Sunday, December 30, 2012

ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ်


တူမောင်ညို၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂ 

“သမ္မတ” ဖြစ်ချင်တာကစိတ်ကူးပဲ ၊ အဲဒီစိတ်ကူး အကောင် အထည်ဖြစ်လာဖို့ လက်တွေ့ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါကလူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “သမ္မတ” ဖြစ်ချင်တာဟာ စိတ်ကူး အဖြစ်ပဲတည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာ မဟုတ်ပါဘူး။
            “စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ချင်တာက လည်း စိတ်ကူးပဲ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါလည်း လူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ချင်တာကလည်း စိတ်ကူးဖြစ်ပဲ တည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ် လာ မှာမဟုတ်ဘူး။
           
အကြောင်းကြောင်းကြောင့် ပြည်ပရောက်တွေ ပြည်တွင်းပြန်ဝင် ပြီး (နိုင်ငံရေးလုပ်ချင်တယ် ဆိုရင်လည်း) “၂၀၀၈ အခြေခံ ဥပဒေ” ကို ပြင်ဆင်ရလိမ့်မယ်။ အခြေခံဥပဒေ ပုဒ်မ ၁၂၀ (ဂ) ကိုပြင်ရမယ်။
            “သမ္မတဖြစ်ချင်ရင်”၊
“စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်ရင်”၊
“ပြည်ပရောက်တွေ ပြည်တွင်းဝင်ပြီး နိုင်ငံရေး လုပ်ချင်ရင်”
လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။
            ဒါကြောင့် ယနေ့ကိစ္စအားလုံးရဲ့ ဆုံချက်ဟာ “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်နေတယ်။
            ၂၀၁၅ မှာ သမ္မတဖြစ်လာဖို့ စိတ်ကူးနေတယ်၊ မျှော်မှန်းနေ တယ် ဆိုရင် ၂၀၁၅ မတိုင်ခင် “၂၀၀၈ အခြေခံဥပဒေ” ကို ပြင်ဆင်ထား ရလိမ့်မယ်။ ပြင်ဆင်တယ် ဆိုတာမှာလည်း အပေါ်ယံလောက်ရှပ်ပြီး ပြင်တာမျိုးမဟုတ်ဘဲ၊ တကယ့်ကို အခြေခံကျကျ ပြင်ဆင်ရ မှာဖြစ်ပါ တယ်။
အပေါ်ယံလောက်ရှပ်ပြီးပြင်ဆင်တာမျိုး ဆိုတာဟာ အခြေခံဥပဒေ ပုဒ်မ ၅၉ ၊ ပုဒ်မ ၁၂၀ ၊ ပုဒ်မ ၁၂၁ တို့မှာ  ပြဋ္ဌာန်းထားတဲ့ အချက်တွေလောက်သာ ကွက်ပြီးပြင်ဆင်တာမျိုးကိုဆိုလိုပါတယ်။
အခြေခံကျကျပြင်ဆင်ရမယ်ဆိုတာကတော့ အစိုးရအဖွဲ့ ဝင်များနဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ မဲဆန္ဒနယ်များကနေ ပြည်သူလူထုမဲဆန္ဒနဲ့ ရွေးကောက်ပွဲမှာ တိုက်ရိုက် ရွေးချယ်တင်မြှောက် သူများသာ ဖြစ်ရပါမယ်။ စစ်ဦးစီးချုပ်တစ်ဦးတည်း ရဲ့သဘောထား ဆန္ဒ နဲ့ စိတ်ကြိုက်ရွေး စေလွှတ်တာ/ရုပ်သိမ်းတာတွေ လုပ်ပိုင်ခွင့်ရှိတဲ့ ပြဋ္ဌာန်းချက်များကို လုံးဝ ပယ်ဖျက်ပစ်ဖို့လိုအပ်ပါတယ်။
