Sunday, December 16, 2012

လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

ယခင် န၀တအစိုးရလက်ထက်တုန်းက တပ်မတော်ခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား မဟာဗျူဟာအရ နိုင်ငံတော်အတွက် အရေးကြုံလာလျှင် စစ်တပ်ရဲ့အရန်အင်အားအဖြစ် ဖွဲ့စည်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီကို ၁၉၉၅ ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းပြီး အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်က ကြီးကြပ်ကာ မူဝါဒများ ချမှတ်ပေးခဲ့ပါတယ်။ စစ်တပ်ပုံစံမျိုးဖြစ်သည့် ရဲဦးစီးအရာရှိချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်အပြင် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူးအား ရဲမှူးချုပ်ရာထူးပေးကာ ထိပ်ပိုင်းမှာ ဒုရဲချုပ်နဲ့ ရဲချုပ်များက ကွပ်ကဲစေပါတယ်။ ရဲတပ်ရင်းများကွပ်ကဲရေးမှူးဟာ နောက်ပိုင်းမှာ စစ်တပ်က တပ်မတော် (ကြည်း) စစ်ဆင်ရေးအထူးအဖွဲ့မှူးရာထူးနဲ့ အသွင်သဏ္ဍာန် တူလာပါတယ်။

ရွေးကောက်ပွဲအပြီး အစိုးရအသစ် တက်လာချိန်မှာတော့ ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ပေးလာသဖြင့် သံဆူးကြိုးခွေများ၊ ချပ်ဝတ်တန်ဆာ၊ ဆက်သွယ်ရေး အိုင်ကွန်စက်များ၊ ဆက်သွယ်ရေးပင်မအထိုင်စက်များ၊ ဆက်သွယ်ရေး ကြားဖြတ်ဖမ်းယူရေးစက်များ၊ မိုင်းရှင်းရာတွင်သုံးသော Jumper Vehicle များ၊ VIP ရှေ့ပြေး လမ်းကြောင်းရှင်းယာဉ်များ၊ လမ်းကြောင်းရှင်း ရှေ့ပြေးမော်တော်ဆိုင်ကယ်များ၊ ကင်းလှည့်မော်တော်ယာဉ်များ၊ အဓိကရုဏ်းနှိမ်နှင်းသည့်ဒိုင်းများ၊ အပိုဆောင်းထောက်ပံ့ကြေးတစ်ဦးလျှင် အဆင့်မခွဲပဲ တစ်လလျှင် ကျပ် (၂၀၀၀၀) ပေးခြင်း စတာတွေကို ပံ့ပိုးထောက်ပံ့ပေးလာပါတယ်။ ရန်ကုန်မြို့တော်အပါအ၀င် တိုင်းနဲ့ပြည်နယ်မြို့တွေမှာ စစ်တပ်ကတော်တော်များများနေရာယူထားတဲ့ လုံခြုံရေးဧရိယာများမှ ရုတ်သိမ်းသွားပြီး ရဲကအစားထိုး ၀င်ရောက်လာတာကို တွေ့ရှိရပါတယ်။ ရဲချုပ်ခင်ရီလက်ထက်တွင် သတင်းစာရှင်းလင်းပွဲများမှာ ရဲချုပ်ကိုယ်တိုင် ပြုလုပ်ရသဖြင့် ရဲတပ်ဖွဲ့ရဲ့အခန်းကဏ္ဍ ပိုမိုပေါ်လွင်လာစေပါတယ်။

ရဲတပ်ဖွဲ့များကိုလည်း စစ်ရေးပြလေ့ကျင့်မှု ပြင်းပြင်းထန်ထန် လေ့ကျင့်ခိုင်းသလို စစ်တပ်ပုံစံမျိုး သွတ်သွင်းစေခဲ့ပါတယ်။ ယခင်က ဒုရဲအုပ်အပြာခံဆိုတဲ့အဆင့်ဟာ ပြဿနာရှိလို့ ပယ်ဖျက်ပေးခဲ့ပါတယ်။ ရဲတပ်ရင်းများကိုလည်း စစ်တပ်တပ်ရင်းပုံစံအတိုင်း၊ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရေး၊ တပ်ထောက်ဆိုပြီး ဖွဲ့စည်းပုံပြင်ကာ ခေတ်မီမောင်းပြန်သေနတ်များကို တပ်ဆင်စေပါတယ်။ ယခင်က ရဲတပ်ရင်းများဟာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ဖျား၊ နယ်စွန်နယ်ဖျားတွေမှာဖွင့်လို့ ရဲတပ်ရင်းများကို ဘေးမဲ့တောပို့တဲ့ဌာနလို့ ရဲအရာရှိများက သမုတ်ကြပါတယ်။


ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များလိုက်ပါလာသော ကင်းလှည့်ယာဉ်တစ်စီး

ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူးရုံးများကို ယခင်က ရဲသင်္ချိုင်းလို့ခေါ်တွင်ခဲ့ရာမှ ယခုအခြေအနေမှာ အရေးပါတဲ့ အနေအထားသို့ ရောက်ရှိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူးရုံးများရဲ့ အခန်းကဏ္ဍဟာ အောက်ပါတာဝန်တွေကြောင့် ကြီးမားကျယ်ပြန့်လာတာကို တွေ့ရှိရပါတယ်။

၁။ ဆူပူအကြမ်းဖက်မှုနှင့် အဓိကရုဏ်းနှိမ်နင်းခြင်း၊

၂။ နိုင်ငံတော်ဧည့်သည်များနှင့် အကြီးအကဲများလုံခြုံရေး ဆောင်ရွက်ခြင်း၊

၃။ နိုင်ငံတော်အခမ်းအနားများ၊ အစည်းအဝေးများ၊ ရွေးချယ်တင်မြှောက်ပွဲများ ပွဲလမ်းသဘင်နှင့် နေ့ကြီးရက်ကြီးများ လုံခြုံရေးဆောင်ရွက်ခြင်း၊

၎။ အရေးကြီးပုဂ္ဂိုလ်အိမ်နှင့် ရုံး /ဌာန အဆောက်အဦး လုံခြုံရေးဆောင်ရွက်ခြင်း၊

၅။ သံရုံးနှင့်သံတမန်နေအိမ်များ လုံခြုံရေးဆောင်ရွက်ခြင်း၊

၆။ အရေးကြီးဆည်မြောင်းတာတမံ၊ စက်ရုံအလုပ်ရုံ၊လမ်း တံတားများ လုံခြုံရေးဆောင်ရွက်ခြင်း၊

၇။ နိုင်ငံခြားကျောင်း/ဌာန လုံခြုံရေးဆောင်ရွက်ခြင်း၊

၈။ အရေးကြီးကုန်ပစ္စည်း သယ်/ပို့ လုံခြုံရေး ဆောင်ရွက်ခြင်း၊

၉။ ကမ်းရိုးတန်းသွားသင်္ဘော လုံခြုံရေးဆောင်ရွက်ခြင်း၊

၁ဝ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ခြင်း၊

အဲဒီတာဝန်တွေကို ကြည့်ရင် ၂၀၀၀ ခုနှစ်အလွန်က ရေးဆွဲထားတဲ့ ရဲတပ်ဖွဲ့ရဲ့အနှစ် (၃၀) စီမံကိန်းမှာ ရဲတပ်ရင်းများရဲ့ ဖွဲ့စည်းပုံတိုးချဲ့မှုအစီအစဉ်တွေ အရင်ကနဦးက မပါဝင်ခဲ့သော်လည်း အရပ်သားအစိုးရတက်လာမှာဖြစ်လို့ ဖုတ်ပူမီးတိုက်ဖြည့်စွက် ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဆူပူအကြမ်းဖက်မှုနှင့် အဓိကရုဏ်းနှိမ်နှင်းရေးတာဝန်ကို စစ်တပ်က မလုပ်တော့ပဲ ရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်အဖြစ် ကိုင်တွယ်ထမ်းဆောင်ရတော့မှာဖြစ်လို့ ရဲတပ်ရင်းများရဲ့ ဖွဲ့စည်းပုံတွေနဲ့ အင်အားတွေကို အဆမတန် တိုးချဲ့လာရပါတယ်။

 နေပြည်တော်ရှိ လမ်းဆုံတစ်ခုတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ရင်းတစ်ရင်းမှ ရဲတပ်ဖွဲ့ဝင်များ

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့မှာကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၂/၂ဝ၁၁) ရဲ့ ခွင့်ပြုချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လက်ရှိ ဒုတိယရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူးရုံး (၃) ရုံးကို ရဲတပ်ရင်းစုကွပ်ကဲမှုရုံးဟု ခေါ်ဝေါ်သတ်မှတ်စေခဲ့ပါတယ်။ စစ်တပ်ဖွဲ့စည်းပုံနဲ့ နှိုင်းယှဉ်ရင် နည်းဗျူဟာရုံးနဲ့ အသွင်သဏ္ဍာန်တူပါတယ်။ ရဲတပ်ရင်းစုကွပ်ကဲမှုရုံး (၆) ရုံး အသစ်တိုးချဲ့ဖွဲ့စည်းခြင်းအား ၂၈-၁ဝ-၂ဝ၁၁ ရက်စွဲပါ စာအမှတ်၊ ၁ဝဝ၁(၅၂)/၅ဝ၁/ ဦး ၅ ဖြင့် ဖွဲ့စည်းမိန့်ထုတ်ပြန်ခဲ့တာကြောင့် စုစုပေါင်း ရဲတပ်ရင်းစုကွပ်ကဲမှုရုံး (၉) ရုံးထိ ရှိလာကြောင်း သိရပါတယ်။

၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂၂/၂ဝ၁၁) ရဲ့ ခွင့်ပြုချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံး (၂) ရုံး အသစ် တိုးချဲ့ဖွဲ့စည်းခြင်းအား ၂၈-၁ဝ-၂ဝ၁၁ ရက်စွဲပါ စာအမှတ်၊ ၁ဝဝ၁(၅၃)/၅ဝ၁/ ဦး ၅ ဖြင့် ဖွဲ့စည်းခဲ့တဲ့အတွက် ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူးရုံး (၃) ရုံး ထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံး (၁) ခုမှာ ရဲတပ်ရင်းစုကွပ်ကဲမှုရုံး (၃) ရုံးနဲ့ ရဲတပ်ရင်း (၁၀) ရင်း ရှိပါတယ်။ စစ်တပ်ရဲ့ဖွဲ့စည်းပုံနဲ့ နှိုင်းယှဉ်ရင် ခြေမြန်တပ်မဌာနချုပ်နဲ့ အသွင်သဏ္ဍာန်တူတာမို့ စုစုပေါင်း တပ်မ (၃) ခုစာ အင်အားရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လက်အောက်မှာ ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံး (၃) ရုံး၊ ရင်းစုမှူးရုံး (၉) ရုံးနှင့် ရဲတပ်ရင်း (၃ဝ) ရင်းရှိပြီး အထွေထွေလုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်တယ်လို့ သိရပါတယ်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်နေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၂/၂ဝ၁၁) ရဲ့ ခွင့်ပြုချက်အရ အရင်က ရဲတပ်ရင်း (၁၉) ရင်းရှိရာမှ နောက်ထပ် ရဲတပ်ရင်း (၁၁) ရင်း အသစ်တိုးချဲ့ဖွဲ့စည်းခြင်းအား ၂၈-၁ဝ-၂ဝ၁၁ ရက်စွဲပါ စာအမှတ်၊ ၁ဝဝ၁(၅၁)/၅ဝ၁/ ဦး ၅ ဖြင့် ဖွဲ့စည်းမိန့်ထုတ်ပြန်ခဲ့လို့ စုစုပေါင်း ရဲတပ်ရင်း (၃၀) ရှိလာပါတယ်။ အသစ်ဖွင့်လှစ်ခဲ့တဲ့ ရဲတပ်ရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

