Thursday, November 29, 2012

အကြံအဖန် ဂွင်လုပ်လို့ရတဲ့ ထောက်/ပို့တပ်တွေရဲ့ စရိုက်

(စည်းလုံးခြင်းရဲ့အင်အား)

ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်းတစ်ရင်းရှိ အရာရှိငယ်များအား တပ်ရင်းမှူးမှ လိုအပ်သည်များ မှာကြားနေစဉ်

ထောက်ပံ့ပို့ဆောင်ရေးတပ်တွေဟာ အနည်းနဲ့အများဆိုသလို တပ်မတော်ရိက္ခာအင်အား ဖြည့်တင်းမှုအပေါ် မူတည်ပြီး အကြံအဖန် ဂွင်လုပ်လို့ရတယ်လို့ သိရှိရပါတယ်။ ရှေ့တန်းရိက္ခာပို့ရရင် ရိက္ခာပို့တဲ့ ထောက်ပံ့ရေးတပ်က လူတွေရော၊ ရိက္ခာဂိုဒေါင်က လူတွေရော တရားမ၀င် ၀င်ငွေ အများကြီးရပါတယ်။ တောင်ငူ အခြေစိုက် အမှတ် (၉၃၀) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ဆိုရင် ကရင်ပြည်နယ်၊ ဘောဆာကြီးကို မကြာခဏ ရိက္ခာပို့ရပါတယ်။ ရိက္ခာပို့တဲ့ လမ်းကြောင်းအနေနဲ့ ကုန်းကြောင်းက တိုက်ရိုက်သွားပို့တဲ့ လမ်းကြောင်းနဲ့ လေကြောင်းက ခရီးတစ်ဝက်ပို့ပြီး ကျန်တဲ့ခရီးကို ယာဉ်တန်းနဲ့ ပို့ရတာမျိုးလည်း ရှိပါတယ်။ ရိက္ခာယာဉ်တန်း တစ်တန်းဆိုရင် ကားကြီး (၂၀) လောက် ပါဝင်ပြီး စည်သွပ်ဘူးနဲ့ ဆန်အိတ်တွေ ပါရှိပါတယ်။ ကားတစ်စီးကို စည်သွပ်ဘူးဖာ (၆၀) ကျော် တင်လို့ရပေမဲ့ ကားပေါ်မှာ (၄၀) ကျော်လောက်ပဲ တင်ပေးပြီး (၂၀) ကျော်လောက်ကို ထောက်/ပို့တပ်တွေက ဖြတ်ယူထားပါတယ်။ ဆန်အိတ်ဆိုရင်လည်း ကားတစ်စီးကို (၅၀) ကျော်လောက် တင်လို့ရပေမဲ့ (၁၀) အိတ်ကျော်လောက်က ထောက်/ပို့တပ်တွေက ဖြတ်ယူထားပါတယ်။ ဒါကြောင့် ရှေ့တန်း ရိက္ခာထောက်ပံ့ရေး စစ်သည်တွေအားလုံးလိုလိုဟာ ၀င်ငွေကောင်းကြပါတယ်။

တပ်ရင်းပိုင် ဆန်စက်ဆိုရင်လည်း အုပ်ချုပ်တဲ့ တပ်ကြပ်ကြီးဆိုရင် စပါးကြိတ်ပြီးက တစ်နေ့ကို ဆန်အိတ် (၂၀) လောက် ရောင်းစားပါတယ်။ အဲဒီတပ်ကြပ်ကြီးက အပြင်ရွာတွေမှာ စပါးထွက်ဝယ်ရတာမို့ ၀ယ်တဲ့ဈေးနှုန်းအပေါ် အမြတ်ထုတ်နိုင်ပါသေးတယ်။ ဒါကြောင့် သူတို့ မိသားစုမှာ ရွှေတွေ ငွေတွေနဲ့ ပြည့်နေပြီး ချမ်းသာနေပါတယ်။ ထောက်/ပို့ တပ်ရင်းရဲ့ နောက်တန်းဌာနချုပ်မှာဆိုရင် ဂိတ်ကြီးကင်းကို စစ်သည်တွေ နှစ်နာရီတစ်ကြိမ် ကင်းစောင့်ရပါတယ်။ ညဘက်မှာ ဆီလာထုတ်တဲ့ ကားတွေဆီက ကားတစ်စီးလျှင် ကျပ်သုံးထောင်၊ လေးထောင်နှုန်း ဂိတ်ကင်းမှ လူတွေက ကောက်ပါတယ်။ တစ်ညကို ကားအစီး (၁၃/၁၄) စီးလောက် လာထုတ်တဲ့အတွက် ညစဉ် ကျပ်လေး/ငါးသောင်းလောက် ၀င်ငွေရှိပါတယ်။ ဘာလို့လဲဆိုတော့ ကားတစ်စီးမှာ ခြောက်ပေပါလောက် တင်သွားပေမဲ့ ကားမောင်းသမားတွေဟာ သူတို့အတွက် တစ်ပေပါခွဲလောက် ခိုးထုတ်တာမို့ ဂိတ်ကင်းကလူတွေကို ခေတ်အခေါ် အာရကေ အကြံအဖန်ပေးရခြင်း ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဦးပိုင်နှင့် MEC မှ အရာရှိကြီးများနှင့်အတူ တွေ့ရစဉ်

