Monday, November 25, 2013

အာဏာရှင်ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၁၁)

(မိုးမခ)


အိမ်ထောင်ရေးဘဝ
ဦးနေဝင်းသည် ၎င်း၏ ဘ၀တလျှောက်တွင် တရားဝင် အိမ်ထောင်ပေါင်း (၇) ကြိမ်ခန့် ကျခဲ့ပြီး ပထမဆုံး အိမ်ထောင်အဖြစ် ဒေါ်သန်းညွှန့်နှင့် ၁၉၃၁ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ဒေါ်သန်းညွှန့်သည် အပျိုမဟုတ်ပေ။ ပထမအိမ်ထောင်နှင့် သားတစ်ယောက်ပါခဲ့သူ ဖြစ်သည်။ ဒေါ်သန်းညွှန့်နှင့် ၁၉၃၇ ခုနှစ်အထိ ပေါင်းသင်းနေထိုင်၍ သားကိုသိန်း (တာတီး) ခေါ် ဦးကျော်သိန်းကို ဖွားမြင်ခဲ့သည်။ ဦးကျော်သိန်းသည် မြန်မာ့ရေနံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်မြို့နေ ဦးစိန်သီး၊ ဒေါ်ဆိုင်တို့၏ သမီး မကြည်ကြည်အေးနှင့် လက်ထပ်ခဲ့သည်။ ဦးကျော်သိန်းသည် အသက် ၄၅ နှစ်အရွယ် ၁၉၇၈ ၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ ဇနီးဒေါ်ကြည်ကြည်သိန်းသည် အသက် ၅၉ နှစ်အရွယ် ၁၉၉၇ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။


ထို့နောက် ဒေါ်တင်တင်နှင့် ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်အမှတ် ၁၀၆ ၌ လက်ထပ်ခဲ့သည်။ လက်ထပ်မင်္ဂလာပွဲသို့ ဦးနေ၀င်း၏ ဖခင် ဦးဖိုးခပါ တက်ရောက်ခဲ့သည်။ သခင်ရှုမောင်နှင့် ဒေါ်တင်တင်တို့မှ ၁၉၃၉ ခုနှစ်ခန့်တွင် သားကြီး ငွေစိုးကို ဖွားမြင်ခဲ့သည်။ သခင်ရှုမောင် ဂျပန်ပြည် ဟိုင်နန်ကျွန်းသို့ စစ်ပညာသင် သွားရောက်စဉ်က မောင်ငွေစိုးမှာ ၂ နှစ်သား အရွယ်မျှသာ ရှိသေးသည်။ ငွေစိုးသည် နောင်တွင် U.B.A လေကြောင်းဌာနတွင် လေယာဉ်မှူး ဖြစ်လာခဲ့သည်။ ဒုတိယသား အေးအောင်ဝင်း ခေါ် ကိုအေးအောင်ကို ၁၉၄၉ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

ယင်းနောက် ၁၉၅၂ မတ်လ ၁ဝ ရက် တနင်္လာနေ့တွင် ဒေါ်ခင်မေသန်း ခေါ် ကစ်တီဘသန်းနှင့် ရန်ကုန်ဆေးရုံကြီးအတွင်းရှိ ဆေးကျောင်းအုပ်ကြီးနေအိမ်၌ လက်ထပ်ခဲ့သည်။ ဒေါ်ခင်မေသန်းမှာ ခွဲစိတ်ဆရာဝန်ကြီးနှင့် ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်းနှင့် ဒေါ်ခင်ကြည်တို့၏ သမီးဖြစ်သည်။ ဒေါ်ခင်မေသန်း၏ ငယ်မည်မှာ ကစ်တီဘသန်း ဖြစ်သည်။

ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က ဦးနေဝင်းသည် ဒုတိယ မယားကြီး ဒေါ်တင်တင်နှင့် တရားဝင် မကွာရှင်းရသေးပေ။ ထို့ကြောင့် လက်ထပ်ပြီး ၃ ရက်အကြာတွင် မယားကြီး ဒေါ်တင်တင်က ၁၉၅၂ မတ်လ ၁၃ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာမှနေ၍ “ကျွန်မသာလျှင် ဗိုလ်ချုပ်နေဝင်း၏ မယားကြီးပါ” ဟူ၍ ခေါင်းစဉ်တပ်ကာ ကြေညာခဲ့လေသည်။

ဗမာ့ခေတ် သတင်းစာပါ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -

● ကျွန်မသာလျှင် ဗိုလ်ချုပ် နေ၀င်း၏ မယားကြီးပါ

ဗိုလ်ချုပ်နေ၀င်း၏ မယားကြီး ဒေါ်တင်တင်နှင့် သားနှစ်ယောက်တို့က  တိုင်းပြည်သို့ ကြေညာခြင်း

သတို့သား ပြည်ထောင်စု မြန်မာနိုင်ငံတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေဝင်းသည် မတ်လ ၁ဝ ရက်နေ့က သတို့သမီး ကစ်တီဘသန်းနှင့် လက်ထပ်ထိန်းမြားခဲ့ပြီဖြစ်သဖြင့် သတို့သား၏ မယားကြီး ဖြစ်သူ ဒေါ်တင်တင်က အောက်ပါ မတ်လ ၁၃ ရက် နေ့စွဲ ကြေညာချက်ဖြင့် တိုင်းပြည်အား တိုင်တည် လိုက်လေသည်။

