Tuesday, November 12, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၁၀)

(စည်းလုံးခြင်းရဲ့အင်အား)
ရှေးခေတ် တရုတ် စစ်သည်များ၏ တိုက်ပွဲဝင် ပန်းချီကား

သုံးသပ်ချက်
စစ်မဟာဗျူဟာ

၁၈ - ရာစုနှစ်တွင်း ကမ္ဘာအနှံ့ အတိုင်းတိုင်း အပြည်ပြည်တို့၌ ခံတပ်ကို ၀ိုင်းဝန်းသည့် စစ်မက်ဖက်ပြိုင်ခြင်း (FORT AND SIEGE WAR-FARE) ကို ကျင့်သုံးကြသည်။ ရန်သူခေါင်းဆောင်၊ သို့မဟုတ် စစ်သူကြီးကို စစ်မြေပြင်တွင် ဖမ်းဆီး ရမိလျှင်သော်လည်းကောင်း၊ ကျဆုံးလျှင်သော်လည်းကောင်း၊ ရန်သူတို့၏ မြို့တော်ကို တိုက်ခိုက် သိမ်းပိုက်ရလျှင် သော်လည်းကောင်း စစ်ပွဲ ပြီးဆုံးလေ့ရှိသည်။


တရုတ်တို့သည် မြန်မာတို့၏ မြို့တော်အင်းဝကို သိမ်းပိုက်ရန်အတွက် စစ်ကြောင်း ၂ -ကြောင်းဖြင့် ယူနန်နယ်ကို အခြေခံပြီး ၀င်လာသည်။ ယူနန်နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း (၁၂၃၅၃၉) ကျယ်သည်။ ၁၉၆၇/၆၈ ခန့်မှန်း လူဦးရေ ၁၉ - သန်းကျော်ရှိသည်။ အဓိကစစ်ကြောင်းကို နိုင်ငံတော်တွင် အထက်မြက်ဆုံး စစ်သူကြီး မင်ဂျွီကိုယ်တိုင် ဦးစီး၍ ၀မ်တိမ်၊ သိန္နီလမ်းမှ လာသည်။

အခြားစစ်ကြောင်းကို ကောင်းတုံသို့လှည့်၍ ဆင်းစေသည်။ မင်ဂျွီသည် အာရှအလယ်ပိုင်း လွင်ပြင်ဒေသများတွင် မြင်းသည်တော်တပ်များကို ဦးစီး၍ တိုက်ခိုက်ပြီး ဆက်ကာ ဆက်ကာ အောင်ပွဲခံခဲ့သူဖြစ်သည်။ စားရေရိက္ခာ၊ ခဲယမ်းမီးကျောက်နှင့် အင်အားဖြည့်တပ်များကို ပို့ပေးရန်အတွက် ၀မ်တိမ်၊ သိန္နီမြို့များကို စခန်းထောက်များ အဖြစ်ထားသည်။ သိန္နီစော်ဘွားဟောင်းကိုလည်း ကျောရိုးအဖြစ် အသုံးပြုသည်။

မြန်မာတို့သည် အင်းဝမြို့ကို အခိုင်အလုံ ပြင်ဆင်ပြီးလျှင် ရန်သူတို့အလာကို စောင့်မနေကြပေ။ ရန်သူများ ချီတက်လာရာလမ်း၊ တောတောင်ကောင်းရာက ဆီးဆို့ခုခံကြသည်။ တရုတ်တို့သည် သူတို့၏မြင်းတပ်ကို အားထားလိမ့်မည်ဟု မြန်မာတို့ တွက်ဆဟန်ရှိသည်။ မြင်းတပ်နှင့် မြေပြန့်လွင်ပြင်တွင် တပ်ဖြန့်တိုက်ခိုက်ရန် ကောင်းမွန်သော်လည်း တောထူတပ်သည့် တောင်ကုန်း၊ စွတ်စိုထိုင်းမှိုင်းသည့် ရာသီဥတုရှိသော ဒေသများတွင် အခက်အခဲ ရှိပေသည်။ ထိုကြောင့် မြန်မာတို့သည် မြေပြန့်ကို စွန့်လွှတ်ပြီး ရန်သူတပ်များအဖို့ အားနည်းချက်ဖြစ်သည့် မြေအနေအထား အရပ်ဒေသမျိုးကို ရွေးချယ်ပြီး စစ်ဆင်ကြခြင်း ဖြစ်ပေမည်။

