Sunday, December 2, 2012

ကြေးနီတောင်မှာ သွေးနီရောင်တွေ မြင်ရဦးမှာလား ..

(Dr. Lun Swe Blog)


မြန်မာနိုင်ငံမှာ ကြေးနီသတ္တုထွက်တဲ့ ကြေးနီတောင်တွေ မုံရွာတဘက်ကမ်းမှာ ရှိတယ်။ အဓိက ကြေးနီတွေ ထုတ်လုပ်လို့ ရတယ်။ အဲဒီကြေးနီတွေကို လူသတ်လက်နက် ကျည်ဆံတွေ ထုတ်တဲ့နေရာမှာ အသုံးပြုလို့ရတယ်ဆိုတာ လူတိုင်းသိချင်မှ သိမယ်။ လူတိုင်း မြန်မာပြည်သူပြည်သားတိုင်း သိနေကြတာက လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး ရပ်ဆိုင်းဖို့အတွက် ဒေသခံ ပြည်သူများနဲ့အတူ သံယာတွေ ပါဝင်ကန့်ကွက်နေကြတာကိုပဲ သိတယ်။ အဲဒီလို ကန့်ကွက်တာက ဒေသအကျိုး၊ ပြည်သူများရဲ့ အကျိုးအတွက် ဖြစ်တယ်။ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ကတော့ သူတို့အကျိုးအတွက် ကြေးနီထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းကို အထိခိုက်မခံချင်ကြဘူး။

အဲဒီကြေးနီထုတ်လုပ်ရေး စီမံကိန်းကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေကြရတယ်။ အိုးအိမ်တွေ ဖျက်ပေးရတယ်။ လယ်ယာမြေ ဧကထောင်ချီပြီး စွန့်လွှတ်ခဲ့ရတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ခံစားနေရတယ်။ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်။ ကိုယ်အင်္ဂါ ထိခိုက်မှုတွေ ဖြစ်နေတယ်။ အသက်ရှုလို့မရတဲ့ ရောဂါတွေ ရနေတယ်။ ဒါတွေ မကြည့်ရက်လို့ ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းဖို့ ဒေသခံတွေနဲ့အတူ သံယာတော်တွေ ပါဝင်လာကြတာဖြစ်တယ်။ ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းပေးဖို့ တောင်းဆိုကြတာ ၆ လလောက် ရှိပြီ။ ခုချိန်ထိ တာဝန်ရှိသူတွေက ပွင့်လင်းမြင်သာစွာ အဖြေမပေးခဲ့ဘူး။ ပိုပြီးဆိုးတာက အဲဒီလုပ်ငန်းက ရတဲ့ အကျိုးအမြတ်တွေကို ဘယ်လိုသုံးတယ်၊ ဘယ်လိုနေရာမှာ သုံးတယ်ဆိုတာ ပွင့်လင်းမြင်သာမှု မရှိဘူး။ ပြည်သူက တင်မြောက်တဲ့ အစိုးရ မဟုတ်ဘဲနဲ့ အာဏာသိမ်းတဲ့ စစ်အစိုးရက ထင်ရာတွေလုပ် အလွဲသုံးစားမှုတွေဖြစ်လို့ တိုင်းပြည်ဆင်းရဲသွားတာ၊ အကြွေးတွေ တင်သွားတာ ခုချိန်ထိ ရှင်းလို့ မပြီးသေးဘူး။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ မေးစရာ မလိုဘူး။ နောက်ပြီး စစ်အစိုးရရဲ့အမွေကို ဆက်ခံတဲ့ ကြံ့ဖွတ်အစိုးရ ဆိုတာကလည်း ဒီပုတ်ထဲက ဒီပဲတွေပဲ။ ဒီတော့ကာ လုပ်ချင်ရာလုပ်ခဲ့တဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ဥပဒေတွေ အမျိုးမျိုးထုတ် ကန့်သတ်ချက်တွေ အမျိုးမျိုးနဲ့ ကာကွယ်ပြီး တကိုယ်ကောင်း တဖက်သတ် လုပ်ရပ်တွေကို ဖုံးဖိလို့ မဆုံးတော့ဘူး။

