Tuesday, November 13, 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ - အပိုင်း (၅)

(စည်းလုံးခြင်းရဲ့အင်အား)

ရိက္ခာပစ္စည်းများသယ်ယူပို့ဆောင်ရန် စီစဉ်နေသည့် တပ်မတော်စစ်သည်များ

ဒီတစ်ပတ်မှာတော့ စည်းလုံးခြင်းအင်အား ၀က်ဘ်ဆိုက်ဒ်မှာ တင်ပြပေးခဲ့တဲ့ အောက်ခြေတပ်ရင်း၊ တပ်ဖွဲ့များရဲ့ အရာရှိ/စစ်သည်များ စားဝတ်နေရေးတွေ ယနေ့အချိန်ထိ ဘာကြောင့် မပြေလည်နိုင်တာလဲ။ တပ်ရင်းတစ်ခုနှင့်တစ်ခု နှိုင်းယှဉ်သုံးသပ်ချက်တွေနှင့်အတူ မေးမြန်းဆွေးနွေးခန်းကဏ္ဍအနေနဲ့ တင်ပြသွားပါတယ်။

စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်အနေနဲ့ တပ်မတော်ပြိုကွဲအောင် ရည်ရွယ်ချက်နဲ့ဖော်ပြတာမဟုတ်ပဲ တပ်မတော်အား Professional Army ဖြစ်လာရေးနဲ့ အမှန်တကယ် တပ်နေပျော်ရေးကို ဦးတည်ကာ တင်ပြနေခြင်း ဖြစ်ပါတယ်။

အထက်လူကြီးတွေက အမှန်ကို တင်ပြကြလို့ ပြောနေကြပေမဲ့ တပ်မှူး၊ တပ်ရင်းမှူး၊ တပ်မမှူး၊ တိုင်းမှူးတွေဟာ မိမိ ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်မဲ့ လုပ်ဆောင်ချက်မျိုး အဖြစ်မခံပဲ လိမ်ညာတင်ပြကြတာတွေပဲ ရှိပါတယ်။ အထက်လူကြီးဆိုတဲ့ စစ်ရုံးမှ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးတွေကလည်း အောက်ခြေအထိ လိုက်လံစစ်ဆေးဖို့ ပျက်ကွက်သလို Golf ရိုက်ဖို့ပဲ အားသန်နေကြပါတယ်။ ဆိုးဝါးတဲ့ဖြစ်စဉ်တွေကတော့ တပ်မတော်ရဲ့ သက်သာချောင်ချိရေးလုပ်ငန်းစဉ်များကို စိုက်ပျိုးရေးနဲ့မွေးမြူရေးက လွဲလို့ ကျန်တာတွေ ဖျက်သိမ်းလိုက်တာကြောင့် အထိနာသွားတာရယ်၊ တပ်မတော်ရဲ့ အဓိကရိက္ခာဖြစ်တဲ့ ပဲဆီ၊ ကုလားပဲ၊ နို့ဆီ၊ ငရုတ်၊ အသားဗူး ပုံမှန်မပေးတော့တဲ့အပြင် တချို့နေရာတွေမှာ ကိုယ့်ဆန်ကိုယ်ရှာစားတဲ့သဘောနဲ့ တပ်ပိုင်တွေလယ်မြေတွေမှာ စိုက်ပျိုးခိုင်းတဲ့ အခြေအနေမျိုးထိ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်တွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးနဲ့ အယ်ဒီတာကို မေးမြန်းဆွေးနွေးခန်းတင်ပြသွားပါမယ်။

မေး။    ။ မင်္ဂလာပါဗိုလ်မှူး၊ အထက်လူကြီးတွေကို တင်ပြရဲတဲ့ လူစွမ်းကောင်းဗိုလ်ချုပ် တပ်မတော်သမိုင်းမှာ ရှိခဲ့သလားဗျ။