ထိုနောက် ရှေ့တန်းတပ်များကို နောက်ပိုင်းနှင့် အဆက်အသွယ် လုံးဝပြတ်အောင် ဖြတ်သည်။ နောက်ပိုင်း စခန်းများကို ဖြိုဖျက်ပြီးလျှင် ရှေ့ပိုင်းသို့ ရောက်လာသော တပ်များကို ၀ိုင်းဝန်း ပူးပေါင်း ချေမှုန်းကြသည်။ တပ်များသည် ရောက်ရာအရပ်ဒေသတွင် စားရေရိက္ခာ၊ ခဲယမ်း မီးကျောက် ဖြည့်တင်းကြသည်။ ရပ်ရွာဒေသများကလည်း တပ်များနှင့် တသွေးတသားတည်း ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ကြသည်ကို တွေ့ရသည်။

အကြီးချဲ့ပြီး ကြည့်လိုရင် ဒီနေရာကို နှိပ်ပါ


တရုတ်တို့သည် အင်အားကို နှစ်နေရာ သုံးနေရာခွဲ၍ သုံးကြသည်။ မြန်မာတို့ကား ရှိသမျှ အင်အားကို စုပြုံပေါင်းစပ်ပြီးလျှင် ရန်သူ့ အဓိကစစ်ကြောင်းကိုသာ ၀ိုင်းဝန်း ထိုးနှက်ကြခြင်းသည် စစ်မဟာဗျူဟာ အားသာချက် တစ်ချက်ဖြစ်သည်။

ထိုထက် သာလွန်ကောင်းမွန်သော အချက်မှာ စစ်ကို အသက်ဆက်ရာဖြစ်သော မျိုးရိက္ခာနှင့် အားဖြည့်တပ်များဖြစ်သည့် အခြေခံအချက်ကို ပိုင်းဖြတ် တူးနုတ်ပစ်ခြင်းပင် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမန်တပ်များ၏ အသက်သွေးကြောဖြစ်သော စက်ရုံ အလုပ်ရုံများကို မဟာမိတ်တို့က ဗုံးကြဲဖျက်ဆီးခြင်း၊ ဂျပန်တပ်များ၏ ပင်မအခြေခံဖြစ်သော ဂျပန်နိုင်ငံတွင် အဏုမြူဗုံးများ ကြဲချခြင်းနှင့် ဗီယက်နမ်စစ်တွင် အမေရိကန် လက်နက်ကိုင်တပ်များ၏ နိုင်ငံရင်း တိုင်းသူပြည်သားတို့ ကိုယ်နှိုက်က စစ်ကိုရပ်စဲစေလိုကြောင်း ဆန္ဒပြနေကြသည့် အကျိုး သက်ရောက် စေသော သဘောမျိုးပင် ဖြစ်ပေသည်။

ထိုအချက်ကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခြင်းငှာလည်း မဟာသီဟသူရ စစ်ကြောင်းသည် မင်ဂျွီစစ်ကြောင်းကို ကွေ့ပတ်၍ တက်နိုင်ခြင်းဖြစ်သည်။ စစ်မဟာဗျူဟာအငိုက် (STRATEGIC SURPRISE) လုံးဝရသည်ဟု ဆိုရပေမည်။ မင်ဂျွီသည် သူ၏တပ်စွယ် (FLANK GUARDS) များကို တောင်ဘက်ဒုဠာဝတီမြစ် အထိသာ လွှတ်သည်ဟု ခန့်မှန်းရပေသည်။

တတိယအားသာချက်မှာ မြန်မာတပ်များ ဖွဲ့စည်းရာတွင် တပ်မှူးများသည် ထိုနယ်ဒေသများတွင် အကြိမ်ကြိမ် စစ်ဆင်ဖူးကြသဖြင့် နယ်မြေ ကျွမ်းကျင်ကြသည်။ မြန်မာတပ်သားတို့သည် ရောက်ရာအရပ်တွင်၊ ရရာအသီးအရွက်နှင့် သား၊ ငါးတို့ကို ဖမ်းယူချက်ပြုတ် စားသောက်နိုင်ကြသော အလေ့အကျင့်ရှိသည်။ ရာသီဥတုနှင့် ခရီးကြမ်းဒဏ်ကို ပိုမိုခံနိုင်စွမ်းရှိသည်။ ကြည့်နေရင်း ကြည့်နေရင်း တခဏအတွင်း အလွန်ခိုင်ခံ့ တပ်စခန်းများကို လျင်လျင်မြန်မြန် ဆောက်လုပ်တတ်သော လေ့ကျင့်ရေးပြည့်ဝကြ၍ ဖြစ်ပေမည်။
တရုတ်တို့တွင်ကား ခေါင်းဆောင်တပ်မှူးများသည် နယ်မြေမကျွမ်းကျင်ကြ၊ တပ်သားတို့သည် မြန်မာ့ မြေရေ၊ တောတောင်၊ ရာသီဥတု၊ အစားအစာတို့နှင့် လွယ်လွယ်ကူကူ သဟဇာတ မဖြစ်ကြပေ။