နိုဝင်ဘာ ၂၃ ရက်နေ့ (ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့) မှာတာ့ ပုလဲမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ စပယ်တောင်ကြေးနီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွတ်လပ်သည့် ကော်မရှင် ဖွဲ့စည်းစုံစမ်း စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့သဖြင့် လွှတ်တော်က သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် စုံစမ်းရေးကော်မရှင် မဖွဲ့ရသေးဘူး၊ ညှိနှိုင်းစုံစမ်းမှုတွေ မလုပ်ရသေးခင် အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမှု လုပ်တယ်ဆိုတာ ရိုးသားရဲ့လား၊ စဉ်းစားစရာတွေ အများကြီးရှိတယ်။

လက်ပံတောင်းတောင် ကြေးနီသတ္တုသိုက်ကြီးဟာ ဒီနေ့ကမ္ဘာပေါ်မှာ မထုတ်လုပ်ရသေးတဲ့ အကြီးမားဆုံး သတ္တုသိုက်ကြီး ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာတော့ မြန်မာအိုင်ဗင်ဟိုကုမ္မဏီရဲ့ တိုင်းတာတွက်ချက်မှုအရ ကြေးနီသတ္တု ၀.၃၈ ရာခိုင်နှုန်း ပါဝင်နေသော ကြေးနီသတ္တုရိုင်း တန်ချိန် ၁,၄၇၈ သန်းခန့် ရှိနိုင်ကြောင်း သိရတဲ့အတွက် မူလကုမ္မဏီကို စွန့်လွှတ်ပြီး နအဖအစိုးရ အာဏာမလွှဲမီကလေးမှာပဲ သတ္တုတွင်းဝန်ကြီးဌာနရဲ့ အများပြည်သူပိုင်ဘ၀ကနေ တပ်မတော်ဦးပိုင်အတွက် လွှဲပြောင်းပေးခဲ့တာတွေကလည်း ရိုးသားမှန်ကန်မှု မရှိခဲ့ဘူး။ ပြီးတော့ ဒေသခံ ပြည်သူတွေကို နားလှည့်ပါးရိုက်တဲ့ အစီအစဉ်တွေနဲ့ တရုတ်-၀မ်ပေါင်ကုမ္ပဏီက လုပ်ခဲ့တယ်။ အဲဒီကုမ္မဏီက လက်နက်ထုတ်တဲ့ ကုမ္ပဏီဖြစ်လို့ အဲဒီ တူးဖော်ရရှိတဲ့ ကြေးနီတွေနဲ့ ကျည်ဆံတွေ လက်နက်တွေ ထုတ်ကြမှာပါ။

ဒေသခံတွေအပေါ် ရိုင်းရိုင်းပြပြ ဆက်ဆံတဲ့ ၀မ်ပေါင်ကုမ္မဏီဟာ သီးနှံလျော်ကြေး ၃ နှစ်စာ ပေးတဲ့ငွေနဲ့ ပြီးပြတ်နေတာကြောင့် နစ်နာတဲ့ ဒေသခံတွေနဲ့ ပဋိပက္ခ စဖြစ်ခဲ့ရာမှ မြန်မာတို့ရဲ့ တန်ဆောင်မုန်း လပြည့်နေ့ နိုဝင်ဘာ ၂၈ ရက်နေ့အကျော် နိုဝင်ဘာ ၂၉ ရက် နံနက်လင်းအားကြီး ၃ နာရီမှာ သပိတ်စခန်းတွေကို ၀င်ရောက်စီးနင်း ပစ်ခတ်ရိုက်နှက်ခဲ့ကြပါတယ်။ အဲဒီလုပ်ရပ်မှာ လုံထိန်းရဲတွေက သတင်းဌာန ကားတွေနဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးကြတယ်။ ဆီပုံး၊ ဆန်အိတ်နဲ့ စောင်တွေကို ခွဲတမ်းချပြီး ယူတယ်။ ငတ်ပြတ်နေတဲ့ လုံထိန်ရဲတွေကို ၀မ်ပေါင်ကုမ္မဏီက တနေ့ ကျပ် ၂,၀၀၀ ပေးတာ မလောက်တဲ့အကြောင်း ရဲတချို့က ရင်ဖွင့်ကြတယ်။ သံယာတွေကို လှူထားတဲ့ ဆန်အိတ်နဲ့ ဆီပုံးတွေကို အရက်နဲ့ လဲသောက်ကြတယ်လို့ ဆိုင်ရှင်တွေက ပြောတယ်။ ဒီကိစ္စမှာ ရဲတွေအတွက် ပွဲတော်ကြီး ဖြစ်သွားတာပေါ့။