အခြေခံဥပဒေပုဒ်မ ၁၄၊ ပုဒ်မ ၇၄ (ခ)၊ ပုဒ်မ ၁၀၉ (ခ)၊ ၁၄၁ (ခ) နဲ့ ပုဒ်မ ၂၃၂ (ခ)ရှိ ပုဒ်မခွဲငယ် (၂) နှင့် (၃) တို့ကို လုံးဝ ပယ်ဖျက် ရပါ မယ်။
 တပ်မတော်ဟာ လွှတ်တော်နဲ့အစိုးရစီမံခန့်ခွဲမှုကို တိတိကျ ကျနာခံရပါမယ်။ စစ်ဦးစီးချုပ်ဟာ အစိုးရရဲ့အမိန့်ပေးညွန်ကြားမှုကို တိကျစွာလိုက်နာခံယူရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စည်းကမ်းသေဝပ်စွာ နေထိုင်လုပ်ကိုင်တဲ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း သာဖြစ်ရပါမယ်။ ရဲတပ်ဖွဲ့ဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီမံညွန် ကြားမှုအောက်မှာရှိရပါမယ်။  ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၂၀ ၊ ပုဒ်မ ၄၀ တို့မှာ ပြဋ္ဌာန်းထားတဲ့အချက်များကို မုချပြင်ဆင်ရမှာဖြစ်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆိုလျှင် လည်း အခြေခံဥပဒေ ပုဒ်မ ၈၊ ပုဒ်မ ၉ တို့ကို မုချပြင်ဆင်ရပါ လိမ့် မယ်။
 ဒါ့အပြင် တိုင်းရင်းသားတွေ တစ်လျှောက်လုံးရပ်ခံတင်ပြခဲ့ကြတဲ့ စစ်မှန်သောပြည်ထောင်စု (ဖက်ဒရယ်မူ) မှာ အခြေခံမူကြီး တွေအဖြစ်ပါဝင်တဲ့ – ဗမာပြည်နယ်ဖွဲ့စည်းရေး၊ လွှတ်တော်နှစ်ရပ်အာဏာတူပေးရေး၊ အထက် လွှတ်တော်သို့ တူညီသောလွှတ်တော် ကိုယ်စားလှယ်ဦးရေစေလွှတ်ရေး၊ ဗဟိုကိုအာဏာကန့်သတ်ပေးပြီး ပြည်နယ်များက ကျန်အာဏာများ ရယူရေး စတဲ့အချက်တွေကို ဘယ် လိုထည့်သွင်းပြဋ္ဌာန်း အကောင် အထည်ဖေါ်မလဲဆိုတာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
(ကျားဖြူပါတီ ကိုယ်စားလှယ် ဒေါ်နန်းဝါနု ကတော့ “၂၀၀၈ ဘောင်ထဲကနေ ဖက်ဒရယ်မူကို တစတစ ကျင့်သုံးနိုင်တယ်” လို့ ပြောပါတယ်)
 ဒီလိုအချက်တွေကို ပြင်ဆင်မှသာ အခြေခံကျကျပြင်ဆင် တယ် လို့ ပြောနိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် အပေါ်ယံရှပ်ပြီး အမည်ခံ ပြင်ဆင်တာမျိုးသာဖြစ်ပါလိ့မ်မယ်။
 ဒါကြောင့် အခြေခံကျပြီး ထင်သာမြင်သာရှိတဲ့ အချက်တွေကို အကြမ်းဖျဉ်း ကောက်နုတ်တင်ပြတာပါ။ အခြားပြင်ဆင်စရာ အချက် တွေကျန်ပါသေးတယ်။
နောက်တစ်ချက် က “၂၀၀၈ အခြေခံဥပဒေ” ကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ရှောရှောရှုရှု ပြင်ဆင်နိုင်ပ့ါမလား။
“၂၀၀၈အခြေခံဥပဒေ” ပြင်မလား/ မပြင်ဘူးလားဆိုတဲ့ အချက်ဟာ ကြံ့ဖွံ့ပါတီနဲ့ စစ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် တို့လက်ထဲမှာ ရှိနေတဲ့ကိစ္စဖြစ်ပါတယ်။
 သူတို့ကမှ ပြင်ဆင်ဖို့ သဘောထားမရှိရင် ပြင်ဆင်နိုင်ရေးက မလွယ်ရေးချ မလွယ်ပါဘူး။  ပြည်ထောင်စု လွှတ်တော် (ပြည်သူ့ လွှတ်တော်+အမျိုးသားလွှတ်တော်) အတွင်းလက်တွေ့တည်ရှိနေတဲ့ အမတ်ဦးရေအင်အားအချိုးအစားက အဲဒီအချက်ကိုထောက်ခံနေပါ တယ်။