ထောက်/ပို့တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတယ် ဆိုပေမဲ့ စစ်သည်တွေဟာ ရိက္ခာတွေကို အပြည့်အ၀ စားသုံးရခြင်း မရှိသေးကြောင်းလည်း အံ့သြဖွယ်ရာ တွေ့ရှိရပါတယ်။ လက်ဖက်စက်ရုံမှာ တာဝန်ကျတဲ့ တပ်ကြပ်ကြီးဟာ နောက်တန်းဌာနချုပ်မှာ ရိက္ခာသွားထုတ်ပြီဆိုရင် တစ်လစာရမဲ့ စကေးဟာ ရက် (၂၀) စာလောက်ပဲရတာမို့ ရှေ့တန်းတိုက်ခိုက်ရေးက စစ်သည်တွေလိုဘဲ ထောက်ပို့က စစ်သည်တွေက ရိက္ခာဆန့်စားနေရပါတယ်။ ရိက္ခာကတော့ ငါးပိ၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ပဲ၊ ကြက်သွန်နီ/ဖြူ၊ ဆန် စတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီ့တပ်ကြပ်ကြီးဟာ မကောင်းမှု အကုသိုလ် ဖိစီးလာကာ ထောင်ကျသွားကြောင်း သိရှိရပါတယ်။ တစ်နေ့မှာ ရိက္ခာယူပြီး အပြန်လမ်းတွင် ကားဘရိတ်ပေါက်ပြီး ကားက ချောက်ထဲပြုတ်ကျသွားတာမို့ စစ်သည်သုံးဦး ဆေးရုံတင်ကာ အဲဒီ့တပ်ကြပ်ကြီးလည်း ခြေထောက်အရိုး အက်သွားပါတယ်။ ဆက်လက်ပြီး သူခြေထောက် ပြန်ကောင်းလာတော့ အရက်မူး ကားမောင်းနေစဉ် လူတစ်ယောက်ကို တိုက်မိကာ ထောင်သုံးနှစ် ကျသွားခဲ့ပါတယ်။





တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တပ်တွင်းစိုက်ပျိုးရေးသင်တန်းတစ်ခုတွင် တိုင်းမှူးမှ စစ်ဆေးနေစဉ်

ထောက်/ပို့ တပ်ရင်းက စစ်သည်တစ်ဦးနဲ့ သူ့ရဲ့ရင်ဖွင့်သံကို စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်က တင်ပြပေးလိုက်ပါတယ်။

“ကျွန်တော့်လစာက ၈၅၀၀ ကျပ် ရတုန်းက ဘဏ်မှာ ၂၅၀၀ ကျပ် မဖြစ်မနေ စုရတယ်ဗျ။ နောက်တော့ လစာကျပ် (၂၁၀၀၀) တိုးလာတော့ စုဆောင်းငွေ အနေနဲ့ ကျပ် (၁၀၀၀၀) မဖြစ်မနေ စုနေရတယ်ဗျာ။ တပ်ရေးဗိုလ်ကြီးကတော့ အရေးကြီးကိစ္စ တစ်ခုဖြစ်ရင် ထုတ်ပေးမယ်လို့တော့ ပြောတာပဲ။ ကျွန်တော် မိတ္တီလာမှာ ကားမောင်းသင်တန်း သုံးလခွဲတက်ပြီး ပြန်လာတော့ ဘဏ်စုငွေ ထုတ်ချင်တယ်ဆိုလို့ တပ်ရေးဗိုလ်ကြီးကို သတင်းပို့လိုက်တဲ့အချိန်မှာ သူက မင်း စုငွေတွေ ဦးပိုင်ထဲရောက်သွားပြီဆိုပြီး မပေးခဲ့ဘူးဗျာ။ ကျွန်တော့်စစ်သက် ခြောက်နှစ်ကျော်ရှိပြီး ဘဏ်စုဆောင်းငွေ စုလာတာ ကြာပြီဆိုတော့ ဘဏ်ထဲမှာ အနည်းဆုံး သိန်းနဲ့ချီ ရှိမှာပဲ။ အဲဒါကတော့ မတရား လုပ်လွန်းအားကြီးတယ်။ တရားမ၀င် သတင်းအရ တပ်ရေးဗိုလ်ကြီးနဲ့ တပ်ရင်းအရာခံဗိုလ်တို့က ထုတ်ယူခဲ့တာ သိရပြီး ဘယ်နေရာမှာ သုံးတယ်ဆိုတာတော့ ဂဃနဏ မသိရသေးဘူး။ ခက်တာက ကျွန်တော်တို့ရဲ့ ဘ၀ဟာ အထက်ကို ရဲရဲတင်းတင်း တင်ပြလိုက်တာနဲ့ အငြိုးတရားနဲ့ ထုထောင်းခံရမှာ သေချာလို့ ရေငုံနှုတ်ပိတ်နေကြရပြီး မခံနိုင်တဲ့အဆုံးတော့ ခွင့်မဲ့ ပျက်ကွက် စစ်ပြေးဘ၀တို့ ဖြစ်ကြရတာပါ”

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။