အနားယူ ကျိန်းနေအိပ်နေတဲ့ သံယာတော်များကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် ၀င်စီးမှုဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက တောင်ဥက္ကလာ ငွေကြာရံကျောင်းတိုက်ကို ၀င်စီးတာမျိုး ဒုတိယအကြိမ် ဖြစ်ပေမယ့် ခုဖြစ်ရပ်က လူမဆန်ဆုံး ရက်စက်မှု အကြီးမားဆုံး ဖြစ်ရပ်ဆိုတာ ငြင်းလို့ မရတော့ပါဘူး၊ ဒဏ်ရာရ သံယာထဲမှာ စိုးရိမ်ရတဲ့ အခြေအနေရှိတဲ့ သံယာ ၁၅ ပါး မုံရွာဆေးရုံမှာ ရှိတယ်လို့ သိရတယ်။ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူကလည်း သံယာတွေရတဲ့ ဒဏ်ရာဟာ အတွင်းထဲထိ ရောက်နေတယ်လို့ ပြောတယ်။ မေတ္တာသုတ်ရွတ်ပြီး ဆန္ဒပြရုံလေးနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်ရက်တဲ့ တာဝန်ရှိသူတွေကို ဘယ်လို အရေးယူမှာလဲ။ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးမယူသင့်ဘူးလား။ ရခိုင်မှာ လူသတ် အိမ်မီးရှို့တဲ့ ကိစ္စမှာတောင် ဒီလို မီးလောင်ဗုံး မသုံးဘူးဆိုတာ သတိထားသူတိုင်း သိကြပါတယ်။

တာဝန်ရှိသူတွေက မီးခိုးဗုံးတွေပါ။ မျက်ရည်ယိုဗုံးတွေပါလို့ ဆင်ခြေပေး ပြောဆိုနေကြပေမယ့် မီးလောင်ဒဏ်ရာတွေနဲ့ ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ သံယာတော် ၅၀ ကျော်ကိုတော့ မုံရွာဆေးရုံနဲ့ မန္တလေးဆေးရုံတွေမှာ သက်သေခံအဖြစ်နဲ့ မြင်နိုင်ပါတယ်။

အရပ်သားဒေသခံတွေလည်း ဒဏ်ရာတွေရကြပေမယ့် အဖမ်းခံရမှာ ကြောက်လို့ ကျိတ်ကုနေကြသူများလည်း ရှိနေကြပါတယ်။ အဓိက ပြောချင်တာကတော့ လုံထိန်းရဲတွေက အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွဲမှုမှာ မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရပြီး အရေပြားတွေ စုတ်ပြဲ ရုပ်ပျက်ဆင်းပျက် ဒဏ်ရာတွေက မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးတွေပါလို့ ဗြောင်လိမ်ဗြောင်ငြင်းသူတွေ မရှက်ကြဘူးလား။

