Thursday, December 20, 2012

(လေ) နှစ်ပတ်လည်နေ့မှာ အကျဉ်းခံအရာရှိတွေကို လေချုပ် မေ့လျော့နေသလား

(စည်းလုံးခြင်းရဲ့အင်အား)


လေကြောင်းစွမ်းရည်ပြ လေသူရဲများအား ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်နေစဉ်

(၆၅) နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက်နေ့က မိတ္တီလာမြို့ရှိ လေတပ်စခန်း ဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ထူးခြားတာက အဲဒီအခမ်းအနားမှာ ငှက်ငါးမျိုးကို တစ်မျိုးကို ငှက် (၆၅) ကောင်နှုန်းနဲ့ စုစုပေါင်း (၃၂၅) ကောင်ကို လွှတ်လိုက်တယ်လို့ သိရပါတယ်။ ယခင် တပ်မတော် (လေ) မွေးနေ့တွေမှာ ယခုလိုမျိုး လုပ်လေ့လုပ်ထ သိပ်မရှိတာကြောင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းတစ်ယောက် စတန့်ထွင်တာလား၊ ယတြာအစီအမံတွေပဲလားဆိုတာ စဉ်းစားစရာဖြစ်တယ်လို့ ကက (လေ) မှ အရာရှိတချို့က ပြောလာပါတယ်။ ဒါ့အပြင် မွေးနေ့ကိတ်ကို အမှတ်တရလှီးပြီး စားသုံးကြတယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် ကိတ်မုန့်ကို လှီးဖြတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သက်ရှိ လူမွေးနေ့ဆိုရင် သဘာဝကျပေမဲ့ တပ်မတော် (လေ) အခမ်းအနားဟာ သက်မဲ့ရုပ်ဝတ္တု ကိုယ်စားပြုဖြစ်တာမို့ ကိတ်မုန့်အား လှီးရတာကို ကြည့်ရတာဟာ တမျိုးကြီးဖြစ်နေတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုကြပါတယ်။
 
 (၆၅) နှစ်မြောက် တပ်မတော် (လေ) မွေးနေ့တွင် F -7 နှင့် MiG - 29 လေယာဉ်များဖြင့် လေကြောင်းစွမ်းရည်သရုပ်ပြနေစဉ်

ထိုင်းနိုင်ငံကို အားကျပြီး ပြန်ရောက်လာတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိအားကြောင့် လေတပ်က စွမ်းရည်ပြဖို့ ဘုရားအာရုံပြုပြီး မမောနိုင်မပန်းနိုင် မကြာခဏ လေ့ကျင့်နေရပါတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ယခင်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွေက တပ်မတော် (လေ) နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းတာကြောင့် စက်သုံးဆီအပါအ၀င် ဘက်ဂျက်ခွဲတမ်းမှာ လျော့နည်းလေ့ရှိရာ လေ့ကျင့်မှုအပိုင်းမှာလည်း အားနည်းခဲ့ရပါတယ်။ ယခုအချိန်မှာတော့ ပံ့ပိုးမှုများလာလို့ လေ့ကျင့်မှုစွမ်းရည်မြင့်မားလာပြီး လေကြောင်းစွမ်းရည်ပြပွဲတုန်းက လေသူရဲများရဲ့ စွမ်းပကားတိုးတက်လာမှုဟာ ချီးမွမ်းစရာဖြစ်လာပါတယ်။ ဒါမှ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းတစ်ယောက် လေယာဉ်တွေထပ်ဝယ်ပေးဖို့ ဘက်ဂျက်တိုးတောင်းခွင့် ရလာတော့မှာ ဖြစ်ပါတယ်။ ကိုမြတ်ဟိန်းတစ်ယောက် ပီတိတွေဖြာနေသလို လေ့ကျင့်ဆီများထုတ်ရောင်းဖို့ ကြိတ်ကြံနေသူများကလည်း ရင်ထဲမှာ ကုလားဘုရားလှည့်နေလောက်ပြီဟု ကက (လေ) နဲ့နီးစပ်သူများက ဆိုပါတယ်။ မွေးနေ့ပွဲမှာ ၀မ်းသာသူတွေရှိနေသလို စိတ်မကောင်းသူတွေကတော့ လုပ်ဖော်ကိုင်ဖက် တပ်မတော် (လေ) အရာရှိတချို့ဖြစ်ပြီး လေတပ်ရဲ့ ခံစားချက်တွေကို စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်ပေါ်တွင် တင်ပေးမိလို့ နှစ်ရှည်ထောင်ဒဏ်ကျခံသွားရရှာတဲ့ အရာရှိတွေကို ငှက်တွေအစား လွှတ်ပေးရင် ပိုပြီးသဘာဝကျ ပီတိဖြာသွားလိမ့်မယ်လို့ ပေးပို့ တင်ပြသွားကြပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။