ရှမ်းစော်ဘွားကြီးများ
 
စစ်နည်းဗျူဟာ
ဗန်ကျည်တိုက်ပွဲ။ ၀န်ကြီးမဟာစည်သူသည် မိမိတပ်ဦးနှင့် မင်ဂျွီတပ်များ သီပေါအလွန် ဗန်ကျည်အရပ်တွင် တွေ့ဆုံတိုက်ခိုက်ရာမှ တပ်များကို ဂုတ်တောင်အနီးသို့ ဆုတ်ခွာ နေရာယူစေသည်။
မိမိတပ် ချီတက်ရာလမ်းနှင့် ယှဉ်လျှက် မြောက်ဖက်တွင် ကိုက် - ၂၀၀ ကျော်မျှ ကျယ်သော ရေစီးသန်သည့် နမ့်မတူ (သီပေါ) ချောင်း ရှိသည်။ တောင်ဘက်တွင် ပေ - ၅၀၀ မှ ၂၀၀၀ ကျော်ထိ မြင့်မားမတ်စောက်ပြီး သစ်တောထူထပ်စွာ ပေါက်လျက်ရှိသော တောင်ကုန်းများ ရှိသည်။ 
တပ်ပေါင်း - ၃၀ အနက် ရန်သူတို့နှင့် စတင်တွေ့ထိချိန်တွင် အချို့အ၀က်သာလျှင် နမ့်မတူချောင်း (ဒုဠာဝတီမြစ်) ကို ဖြတ်ကူးရသေးသည် ဖြစ်ပေလိမ့်မည်။ မဟာစည်သူ ကိုယ်နှိုက်ပင် ချောင်း၏အနောက်ဖက်တွင် ရှိကောင်းရှ်ိပေမည်။

တပ်အားလုံးကူးပြီးလျှင် ရန်သူတို့နှင့် ရင်ဆိုင်သည့်တိုင် ရန်သူတို့က မည်သည့်ချောင်းကိုမှ မကူးရဘဲ ကုန်းမြင့်များတွင် အသင့်နေရာပြီး ဖြစ်နေပေလိမ့်မည်။ တပ်ပေါင်း - ၃၀ တပ်ဖြန့် စစ်ကစားရန် လွယ်ကူသော မြေ အနေအထားလည်း မဟုတ်၊ ကျယ်ပြန့်သော အကွက်လည်း မရှိပေ။
ကျွန်ုပ်တို့တပ်များ အားလုံး ရန်သူတို့နှင့် မတွေ့မီ ချောင်းကို ကူးပြီးဖြစ်လျှင် သော်လည်းကောင်း၊ ရန်သူတို့နှင့် ဤမျှနီးကပ်သည်ကို တပ်များ ချောင်းမကူးမီ ကြိုတင်ထောက်လှမ်း စုံစမ်း သိရှိခဲ့လျှင် သော်လည်းကောင်း စစ်သမိုင်းသည် ပြောင်းလဲ သွားပေလိမ့်မည်။

ရုတ်တရက် တွေ့ဆုံတိုက်ပွဲတွင် မိမိတို့က တပ်အနေအထား မကောင်းသော ဤအခြေအနေမျိုး၌ ၀န်ကြီးမဟာစည်သူ၏ စစ်ရေးသုံးသပ်ချက်သည် သူ၏ စိတ်နေ သဘောထားကို ပေါ်လွင်နေပေသည်။ သို့သော်လည်း စစ်တွင် ဤကဲ့သို့ ပွဲဦးမလှခြင်းမျိုး မဖြစ်ရလေအောင် စဉ်းစား ဆောင်ရွက်အပ်ပေသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။