ကိုယ့်တူကိုယ့်သား၊ ကိုယ့်အဖေကိုယ့်အမေနဲ့ ညီအစ်ကိုမောင်နှမ တော်စပ်သူတွေ ခုလို အကြမ်းဖက်ခံရရင် ဘယ်လိုခံစားကြမလဲ။ ကိုယ်ချင်းစာကြည့်ကြပါ။ မန္တလေးက ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ သက်တော် ၆၄ နှစ်ရှိ ပုလဲမြို့နယ် မင်းတိုင်းပင်ကျေးရွာ ခေါ်သံနီတောရက ဆရာတော် ဦးတိက္ခဥာဏရဲ့သားက ဆရာဝန်တဦးဖြစ်ပေမယ့် သူ့ဖခင် ဘုန်းတော်ကြီးကို ခွဲစိတ်ကုသဖို့ အကြာကြီး စောင့်ရကြောင်း၊ နံနက် ၇ နာရီခွဲက စောင့်တာ နံနက် ၁၁ နာရီကျော်မှ ခွဲစိတ်ကုသခွင့်ရကြောင်း၊ မိသားစုကို စိတ်ဒုက္ခများစွာပေးခဲ့ကြောင်း၊ ကိုယ်တိုင် ဆရာဝန်ဖြစ်တာမို့ ဘာကြောင့် အချိန်ဆွဲနေတာကို သိကြောင်း ရင်ဖွင့်ခဲ့ပါတယ်။

ဖြစ်ရပ်မှာတော့ ရေနဲ့ အရင်ပက်ဖျန်းပြီးမှ ဗုံးခွဲတာဆိုတော့ ရိုးသားမှုရှိပါ့မလား။ မီးခိုးဗုံးမှာ ဖော့စဖိတ် ထည့်ထားရင် ရေနဲ့ထိပါက အသားပိုပြဲပြီး ဗုံးက ပိုပြီး ပြင်းထန်စေတယ်။ အရေပြားကို မီးလောင်ကျွမ်းမှု ပိုပြီး အားပေးတယ်။ အသားအရေခွံတွေ စုတ်ပြဲစေတယ်လို့ ဓာတုဗေဒပါမောက္ခဟောင်း ဒေါက်တာခင်မောင်ညိုက ရှင်းပြခဲ့တယ်။ မီးခိုးဗုံးနဲ့ မျက်ရည်ယိုဗုံးကြောင့် ဒီလို မီးလောင်ဒဏ်ရာ ရတယ်ဆိုတာ ဓာတုဗေဒပညာအရ မဖြစ်နိုင်ကြောင်း ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် အခုအထိ မီးလောင်ဗုံး မသုံးဘူးလို့ ပြောနေတုန်း၊ နိုင်ငံတကာစံချိန်နဲ့အညီ ဆန္ဒပြသူတွေကို ဖြိုခွဲတယ်လို့ ပြောနေတုန်း။ ကြုံတုန်းပြောရဦးမယ်။ ရေနီစက္ကူစက်နားမှာ အင်အား ၅၀ ရှိတဲ့ ရဲနဲ့ စွမ်းအားရှင်တွေက နေပြည်တော်ကို လမ်းလျှောက်နေတဲ့ (ဆန္ဒပြခြင်း၊ အော်ဟစ်ခြင်း၊ ဆိုင်းဘုတ်ကိုင်ခြင်း မရှိတဲ့) မိုးထိမိုးမိက ရွှေလုပ်သား အလုပ်သမားခေါင်းဆောင် ၄ ဦးကို အကြမ်းဖက် ရိုက်နှက်ပြီး ဖမ်းသွားတာကကော နိုင်ငံတကာစံနှုန်းတဲ့လား။

