Thursday, November 15, 2012

မြေငလျင်ဂယက် ဦးသိန်းစိန်အပျက်

(စည်းလုံးခြင်းရဲ့အင်အား)

နိုင်ငံတကာတွင် Image တက်နေသည့် သမ္မတကြီးဦးသိန်းစိန်

မန္တလေးတိုင်းရွှေဘိုမြို့ မြောက်ဘက် (၄၅) မိုင်အကွာနှင့် သပိတ်ကျင်းမြို့ အနီး (၄) မိုင်ခန့်အကွာနေရာများမှာ ဗဟိုပြုပြီး အင်အားပြင်းထန်တဲ့ မြေငလျင်ကြီးနှင့် ငလျင်ငယ်များ နိုဝင်ဘာလ (၁၁) ရက်နေ့က ဆက်တိုက် လှုပ်ရှားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဝေဒနှင့်နက္ခတ်ဗေဒ ပညာရှင်များရဲ့ ဟောစာတမ်းများအရ မြေငလျင် လှုပ်ခတ်တဲ့ အသွင်လက္ခဏာ တွေဟာ (၁၁) လပိုင်း၊ (၁၁) ရက်နေ့ (၁၁) ဂဏာန်းတွေဖြစ်လို့ (၉/၁၁) နှင့်ဆင်ကာ နိုင်ငံအတွက် ကောင်းတဲ့နမိတ် မဟုတ်ကြောင်း၊ နိုင်ငံအတွင်း အောက်ခြေ လူတန်းစားမှ အုပ်ချုပ်သူ လူတန်းစားထိ လူအများစုဟာ လောဘ၊ အတ္တကြီးမားပြီး အကျင့်သီလ ပျက်စီးနေကြလို့ လူပ်ခတ်သွားတာ ဖြစ်ကြောင်း၊ တန်ခိုးကြီးဘုရား ထီးတော်၊ စိန်ဖူးတော်များ ပြိုကျ ပျက်စီးကုန်ကြောင်း၊  အဆိုးဆုံးက အုပ်ချုပ်တဲ့ မင်းတောင် ထီးနန်းစွန့်ရပြီး မင်းပြောင်းမင်းလွှဲ ရှိတတ်ကြောင်းသိရပါတယ်။



မကြာမီရက်ပိုင်းအတွင်း မြန်မာပြည်သို့ အလည်လာရောက်မည့် အမေရိကန် သမ္မတ အိုဘားမား

မင်းပြောင်းမင်းလွှဲဆိုလို့ စစ်ဖက်နီးစပ်သူများက ဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်တဲ့ နေရာမှာ ပုံရိပ် Image ကောင်းလွန်းနေလို့ ဖြစ်နိုင်ပါ့မလား ဟု ယူဆစရာ ရှိနေကြောင်း၊ ဥရောပမှ နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်ဝန်ကြီးချုပ်များ တပြိုင်နက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြောင်း စစ်အာဏာရှင်များထံ အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင် လာရောက်လည်ပတ်တဲ့အထိ ကံဇာတာ မြင့်မားနေကြောင်း၊ ယခင် ဦးသန်းရွှေကပင် သောကြာသားချင်း အတူတူ ဦးသိန်းစိန်က အရှိန်အဝါ ပိုမိုမြင့်တက်နေကြောင်း၊ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်း ဒီလိုတရှိန်ထိုး ဦးသိန်စိန်ရဲ့ ကံဇာတာ တက်သွားပြီး အရှိန်လွန်ကာ ဂျောက်ထဲကို ဂျွမ်းပြန် ပြုတ်ကျ သွားတတ်ကြောင်း ဝေဖန်ခဲ့ပါတယ်။


နိုဝင်ဘာလ (၁၁) ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စေတီတော်တစ်ဆူမှ ပြိုကျပျက်စီးသွားခဲ့သော ခြင်္သေ့ရုပ်များ