ဒါကြောင့် “၂၀၀၈ အခြေခံဥပဒေ” ကို ၂၀၀၈ အခြေခံ ဥပဒေဘောင်ထဲကနေ ပြင်ဆင်နိုင်ရေးအတွက် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ကြံ့ဖွံ့ပါတီအကြီးအကဲ တို့၊  စစ်ဦးစီးချုပ်ဗိုလ်မင်း အောင် လှိုင်တို့နဲ့ တွေ့ဆုံပြီး သူ့တို့သဘောထား တီးခေါက်ကြည့်သင့် ပါတယ်။
 အခြေခံဥပဒေဆိုင်ရာခုံရုံး ပြန်လည်ဖွဲ့စည်းရေးကလည်း (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် “၂၀၀၈အခြေခံဥပဒေ” ပြင်ရမယ့် ကိန်းဆိုက်နေပါတယ်။ သူတို့ ပြင်ဆင်ထားတဲ့အတိုင်း “အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေ” အတည်ဖြစ်ဖို့ဆိုရင် အခြေခံဥပဒေထဲက ပုဒ်မ ၃၂၁၊ ပုဒ်မ ၃၂၃ နဲ့ ပုဒ်မ ၃၂၄ တို့ကို ပြင်ဆင်ဖို့လိုအပ်နေပါတယ်။
            ဒါကြောင့် (ဗိုလ်) ဦးသိန်းစိန်အစိုးရအတွက်ဖြစ်စေ၊ ဒီမိုကရေစီ အတိုက်အခံတွေအတွက် ဖြစ်စေ၊ တိုင်းရင်းသားအင်အားစုများ အတွက် ဖြစ်စေ   “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးဟာ လိုအပ်ချက်တစ်ခုဖြစ် နေ ပါတယ်။ ပြင်ဆင်လိုတဲ့ရည်ရွယ်ချက်နဲ့ အတိုင်းအတာကတော့ တူညီချင်မှ တူညီပါလိမ့်မယ်။