ဗိုလ်မှူး။    ။ ဟိုတလောတုန်းက နုတ်ထွက်သွားတဲ့ နိုင်ငံတော်စာရင်းစစ်ချုပ်၊ ယခင် တပ်တော်ရဲ့စစ်ဆေးရေး အရာရှိချုပ် ဗိုလ်ချုပ်လွန်းမောင် ဆိုတာတော့ ရှိခဲ့တယ်ဗျ။ သူက လူဖြောင့်၊ လူမှန်ကြီးဗျ။ လေးလပတ်အစည်းအဝေး တစ်ခုမှာ တိုင်း၊ တပ်မတွေရဲ့ တင်ပြချက် တချို့စာရင်းတွေဟာ ကိုက်ညီမှုမရှိပဲ ကွဲလွဲနေတဲ့ကြောင်း ၊ လူပျိုရိပ်သာတွေမှာ သောက်စရာရေခွက်တောင် မရှိကြောင်း ဒဲ့ပြောချလိုက်တယ်။ တပ်ချုပ်က ဒေါကန်ပြီး ကျွေးတော့တာပေါ့ဗျာ။ အဲဒါနဲ့ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးက အစည်းအဝေးပြီးတော့ “ကိုလွန်းမောင်ရေ၊ ခင်ဗျား ဒီတစ်ခါသွားရင် တိုင်းမှူး၊ တပ်မမှူးတွေက ထမင်းတောင် မကျွေးချင်ပဲနေဦးမယ်ဗျို့” လို့ နောက်လိုက်တယ်။

မေး။    ။ ဗိုလ်မှူးရေ၊ တပ်မ (၁၁) ရဲမွန်တပ်နယ်မှာ ဟိုးတလောတုန်းက စစ်သည်စုဆောင်းငွေကိစ္စ ပြဿနာတွေ တက်သွားတာ ဘာကြောင့်လဲ။

ဖြေ။    ။ အဲဒါက ဒီလိုဗျ။ စစ်သည်တွေရဲ့ စုဆောင်းထားတဲ့ ဘဏ်စာအုပ်တွေကို တပ်ရေးဗိုလ်ကြီးက ထိန်းချုပ်ထားပြီး ထုတ်ချင်ရင် ကာယကံရှင်တွေရဲ့လက်မှတ်၊ တပ်ရေးဗိုလ်ကြီးလက်မှတ် အဲဒီ နှစ်ယောက်ရဲ့ လက်မှတ် ပြည့်စုံမှ ထုတ်ယူလို့ရအောင် ထိန်းထားတယ်။ အဓိကကတော့ စစ်သည်တွေ ငွေစုထုတ်ပြီးရင် ခွင့်မဲ့ ပျက်ကွက်ဖြစ်သွားတာများလို့ ထုတ်မပေးချင်ကြဘူး။ စစ်သည်တွေကလည်း သူတို့ကိုယ်ပိုင် စုဆောင်းငွေကို သုံးချင်နေကြတယ်။ အတည်ပြုဆဲသတင်းအရ စစ်သည်ငွေရဲ့ ဘဏ်စုဆောင်းငွေများကို တပ်ရင်းမှူးက ကိုယ်ကျိုး မဟုတ်သော်လည်း အခြားနေရာမှာ ခေတ္တလှည့်သုံးလိုက်တဲ့ သတင်း ပေါက်ကြားသွားတယ်ထင်တယ်။ စစ်သည်တွေက မကျေမနပ်ဖြစ်ပြီး ဒါဘာမှာ တောင်းဆိုလာလို့ ပြဿနာတက်သွားတယ် ထင်တယ်။ တပ်ရင်းမှူးတွေ စိုက်ထုတ်ပြီး ပြန်ဖြည့်ပေးလိုက်ရတယ် ကြားတယ်။


အမှတ် (၃၀၅) ခြေမြန်တပ်ရင်း၏ စစ်သည်မိသားစုများအား သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု အခြေပြဇယား


မေး။ ။ ဒီလိုဆိုရင် စစ်သည်တွေရဲ့ ဘဏ်စုဆောင်းငွေတွေကို ဘယ်လိုအကြောင်းပြချက်ပေးမှ ထုတ်လို့ရသလဲ။