ကပစ လို့ လူသိကြတဲ့ ကာကွယ်ရေးပစ္စည်း စစ်လက်နက်ပစ္စည်းထုတ် စက်ရုံ အမှတ် ၃ အလုပ်ရုံခွဲမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်း (ငြိမ်း) က “စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ်ရှိကြောင်း၊ ပေ ၂၀ လောက် မီးညွန့်တွေ ပန်းထွက်တတ်ကြာင်း၊ စစ်မြေပြင်မှာ သာမန်လက်နက်နဲ့ ဖြိုခွင်းလို့ မရနိုင်တဲ့ ဘန်ကာတွေ၊ ဗုံးကျင်းတွေ၊ အဆောက်အအုံတွေကိုသာ အသုံးပြုခွင့်ရှိပြီး ဂျီနီဗာကွန်ဗင်းရှင်းအရ လူမဆန်တဲ့ လက်နက်ဖြစ်လို့ သုံးခွင့်ပိတ်ခဲ့ကြောင်း၊ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ မီးစုံးဗုံး၊ နဗမ်းဗုံးတွေမှာတော့ ဓာတုဆေးရည်၊ ဓာတုဆေးမှုန့်တွေ ထည့်ထားကြောင်း၊ ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီဓာတုပစ္စည်းတွေ မကုန်မချင်း မီးလောင်စေတယ်၊ ဘာနဲ့မှ ငြှိမ်းလို့ မရဘူး၊ လက်ပံတောင်းတောင်မှာ ဆန္ဒပြသူတွေ နှိမ်နင်းရာမှာ အဲဒီလို ပစ္စည်းတွေကို သုံးခဲ့တယ်ဆိုရင် နိုင်ငံတကာရာဇ၀တ်မှုကြီးတစ်ခု ကျူးလွန်လိုက်တာပဲ” လို့ ပြောပါတယ်။

ဒီတော့ လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုက ဘယ်သူမှာ တာဝန်ရှိသလဲ။ အပြစ်ပေး အရေးယူရုံနဲ့ ပြီးမှာလား။ ခံရတဲ့ သံယာတွေ လူတွေကို တောင်းပန်ရုံနဲ့ ပြီးမှာလား။ သမ္မတကို တင်ပြပေးမယ်ဆိုတဲ့ ၀န်ကြီးဦးအောင်မင်းက တရုတ်ကို ကြောက်ရကြောင်း၊ တရုတ်ကို ကျေးဇူးဆပ်သင့်ကြောင်း ပြောပြီး မကြာခင်မှာ ဖြိုခွဲခံရတာကလည်း ပြောစရာ ဖြစ်နေပြီ။ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး ဆိုတာလည်း လူကြမ်းကြီးတယောက်ပဲ။ သူကကော တာဝန် မရှိဘူးလား။ ဦးအောင်မင်းနဲ့ ဦးသာအေးတို့ တာဝန်ရှိသင့်သလောက် ရှိပေမယ့် ဆုံးဖြတ်အမိန့်ပေးသူက ပိုပြီး တာဝန်ယူရမှာဖြစ်တယ်။ သံယာတွေကို တောင်းပန်ရုံနဲ့ မပြီးနိုင်ဘူး။ ကိုယ်အင်္ဂါ ပျက်ယွင်းမှုအတွက် လျော်ကြေး ထိုက်ထိုက်တန်တန် ပေးပြီးမှ တောင်းပန်သင့်တယ်။ ဘုန်းကြီးကို ခေါင်းခေါက်ပြီးမှ တောင်းပန်တယ်ဆိုတဲ့ မြန်မာစကားပုံထက် ပိုပြီး ပြင်းထန်နေတယ်။ သီတဂူ ရေအလှူဆရာတော် သဲကုန်းအသျှင်ဥာဏိသရက (ဒီသင်္ကန်းတွေ သိမ်းထားကြ၊ ကိုယ်တော်တို့ ကမ္ဘာကျော်မယ့် သင်္ကန်းတွေ ဖြစ်တယ်။ ကျုပ်မှာ ဒီလိုသင်္ကန်းမျိုး မရှိဘူး) ဟု မိန့်တော်မူခဲ့တာကတော့ မုံရွာဆေးရုံမှာ တက်ရောက်ကုသနေတဲ့ သံယာတော်တွေကို သွားရောက်အားပေး ထောက်ပံလှူဒါန်းပြီး အားပေးမိန့်ကြားမှုတခုပါပဲ။

