(စည်းလုံးခြင်းရဲ့အင်အား)
 
စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ
အခမ်းအနားတစ်ခု
ဆောင်းပါးရှင်
– ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)
တပ်မတော်ထဲက အဆင်မပြေမှုများစွာကို ဒီနေရာကနေ ပြည်သူတွေဆီ
ပြောပြချင်ပါတယ်။  ဒါမှလည်း “မြွေတိုင်း အဆိပ်မရှိဘူး”
လို့ လက်ခံ အားပေးကြမှာပါ။ အရင်က  ကျွန်တော်ဟာ
စာစီစာကုံးကိုတောင် အမှတ်ရအောင် ဘယ်လို ရေးရမှန်း မသိခဲ့သူပါ။  သူငယ်ချင်းတချို့ စာစီစာကုံး ပြိုင်ပွဲတွေ ၀င်ပြီး
ဆုရတယ် ဆိုတဲ့အခါ ဘယ်လို  ရေးရတာပါ လိမ့်လို့
မေးမိလို့ အဟား ခံခဲ့ရဘူးပါတယ်။ အခုတော့လည်း ရင်ထဲက  ဆန္ဒနဲ့ အဖြစ်မှန်ကို ချရေးမိတဲ့အခါ ဆောင်းပါးတစ်ပုဒ်တော့
ဖြစ်လာ ခဲ့ပါပြီ။
စစ်တပ်ထဲက စစ်ဗိုလ်တိုင်း ရာထူး၊ အာဏာ၊ စည်းစိမ်တွေနဲ့
ပြည့်စုံနေ တာ  မဟုတ်သလို အခြားအဆင့် (အရာခံဗိုလ်
မှ ရဲဘော်သစ်) တိုင်းလည်း ငတ်မနေ  ကြပါဘူး။
ဘာကြောင့်ပါလဲ။ စစ်အာဏာရှင် စနစ်ကြောင့်ပါ။ ဒီစနစ်ဟာ တန်းတူရည်တူ  အခွင့်အရေး မရရှိပါဘူး။ ဗိုလ်ချုပ်တွေ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့
နီးစပ်ရာ  စစ်ဗိုလ်တွေ၊ အခြား အဆင့်တွေ အတွက်တော့
စစ်တပ်ဆိုတာ သုခဘုံကြီးပါ။ GE  လို့ခေါ်တဲ့ ဆောက်လုပ်ရေး
အင်ဂျင်နီယာတပ်က တပ်ကြပ်ကြီး တစ်ယောက်ရဲ့  ပိုင်ဆိုင်မှုဟာ
သာမန်ဗိုလ်မှူးကြီး တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုနဲ့ ညီတယ် ဆိုတာ  တပ်ထဲက လူတိုင်း သိနေတဲ့ကိစ္စပါ။ ဒါပေမယ့်လည်း အရိုးစွဲ
နေပြီဖြစ်တဲ့  မြန်မာ့တပ်မတော်ရဲ့ ထုံးစံအတိုင်း
ငါလည်း ဒီလို နေရာ ရောက်ရင် ခံစားရမှာပဲ  ဆိုတဲ့
အတွေးနဲ့ပဲ မလုပ်၊ မရှုပ်၊ မပြုတ် နေကြ ရပါတယ်။ အရာရှိငယ်တွေ ဂွင် ရိုက်ကြပါတယ်။ မှောင်ခိုဖမ်း၊
ဂိတ်ကြေး အကောက် ကောက်ကြတာပေါ့။ ဒါကို သိတဲ့အရာရှိကြီးတွေက သူတို့ ထမင်းအိုး လက်လာနှိုက်လို့
မင်းတို့ ဘ၀နဲ့မလဲကြနဲ့၊ တပ်ရင်းမှူးနဲ့ အထက်ဖြစ်လာရင် တရားမ၀င် “၀ါး” တဲ့ ဂွင်တွေ
ရလိမ့်မယ်လို့ နှစ် သိမ့်ကြပါတယ်။
ရာထူး၊ နေရာနဲ့ 
လုပ်ပိုင်ခွင့် ကိစ္စဟာ ဗိုလ်လောင်း ဘ၀မှာ ကတည်းက စခဲ့တာပါ။ လေ့ကျင့် ပေးခဲ့တာလား
လေ့ကျင့်ခံခဲ့ရတာလား၊ အကျင့်ဆိုး ကို လက်ဆင့်ကမ်း 
ပေးခဲ့တာလားတော့ မတွေးလိုတော့ပါဘူး။ ကျွန်တော် တို့ ဗိုလ်လောင်း ဘ၀မှာ  လစာတွေ မတိုးသေးပါဘူး။ ဒါပေမယ့် လစာ ဘယ်လောက်ရသလဲ
ဆိုတာတော့  မမှတ်မိတော့ပါဘူး။ ဘာလို့လဲ ဆိုတော့