ဗိုလ်မှူး။ ။ စစ်သည်တွေ သင်တန်းသွားရင်ဖြစ်စေ၊ အိမ်ထောင်ပြုရင် ဖြစ်စေ၊ မိဘခွင့်ပြန်ရင် ဖြစ်စေ၊ ထုတ်လို့ ရတယ်လို့ သတ်မှတ်ထားတာ ရှိပါတယ်။ ဒါပေမဲ့ ခွင်ပြန်ရင်တော့ စိတ်ပြောင်းသွားပြီး တပ်ကို ပြန်မလာမှာစိုးလို့ ထုတ်မပေးတာ များတယ်ဗျာ။ တချို့တပ်တွေဆိုရင် စစ်သည်တွေဟာ ဘဏ်ထဲမှာ ငွေတစ်လုံးတစ်ခဲတည်း ရှိနေတောင်မှ ထုတ်ခွင့်မရပဲ ပြင်ပမှာ အတိုးနှုန်း ကြီးမြင့်စွာနဲ့ လိုက်လံချေးငှားနေရတဲ့ ဘ၀က ရင်နာစရာ ကောင်းတယ်ဗျာ။

မေး။ ။ ဗိုလ်မှူးရေ၊ စစ်သည်တွေ လစာတိုးလာလို့ တစ်ဦးလျှင် အနည်းဆုံးကျပ်(၅၀၀၀) မစုမနေရ စုရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေနဲ့ အရာရှိတွေ ဦးပိုင်ကို Personal တစ်ဦးလျှင် ကျပ် (၁၀၀ ၀၀၀) မထည့်မနေရ ညွှန်ကြားချက်တွေရော အဓိပ္ပာယ်ရှိရဲ့လားဗျာ။

ဗိုလ်မှူး။    ။ လူတစ်ဦးချင်းရဲ့ကိုယ်ပိုင်ခံစားခွင့်၊ လွတ်လပ်ခွင့်ကို ချုပ်ကိုင်ရာရောက်တယ်။ အဓိပ္ပာယ် လုံးဝမရှိပါ။ စစ်သည်တွေက လစာဝင်ငွေကို မျှော်ကိုးပြီး အကြွေးတွေကို ဆပ်ဖို့ မျှော်မှန်းထားတာ အလကားဖြစ်ကုန်တယ်။ ဦးပိုင်ကလည်း တစ်နှစ်မှ တစ်ခါ အမြတ်ထုတ်ရတာမို့ ငွေသေကြီးလိုဖြစ်နေတယ်။ အမြတ်ငွေကလည်း နည်းတယ်ဗျာ။ ပိုဆိုးတာက ဦးပိုင်မှာ ထည့်ဝင်ထားတဲ့ငွေကို တော်ရုံတန်ရုံအချက်အလက်များ မကိုက်ညီပဲနဲ့ လွှဲပြောင်းခွင့်၊ ထုတ်ယူခွင့် မရှိတာ သိပ်ဆိုးတယ်ဗျာ။ အဲဒီတော့လည်း အရာရှိတွေက နားလည်မှုနဲ့ ဦးပိုင်ရုံးက လူတွေကို ရောင်းစားကြတယ် လို့အသံကြားတယ်။လစာတိုးပါတယ်ဆိုမှ စစ်သည်တွေရဲ့ ကိုယ်ပိုင်စဉ်းစားပိုင်ခွင့် မပေးပဲ ဆန္ဒမရှိပဲ ဘဏ်မှာ အတင်းအကြပ်စုဆောင်း ခိုင်းတယ်၊ ဦးပိုင်ထဲကို အတင်းထည့်ဝင်ခိုင်းတယ် ဆိုတဲ့ လုပ်နည်း လုပ်ဟန်တွေဟာ စစ်သားအခွင့်အရေး ချိုးဖောက်ရာကျတယ်လို့ မြင်တယ်။ နိုင်ငံတကာနဲ့ ပြည်သူလူထုကတော့ စစ်သားတွေ ၀င်ငွေကောင်းတာပဲ မြင်နေမှာ ဖြစ်တယ်။

အောက်ခြေတပ်မတော်သားများရဲ့ရုန်းကန်လှုပ်ရှားရမှုသတင်း အပိုင်း (၆) ကို ဆက်လက်တင်ပြသွားပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။