NLD ဥက္ကဌ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဒီကိစ္စအတွက် တာဝန်ရှိနေတယ်။ သူပြောသလို သံယာတော်တွေနဲ့ ဒေသခံတွေကို ၀န်ချတောင်းပန်ရုံနဲ့ မပြီးသေးဘူး။ တကယ်တာဝန်ရှိသူကို အရေးယူဖို့ လိုတယ်ဆိုတာရယ် ... နိုင်ငံရေး၊ လူအခွင့်အရေး၊ ပါတီအဖွဲ့စည်းအားလုံးနဲ့ ပြည်ပမှာရှိတဲ့ ဒီမိုကရေစီ လိုလားသူတွေ အားလုံးက ကန့်ကွက်ကြောင်း ရှုတ်ချကြောင်း ဒီမိုကရေစီပုံစံနဲ့ မကိုက်ညီကြောင်း၊ စစ်အစိုးရလုပ်ရပ်မျိုးဖြစ်ကြောင်း ထုတ်ဖော်နေကြတာတွေရယ် ကြားနေရတယ်။

တခု သိထားရမှာက ဦးအောင်မင်းလို ၀န်ကြီးအဆင့် ဦးသာအေးလို တိုင်းဒေသကြီး ၀န်ကြီးချုပ်အဆင့်နဲ့ ဒီလိုအကြမ်းဖက်မှု၊ အင်အားသုံး ဖြိုခွဲမှုမျိုးကို အမိန့်မပေးနိုင်ဘူး။ သတင်းထုတ်ပြန်ရေးအဖွဲ့က ရုပ်သိမ်းလိုက်တဲ့ ကြေညာချက် ၁၁/၂၀၁၂ ထဲမှာ မူမမှန်တာတွေ ပါနေလို့ သမ္မတ ဖျက်သိမ်းခိုင်းတာ ဖြစ်နိုင်တယ်၊ နာရီပိုင်းအတွင်းမှာ ခုတမျိုး တော်ကြာတမျိုး ဖြစ်သွားတာပေါ့၊ ဒီလို ချက်ချင်း ပြင်တာမျိုးက အရင်က မရှိဘူးသေးဘူး။

ဒီကိစ္စက ပေါ့ပေါ့သေးသေး မဟုတ်တော့ဘူး။ နိုင်ငံတကာကလည်း သိနေကြပြီ။ ဘယ်လို လုပ်ကြမလဲ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပျော့ပျော့လေးနဲ့ နံလို့ရပါ့မလား။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စ ဒီလောက်နဲ့ ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ခန့်မှန်းလို့ရတယ်။ အဓိက ပြောချင်တာကတော့ စိမ်းလန်းစိုပြေတဲ့ ကြေးနီတောင် ပတ်ဝန်းကျင်တွေကို မြေတူးစက် မြေထိုးစက်တွေနဲ့ တူးပြီး လက်ပံတောင်းတောင်ကြီးရဲ့ အသားတွေကို လှီးကြ ဖဲ့ကြ ခုတ်ကြ ထစ်ကြ ထိုးကြ ဖောက်ကြ၊ လက်ပံတောင်းတောင်ရဲ့ အူတွေ အသည်းတွေကို နုတ်ယူနေကြမယ်၊ တောင်ကြီးကို ထွင်းဖောက် မိုင်းတွေမြုပ် ဖောက်ခွဲပြီး ရဲရင့်ပြတ်သားတဲ့ ဒေသခံတွေရဲ့ဆန္ဒကို ဆန့်ကျင်နေကြမယ်၊ ပတ်ဝန်းကျင်ထိခိုက်မှုတွေကို အခုလို ဆက်ပြီး လစ်လျူရှုနေဦးမယ်ဆိုရင်တော့ ကြေးနီတောင်မှာ သွေးနီရောင်တွေ ထပ်ပြီး မြင်ရဦးမှာ စိုးရိမ်မိပါတယ်။

စိန်သံလုံး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။