- အမှတ်(၂ဝ) ရဲတပ်ရင်း(တပ်ကုန်း)၊ နေပြည်တော်

- အမှတ် (၂၁) ရဲတပ်ရင်း( ပဲခူး)၊ ပဲခူးတိုင်းဒေသကြီး

- အမှတ်(၂၂) ရဲတပ်ရင်း (ဘားအံ)၊ ကရင်ပြည်နယ်

- အမှတ်(၂၃) ရဲတပ်ရင်း(ထားဝယ်)၊ တနင်္သာရီတိုင်းဒေသကြီး

- အမှတ်(၂၄) ရဲတပ်ရင်း(ပုသိမ်)၊ ဧရာဝတီတိုင်းဒေသကြီး

- အမှတ်(၂၅) ရဲတပ်ရင်း(မကွေး)၊ မကွေးတိုင်းဒေသကြီး

- အမှတ်(၂၆) ရဲတပ်ရင်း(တောင်ကြီး)၊ ရှမ်းပြည်နယ်

- အမှတ်(၂၇) ရဲတပ်ရင်း(လွိုင်ကော်)၊ ကယားပြည်နယ်

- အမှတ်(၂၈) ရဲတပ်ရင်း(မုံရွာ)၊ စစ်ကိုင်းတိုင်းဒေသကြီး

- အမှတ်(၂၉) ရဲတပ်ရင်း(ကလေး)၊ စစ်ကိုင်းတိုင်းဒေသကြီး

- အမှတ်(၃ဝ) ရဲတပ်ရင်း(မြစ်ကြီးနား)၊ ကချင်ပြည်နယ်

ဒါကြောင့် ရဲတပ်ရင်းတွေကို တပ်ပုံစံပြောင်းလဲဖွဲ့စည်းခဲ့တာမို့ တပ်မနဲ့အသွင်သဏ္ဍာန်တူတဲ့ ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူးရုံး၊ နည်းဗျူဟာနဲ့အဆင့်တူတဲ့ ရဲတပ်ရင်းစုကွပ်ကဲမှုရုံး ဆိုပြီး ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ရဲတပ်ရင်း (၄၀) ကျော်ထိဖွဲ့ဖို့ စီမံချက်တွေ ရေးဆွဲထားတယ်လို့ သိရပါတယ်။ လိုအပ်တဲ့လူအင်အားကိုတော့ စစ်တပ်ကအခြားအဆင့်တွေကို ပြောင်းရွှေ့ဖို့စီစဉ်ထားပါတယ်။

 အရေးကြီးပုဂ္ဂိုလ်လမ်းကြောင်းတစ်ခုတွင် လုံခြုံရေးတာဝန်ယူလိုက်ပါလာသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ

ဖွဲ့စည်းပုံအပြည့်ဖွဲ့ပြီးရင်တော့ တနိုင်ငံလုံးအတိုင်းအတာအရ ရဲတပ်ရင်းတွေ လုံလောက်တဲ့အနေအထားရှိတာမို့ နောက်ပိုင်း လူထုအုံကြွမှုတွေ ဖြစ်လာရင်တော့ ရဲတပ်ရင်းတွေကိုပဲ ခေါင်းခံဖြေရှင်းခိုင်းနေတဲ့ အနေအထားတွေ့ရှိနေရပါတယ်။ တနိုင်ငံလုံးမှာ အဓိကရုဏ်းနှိမ်နှင်းရေးတပ်စု (၂၉၈) စု ဖွဲ့ထားခဲ့ပေမဲ့ အဲဒီတပ်စုတွေမှာ ရဲစခန်းကရဲတွေများတာမို့ လက်တွေ့မှာ မထိရောက်နိုင်ဘူးလို့ ယူဆတာကြောင့် ရဲတပ်ရင်းတွေကို ထပ်မံတိုးချဲ့ဖို့ ဦးစားပေးစီစဉ်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ရင်းတွေရဲ့ ပုံမှန်ဖွဲ့စည်းပုံအရ အရာရှိ (၃၃) ယောက်၊ အခြားအဆင့် (၇၈၆) ယောက်လို့ သတ်မှတ်ထားပေမဲ့ တကယ့်တကယ်မှာကျတော့ စုစုပေါင်း အင်အား (၃၀၀) တောင် မပြည့်ကြောင်း တွေ့ရှိရပါတယ်။

ရဲတပ်ရင်းတွေရဲ့ တပ်ရင်းမှူးတွေနဲ့ အထက်အရာရှိကြီးတွေအများစုဟာ စစ်တပ်က ပြောင်းရွှေ့လာတာဖြစ်သလို ခုနောက်ပိုင်းဖွဲ့တဲ့ တပ်ရင်းတွေမှာလည်း အရာရှိရော အခြားအဆင့်တွေပါ တပ်မတော်မှ အသွင်ကူးပြောင်းသူတွေပဲများတာမို့ ရဲတပ်ရင်းအမည်ခံ စစ်တပ်လို့ပဲ ပြည်ထဲရေးနဲ့ နီးစပ်သူများက သုံးသပ်ကြပါတယ်။  ဥပမာ - လက်ပန်းတောင်းတောင် နှိမ်နှင်းတဲ့ကိစ္စမှာ အနီးကပ်ကြီးကြပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစန်းယုဟာ ရမခလက်အောက်ခံ ဒကစ (လောက်ကိုင်) မှ ခလရ (၁၂၅) တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်သလို ဒုတိုင်းတပ်ဖွဲ့မှူးဖြစ်တဲ့ ဒုရဲမှူးကြီး သူရသွင်ကိုကိုကလည်း တပ်မတော်မှ အသွင်ကူးပြောင်းလာသူ ဖြစ်ပါတယ်။ ဆူပူအကြမ်းဖက်မှု နှိမ်နှင်းရေးမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ရင်းတွေရဲ့ ရဲတပ်ဖွဲ့ဝင်တွေအများစုဟာလည်း စစ်တပ်မှ ကူးပြောင်းလာသူတွေ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပတ်သတ်တဲ့ သတင်းများနဲ့သိကောင်းစရာများကို ဆက်လက်ဖော်ပြသွားပါမယ်။

 


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။