စစ်ရုံးအသိုင်းအဝိုင်းက သတင်းတစ်ရပ် ပို့ရာမှာ ဦးသိန်းစိန် အနေနဲ့ KIO  နှင့် ရခိုင်ကိစ္စအကျပ်အတည်းဖြစ်နေပြီး မဟာဗျူဟာ၊ နည်းဗျူဟာ ဘယ်လို ချမှတ်ရမှန်းမသိ ဖြစ်နေကြောင်း၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တချို့က ဦးသိန်းစိန်ရဲ့ KIA အပေါ် စစ်ဖက်နှင့် ကြိုတင် မညှိနိုင်းဘဲ အပစ်ရပ်ခိုင်းတဲ့အပေါ် သဘောထား အမြင် မကြည်မလင်ဖြစ်နေကြောင်း၊ အဆိုးဆုံးက စစ်အာဏာရှင် အုပ်စုထဲမှ အဘောထားတင်းမာသောအုပ်စုကို ဖယ်ရှား နိမ့်ချတဲ့အပေါ် ကျေနပ်မှု မရှိကြကြောင်း၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်ရမယ်ဆိုတဲ့ “စံ” ကို ကျင့်သုံးလို့ ထိပ်ပိုင်းအစိုးရနဲ့ လွှတ်တော်၊ တရားသူကြီးများ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များရဲ့ ပိုင်ဆိုင်မှု စာရင်းကောက်ခံမှုကိစ္စနဲ့ စပ်လျဉ်းပြီး ဂယက်ရိုက်ကာ မကျေမနပ် ဖြစ်ခဲ့ကြောင်း၊ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးကို ဖယ်ရှားတဲ့အပေါ် ဦးသိန်းစိန်က ဦးသန်းရွှေ ထံခွင့်ပြုချက် ရပြီးမှ ခက်ခက်ခဲခဲ ဖယ်ရှားခဲ့ရကြောင်း၊ အဂတိလိုက်စားမှု နှီးနွယ် ပတ်သက်နေလို့ ဖြစ်ကြောင်း၊ အခါအားလျော်စွာ အဲဒီအုပ်စုရဲ့ ကတော်တွေဟာ ဦးသန်းရွှေရဲ့ ဇနီးဒေါ်ကြိုင်ကြိုင်အား အခါအားလျော်စွာ သွေးထိုးလှုံ့ဆော်ပြီး ဦးသိန်းစိန်အပေါ် မကောင်းပြောနေတာဟာဖြင့် ဦးသိန်စိန်အား ဦးသန်းရွှေ တစ်နေ့မဟုတ် တစ်နေ့ အမြင်မကြည်မလင် ဖြစ်လာနိုင်ကြောင်း၊ အခြေခံဥပဒေ ပြုပြင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် က ကြိုးစားနေခြင်းဟာ စစ်အာဏာရှင်တို့အတွက် အိမ်မက်ဆိုးကြီးပမာ သွေးလန့်နေကြောင်း၊ ဦးသိန်းစိန်အဖို့ ပြင်ပ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် လုံးပမ်းနေချိန်မှာ အတွင်းကြိတ် အတွင်းရန်တွေက ခြိမ်းချောက်လာနိုင်ကြောင်း၊ အတည်ပြုဆဲသတင်းအရ ဦးသိန်းစိန်ဟာ ငါ့နေရာကိုလိုချင်ရင် အချိန်မရွေးဖယ်ပေးမယ်၊ အနားယူဖို့အသင့်ဟု စိတ်ပေါက်ပေါက်နှင့် ပြောကြောင်း သိရပါတယ်။



နိုဝင်ဘာလ (၁၁) ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သော အပျက်အစီးများ

ယခင် အာဏာရှင် ဦးနေ၀င်းလက်ထက်တုန်းကတော့ ၁၉၇၃ ခုနှစ် ပုဂံငလျင် လှုပ်ခတ်ပြီးနောက် ကိုးကွယ်တဲ့ ဆရာသမားများရဲ့ အကြံပြုချက်အရ ယတြာ ချေတဲ့အနေနဲ့ ဦးနေ၀င်းက ပါတီ ဥက္ကဌရာထူးဖြင့် နောက်ကွယ်က ကြိုးကိုင်ကာ သမ္မတရာထူးမှ ဆင်းပေးလိုက်ရကြောင်း၊ ယခု ဦးသန်းရွှေကတော့ ဒေါ်ကြိုင်ကြိုင်ကိုးကွယ်တဲ့ ဆရာသမားများရဲ့ အကြံပြုချက်အရ ဘယ်လိုဆောင်ရွက်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း စစ်ဖက်နဲ့နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။