လက်မှတ်ပဲထိုးပြီး လစာက လက်ထဲ မရောက်တာ  များလို့ပါ။
First year အတွက်က ပိုဆိုးပါတယ်။ တပ်ခွဲ အဆောင်စစ်၊ အလှူငွေ၊  တပ်ရင်းစာစောင်၊ တပ်ခွဲအားကစား၊ တပ်ရင်းဂျွမ်းဘား
စတဲ့ ကိစ္စတွေအတွက်  များစွာဖြတ်လိုက်တာမှာ တခါတရံ
ကိုယ်က ပြန် တောင် အမ်းရပါသေး တယ်။ တကယ်ပါ၊ 
မယုံမရှိပါနဲ့။
 ကာကွယ်ရေးဦးစီးချုပ်(လေ)
ဗိုလ်ချုပ်ကြီးမြတ်ဟိန်းအား ထိုင်းလေတပ်မတော် စစ်ဦးစီးချုပ်နှင့်အတူ တွေ့ရစဉ်
Second year နဲ့ Senior One ခေါ် တတိယနှစ်မှာတော့  အကျိုး အကြောင်း ပြန်မေးရဲ လာပြီ ဖြစ်လို့
Final Year Appointment  (တပ်ခွဲမှူး/ တပ်စုမှူးအဖြစ်
တာဝန်ပေးပြီး ဗိုလ်လောင်း အချင်းချင်း အရာရှိ 
အစား အုပ်ချုပ်သူ) တွေက ကျွန်တော်တို့ လစာငွေကို မဖြတ်ရဲ တော့ပါဘူး။ လက်ရှိ  တပ်မတော်ရဲ့မကောင်းတဲ့ အစဉ်အလာဖြစ်တဲ့ နေရာရရင်
လုပ်ချင်တာလုပ်ပြီး မဟုတ်  မခံတတ်သူများ၊ အမှန်တရားကို
ချစ်မြတ်နိုးသူများအား ရာထူးကြီးသူများက  ကြည့်မရခြင်းဟာ
အဲဒီမှာ ကတည်းက စခဲ့တာပါဘဲ။ အဲဒီဖြတ်ငွေတွေ ဘာလုပ်လဲလို့  မေးစရာရှိပါ တယ်။ ကျွန်တော်လည်း Final year ရောက်မှပဲ
သိပါတယ်။
အငယ်ဘ၀မှာတုန်းက Final Year Appointment တွေဟာ အချင်းချင်း
သိပ်ချစ်ကြတာပဲ၊  Outpass ထွက်ရင်လည်း အတူတူ၊
စားတော့လည်း အတူတူပဲ၊ ယူနီဖောင်းဆိုလည်း  မတ်နေတာပဲ၊
လစာလည်း ပိုတဲ့အပြင် အိမ်တောင် ပို့နိုင်သေးတယ် ဆိုတာ  သိနေတာဘဲ။။ တကယ်ကတော့ အဲတာတွေဟာ ဗိုလ်လောင်း အချင်းချင်း
ဖြတ်ခုတ်ထားတဲ့  ငွေတွေပါ။ ရာခိုင်နှုန်း တချို့ကိုတော့
Appointment ဖြစ်ရေးအတွက် မစတဲ့ CI  (နည်းပြချုပ်)
နဲ့ အဲဒီအချိန်က DSA မှာ နာမည် အလွန်ကြီးတဲ့ SI (Senior  Instructor) ဗိုလ်မှူး မြင့်လွင်ဆီကို ပြသ ရပါတယ်။
870 (အိပ် ဆဲဗင်း  ဇီးရိုး) လို့ တပ်ထဲမှာ ပြောပြောနေတဲ့
ဂါရ၀ တရား ထားတတ်မှု ကိုလည်း  အဲဒီအချိန်ကတည်းက
လေ့ကျင့် ပေးတာ ခံခဲ့ရတာပါ။ OTS ကျောင်းမှာလည်း နည်းပြ S.I ကို ခြင်ထောင်ပေးရင် ဓားကိုင်ရတယ်လို့
ကြားဖူးပါတယ်။
ဆရာကောင်းကို  ဆည်းကပ်တတ်ခြင်း
ကိုလည်း တတ်မြောက် ခဲ့ရပါ တယ်။ အခုတော့လည်း ဒါတွေဟာ DSA ရဲ့  အိပ်ယာဝင်ပုံပြင်တွေ ဖြစ်သွားပါပြီ။ ဗိုလ်လောင်း
အချင်းချင်း  အုပ်ချုပ်မှုရဲ့ ဆိုးရွားတဲ့ အိပ်မရ
သော ညများစွာကို အကြောင်းပြုလို့  ဗိုလ်လောင်း
အချင်းချင်း အပြစ် ပေးမှုကို ကန့်သတ်ဖို့ အရာရှိများက  အုပ်ချုပ်မှု ၀င်ယူရာမှ Final year Appointment များ