            “ (တခါသေဖူး ပျဉ်ဘိုးနားလည်) ဆိုတဲ့ စကားပုံလို၊ ခေါင်း ဆောင်တဦး သို့မဟုတ် ပါတီတခုရဲ့ စိတ်စေတနာ ယုံကြည်ကိုးစားနေ လို့မရတော့ပါဘူးလူဆိုတာ သင်္ခါရပါ၊ ပါတီအဖွဲ့အစည်းလည်း မတည်မြဲပါဘူး၊ ဒါကြောင့် ကျွန်တော်တို့အခွင့်အရေးတွေကို အဖြူအမဲ ခွဲခြား ပြီး ရေပက်မဝင်အောင်ရေးဆွဲထားဖို့ လိုအပ်လာတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။
            ပုဒ်မအချို့လောက်ပြင်လိုက်ရင် ဖြစ်နိုင်စရာကောင်းရဲ့လို့ အစ ပထမတွင်ယူဆခဲ့ကြပါသေးတယ်။
            ဒါပေမယ့်လက်တွေ့ခံစားရတဲ့ အတွေ့အကြုံနဲ့ယှဉ်တွဲပြီး အခြေခံဥပဒေကိုစိစစ်တဲ့အခါ၊ တခုနဲ့တခု ဆက်စပ်နေတာတွေ့မြင်လာ ရပါတယ်၊ အခြေခံမူတွေကို မပြင်ရင် မဖြစ်တာတွေ မြင်လာရပါတယ်။ ဒါကြောင့်လဲဘဲ အခြေခံမူကြီးတွေကို ပြုပြင်ပစ်ဖို့ ကျွန်တော်တို့တင် ပြလာရခြင်းဖြစ်ပါတယ်။
            ဥပဒေပြုစာရင်း အခွန်တော်စာရင်းတွေ ပြုပြင်ပေးခြင်းဖြင့် အခွင့်အရေးတွေ ပိုမရနိုင်ဘူးလားလို့ မေးရင် ရသင့်သလောက်ရပါ တယ်လို့ ဖြေရပါမယ်။
            ဒါပေမယ့်ဒီနည်းဟာ အခြေအမြစ်ကို မကုစားနိုင်ပါဘူး Palliative ခေါ်တဲ့ အပေါ်ယံလိမ်းဆေးနည်းဘဲ ဖြစ်ပါတယ်၊ အခြေအမြစ် ကို မကုစားနိုင်တဲ့အတွက် မကြာခဏ ဟိုကရောင် ဒီကဖောင်းနဲ့ ပြဿနာတွေ အစဉ်အမြဲ ပေါ်လာနေမှာမလွဲပါဘူး။
            ကျွန်တော်တို့ပြည်ထောင်စုစစ်စစ်မူဟာ အနာကို အခြေအမြစ် ကကုစားနိုင်တဲ့နည်းဘဲလို့ ကျွန်တော်တို့ ရိုးရိုးသားသား ယုံကြည် ကြပါတယ်” 

            အထက်ပါစကားတွေဟာ ၁၉၄၇ အခြေခံဥပဒေဘောင်ထဲကနေ “၁၉၄၇ အခြေခံဥပဒေ” ကိုပြင်ဆင်ပေးဖို့ ၁၉၆၂ ခုနှစ်၊ ဖေဖေါ် ဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့ လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲမှာ ဦးထွန်းမြင့် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှ ကောက်နုတ်ထားတာဖြစ်ပါတယ်။
            ၇ ရက်ခန့် အကြာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်းစစ်အုပ်စု က အာဏာာသိမ်းပါတယ်။
 “၁၉၄၇ အခြေခံဥပဒေ” ကို ဖျက်သိမ်းလိုက်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ” ကိုတော့ (နဝတ-နအဖ) စစ်အစိုးရက စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့ပြီး လက်ရှိ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ကို အမွေးစားအမွေခံအဖြစ် လွှဲအပ်ခဲ့တာပါ။ “၂၀၀၈ အခြေခံဥပဒေ” က စစ်ဦးစီးချုပ်ကို အာဏာသိမ်းခွင့်ပေးထားပါတယ်။
“၂၀၀၈အခြေခံဥပဒေ” ပြင်မလား/ မပြင်ဘူးလားဆိုတဲ့ အချက်ဟာ ကြံ့ဖွံ့ပါတီနဲ့ စစ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် တို့ဆန္ဒနဲ့ သဘောထားအပေါ်မှာတည်နေပါတယ်။
ဒါကြောင့် “၂၀၀၈အခြေခံဥပဒေ” မပြင်ဆင်နိုင်သေးဘူးဆိုရင် တော့ “သမ္မတဖြစ်ချင်တဲ့၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းချင်တဲ့၊ ပြည်တော်ပြန်နိုင်ငံရေးလုပ်ချင်တဲ့” ဆန္ဒတွေ ဟာ စိတ်ကူးယဉ်အိပ်မက် တွေ အဖြစ်သာ ရှိမြဲရှိနေပါလိမ့်မယ်။

ညွန်း
            – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
- ၁၉၆၂ ခုနှစ်၊ ဖေဖေါ် ဝါရီလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ဦးထွန်းမြင့် ပြောကြားခဲ့သော မိန့်ခွန်း၊ ဒို့တာဝန် ပုံနှိပ်တိုက်၊ ၃၀ -၃၂ သင်္ဂဟလမ်း၊ ကျောက်မြောင်း၊ ရန်ကုန်မြို့။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။