃၀) နာရီလောက်မှာ ရောက်သွားခဲ့ပါတယ်။ မင်္ဂလာရာမကျောင်းတိုက်မှာ တာဝန်ကျနေတဲ့ တပ်ဖွဲ့တွေကို စစ်ဆေးနေတုန်းမှာပဲ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ သံဃာတွေ စုဝေးနေတယ်လို့ သတင်းပို့တာကြောင့် ရဲချုပ်နဲ့အဖွဲ့ဟာ ကြေးသွန်းဘုရားဆီကို ပြန်လှည့်သွားပါတယ်။ စုဝေးနေတဲ့ သံဃာတွေနဲ့ ပြည်သူအင်အားတွေ ပိုပိုများလာတာကြောင့် အင်အားသုံးဖြိုခွဲဖို့ ဆုံးဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ အကြမ်းဖက်တပ်ခွဲတစ်ခွဲကို လှမ်းခေါ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြမ်းဖက်နှိမ်နှင်းရေးတပ်ခွဲက လမ်းမှာ ကားပျက်နေတာမို့ သတ်မှတ်ချိန်ထက် နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာ ပူးပေါင်းခဲ့ပါတယ်။
 ရဲတပ်ရင်းတစ်ခုအား ယာဉ်တင်အသင့်အနေအထားဖြင့် တပ်စုဖွဲ့ထားစဉ်

ဗဟန်း (၃) လမ်းဘက်ကနေ သံဃာတော် (၃၀၀) နဲ့ လူအင်အား (၅၀၀) လောက် တက်လာပြီး ခြင်္သေ့နှစ်ကောင် နေရာကနေ ဘုရားပေါ်တက်ဖို့ ကြိုးစားတာနဲ့ စောင်းတန်းတံခါးကို ပိတ်လိုက်ရပါတယ်။ ကြားတောရနဲ့ ဗဟန်း (၃) လမ်းကို ခမရ (၇) က တပ်ရင်းမှူး ဦးစီးတဲ့ တပ်ကို ပိတ်ဆို့ဖို့ တာဝန်ပေးလိုက်ပေမဲ့ ဆန္ဒပြသူတွေဘက်က လူအင်အားများတာကြောင့် မတားဆီးနိုင်ဘဲ ပြန်ဆုတ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ဦးထောင်ဘိုလမ်းဘက်ကနေ သံဃာတော် (၅၀၀) နဲ့ လူအင်အား (၁၀၀၀) ကျော်ပါတဲ့ အုပ်စုကြီး ထပ်ဝင်လာတာမို့ ရဲချုပ်တို့အဖွဲ့ရော၊ ရဲတပ်ရင်းတွေပါ ပိတ်မိသွားပါတယ်။ ဒါကြောင့်မို စစ်ကူလှမ်းတောင်းတာမို့ ခြောက်ထပ်ကြီးဘုရားနားမှာ ရှိနေတဲ့ ရဲတပ်ရင်း (၁) ကို စေလွှတ်ပေးခဲ့ရပါတယ်။ စောင်းတန်းမှာရှိနေတဲ့ သံဃာတော်တွေကို ဖမ်းဆီးဖို့ အလယ်ပစ္စယံမှာရှိနေတဲ့ စွမ်းအားရှင်တွေကို လွှတ်ပြီးခိုင်းခဲ့ပေမဲ့ မဖမ်းရဲပဲ လူအုပ်ကြားထဲ ၀င်ရောက်သွားတာမို့ စစ်ဒေသမှူးနဲ့ တပ်ရင်းမှူးတွေက ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။

နေ့လည် ၁၂ နာရီ ၃၀ လောက်မှာ ရဲချုပ်၊ ရဲတပ်ရင်းများကွပ်ကဲရေးမှူးတွေက သံဃာတော်ခေါင်းဆောင်တွေကို လူစုခွဲဖို့ ပြောနေတုန်းမှာပဲ ရုန်းရင်းဆန်ခတ် စဖြစ်ပါတယ်။ သံဃာတော်တချို့ခေါင်းပေါက်သူပေါက် ဖြစ်ကုန်ပြီး ကားပေါ်အတင်း ဆွဲတင်တဲ့အထိ ဖြစ်ကြတာမို့ နိုင်ငံတကာက ရှုတ်ချခဲ့ကြပါတယ်။ ဆန္ဒပြသူ လူအင်အားတွေ တဖြည်းဖြည်း များလာကြောင်း တင်ပြလာတာကြောင့် ငွေကြာယံကျောင်းတိုက်မှာ ရှိနေတဲ့ ရဲတပ်ရင်း (၃) က ထုတ်နုတ်စစ်ကြောင်းတစ်ခုကို ကန်တော်ကြီးစောင်းကနေ ပတ်ပြီးရှင်းလင်းဖို့ စေလွှတ်ပေးခဲ့ရပါတယ်။ လူထုနဲ့ သံဃာတော်ထုကြီးဟာ လှိုင်းလုံးကြီးတွေလို သိန်းနဲ့ချီပြီး ရှိလာတာမို့ လက်ရှိ ရဲတပ်ရင်းအင်အားနဲ့ မလုံလောက်ဖူးလို့ သုံးသပ်မိတာကြောင့် စစ်တပ်မှ အင်အားထပ်မံ ဖြည့်တင်းခဲ့ရပါတယ်။ အဲဒီ သံဃာ့အရေးအခင်းကာလမှာ ပူးပေါင်းခဲ့ရတဲ့ စစ်တပ်တွေကတော့ ခမရ (၁၀၁)၊ ခမရ (၇၀၁)၊ ခမရ (၇၀၂)၊ ခမရ (၇၀၃)၊ ခမရ (၇၀၄)၊ ခမရ (၇၀၅)၊ ခမရ (၇၁၀) တို့ဖြစ်ပါတယ်။ ဆန္ဒပြတဲ့သူတွေဘက်ကလည်း အုတ်ခဲကျိုးတွေ၊ ပုလင်းတွေ၊ ကျောက်ခဲတွေ၊ သစ်သားအတိုအစတွေနဲ့ ရဲတပ်ရင်းတွေဘက်က မျက်ရည်ဗုံးတွေ၊ မီးခိုးဗုံးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ရန်ကုန်မြို့တွင်းအနှံ့ တိုက်ပွဲများပြင်းထန်ခဲ့ကာ အချိန်အတန်ကြာမှ လူစုကွဲသွားတယ်လို့ သိရပါတယ်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။