နေရာကို အရာရှိများက  အမှားမရှိရအောင် ကိုင်
တွယ် ပေးနေပါပြီ။ လစာကလည်း တိုးနေပြီ ဖြစ်ရာ 
ကျွန်တော်တို့ ခေတ် ကလို ယူနီဖောင်းစ ဖိုးလောက် မကတော့ပဲ ဆိုင်ကယ်ဖိုး/
GSM  ဖိုး လောက် ဖြတ်နိုင်နေပါပြီ။
  
စစ်တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သော
နောင်တစ်ခေတ်၏ အောင်စစ်သည် စာသားပါဆိုင်းဘုတ်
DSA နှင့် DSTA မှ 
နည်းပြအရာရှိများတွင် စာပေနှင့် လေ့ကျင့်ရေးဌာန (၂) ခုမှ အရာရှိ  အချင်းချင်းကို နှိုင်းယှဉ် ကြည့်လိုက်ပါ။ ပြင်ဦးလွင်မြို့
ထဲက သာမန်  အရပ်သားပင် ခွဲပြနိုင်ပါလိမ့်မယ်။
တပြိုင်တည်းပဲ စစ်သည်တွေရဲ့  ဘ၀တချို့ကိုလည်း
သိခဲ့သလောက် ပြောပြပါမယ်။ ကျွန်တော်တို့ ပထမနှစ် စစ်ပညာ  သင်နေချိန်မှာ ဆရာကြီးတစ် ယောက်က မုန့်ရောင်းပါတယ်။
ပထမနှစ်  ဗိုလ်လောင်းဘ၀မှာ အချိန် တိုင်း မအားရသလို
အချိန်တိုင်းလဲ ဆာနေတတ်တာကို  မရှက်တမ်း ၀န်ခံပါရစေ။
အဲဒီတုန်းကတော့ ဘာမှ မစဉ်းစားနိုင်ပါဘူး။  ၀ယ်စား
ခွင့်ရနေခြင်းသည်ပင် ကြီးမားသော ဆုလာဘ်ကြီး တစ်ခုကိုး။ ဘယ်သူ  ရောင်းရောင်း ၀ယ်စားလို့ ရနေတာက ရှယ်ဘဲပေါ့။
Final year အရောက် 
မှာတော့ အဲဒီဆရာကြီးကို ကျွန်တော် မေးကြည့် မိပါတယ်။ သင်တန်းချိန်၊  သင်တန်းနေရာမှာ မုန့်ရောင်းခွင့်ကို ဘယ်လို ရပါသလဲဆိုတော့
လက်နက်ငယ်  ဌာနမှူးဆီက ပါမစ် ရလို့ပေါ့တဲ့၊
အဲဒီအတွက် ဘာပေးရသလဲဆိုတော့ ရာနှုန်းနဲ့  ပေးရတာပေါ့တဲ့၊
ကျွန်တော်က ကိုယ့် ဆရာကြီးတွေ အဆင်ပြေအောင် အလကား 
ပေး ရောင်းတယ် မှတ်နေတာလို့ ပြောတော့ ဗိုလ်လောင်းရယ် စစ်တပ်မှာ Issue  ထုတ်ပေးတဲ့ ယူနီဖောင်းတောင် တပ်ထောက်မှာ ၀န်ဆောင်
စရိတ်ပေးပြီးမှ  ထုတ်လို့ရတာတဲ့လေ။ မကြာခင်
ကျောင်းဆင်းပြီးရင် တော့ စစ်တပ်အကြောင်း မောင်ရင် 
ဒီထက် ပိုသိလာ ပါလိမ့်မယ်တဲ့။ အခုအချိန်မှာတော့ စစ်ကျောင်းကြီးများမှာ  ဆရာကြီးများသာမဟုတ်ပဲ အရာရှိတွေတောင် စားဝတ်နေရေး
အတွက် ဗိုလ်လောင်းများကို  မုန့် ရောင်းနေကြရပါပြီ။
DSA ကျောင်းတော်ကြီးကို ဂုဏ်ယူဝံ့ကြွားနေကြတဲ့ တပ်ချုပ်တစ်ယောက် ဖြစ်စဉ်အမှန်သိရဲ့လား
မသိဘူး။ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တစ်ယောက် DSA မှာ ကျောင်းအုပ်ကြီးလုပ်ခဲ့စဉ်က
အဲဒီဖြစ်စဉ်တွေ သိရက်နဲ့ မသိချင်ယောင်ဆောင်ခဲ့တာ ဖြစ်မယ်။
ဆောင်းပါးရှင်
- ဝေဟင် ရဲ့ ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။



 
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။