နိုင်ငံတော် သမ္မတကြီး အမှူးပြု၍ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ ဗမာ့တပ်မတော် ရဲဘော်များ၊ ရဲဘော်ဟောင်းများနှင့်တကွ တိုင်းသူပြည်သား မြို့မိမြို့ဖ အပေါင်းတို့အား စစ်သေနာပတိချုပ် သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဇနီးဖြစ်သူ ကျွန်မ ဒေါ်တင်တင်နှင့် သားကိုငွေစိုး၊ ကိုအေးအောင်တို့က ရိုသေလေးမြတ်စွာ မေတ္တာရပ်ခံ တိုင်ကြား အစီရင်ခံပါသည်။

ကျွန်မ၏ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ် နေဝင်းသည် တပေါင်းလပြည့်နေ့က ရန်ကုန်ဆေးရုံကြီးဝင်း အတွင်းရှိ ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်းနှင့် ဇနီးဒေါ်ခင်ကြည်တို့၏ နေအိမ်တွင် ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်း၊ ဒေါ်ခင်ကြည်တို့၏ သမီး ကစ်တီဘသန်း နှင့် လက်ထပ်ပါသည်။

ကျွန်မနှင့် ဗိုလ်ချုပ်နေဝင်းတို့မှာ လွန်ခဲ့သော ၁၄ နှစ်ခန့် ၁၂၉၉ ခု ဒုတိယဝါဆိုလဆန်း ၁၁ ရက် (၁၉၃၇ ဇူလိုင်လ ၁၈ ရက်) တနင်္ဂနွေနေ့တွင် မောင်ဂိုမာရီလမ်း အိမ်နံပါတ် ၁ဝ၆ ၌ ဗိုလ်ချုပ်၏ ဖခင် ဦးဖိုးခ ကိုယ်တိုင် နှစ်ဦးနှစ်ယောက် မိဘများရှေ့၌အတိအလင်း လူသိရှင်ကြား ထိမ်းမြားမင်္ဂလာ လက်ထပ်ပေးခဲ့ ပါသည်။ ကျွန်မသည် ကျွန်မ၏ ခင်ပွန်းကို ယခုကဲ့သို့ ဗိုလ်ချုပ်ကြီး ဖြစ်လာလိမ့်မည်ဟုလည်း မမျှော်မှန်း မထင်မြင်မိခဲ့ပါ။ အင်္ဂလိပ်ကို ခုခံတိုက်ခိုက်သော မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်ကြီး တစ်ဦးအဖြစ်ဖြင့် ကြည်ညိုလေးစားပြီးလျှင် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ပျော်ရွှင်စွာ ငုံ့ခံခဲ့ပါသည်။ ထိုခံခဲ့ရသော ဒုက္ခများကို ကျွန်မ မပြောလိုတော့ပါ။ အင်္ဂလိပ်လက်ထက် နိုင်ငံရေးသမားများ၏ ဇနီးတိုင်း ကောင်းစွာ ခံစားခဲ့ဖူးကြပါသည်။

ဗိုလ်နေဝင်း ဂျပန်ပြည်သွားစဉ်အခါက ကျွန်မ၏ သားအကြီး ကိုငွေစိုးမှာ ၂ နှစ်သားမျှ ရှိပါသေးသည်။ ထို ၂ နှစ်သားကိုငွေစိုးနှင့် ကျွန်မမှာ ဆင်းရဲဒုက္ခ အမျိုးမျိုး ခံခဲ့ရပါသည်။

ဗိုလ်ချုပ် ဂျပန်ပြည်က ပြန်လာပြီးနောက် တာဝါလိန်းအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်ဖွင့်ထားသော အဆောက်အအုံ) တွင် ကျွန်မတို့ မိသားစုတစ်စု ပျော်ရွှင်စွာ အတူနေထိုင်ကြပါတယ်။  ဂျပန်တော်လှန်ရေးတွင် ကျွန်မနှင့်သားကိုငွေစိုးတို့မှာ ဂျပန်ရန်ဘေးမှ ရတနာသုံးပါးကျေးဇူးကြောင့် လက်မတင်ကလေး လွတ်မြောက်ခဲ့ကြရပါသည်။

မြန်မာပြည်ကြီး လွတ်လပ်ရေးရပြီးနောက် ကျွန်မ၏ ခင်ပွန်းသည် ဗိုလ်ချုပ်ကြီး ဖြစ်လာပါသည်။ ကျွန်မတို့မိသားစု ဝင်ဒါမီယာ အိမ်နံပါတ် ၂၁ တွင် အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြပါသည်။ ထိုအိမ်တွင်ပင် ၁၃၁ဝ ပြည့်နှစ် ဝါဆိုလဆုတ် ၈ ရက် (၁၉၄၉ ဇူလိုင်လ ၁၇ ရက်) တနင်္ဂနွေနေ့တွင် ဒုတိယမြောက် သားငယ် ကိုအေးအောင်ကို မွေးဖွားခဲ့ပါသည်။

ယခု ကျွန်မ၏ ယောက်ျားသည် တပေါင်းလပြည့်နေ့ (မတ် ၁ဝ ရက်) က ဒေါက်တာဘသန်း၏ သမီး ကစ်တီဘသန်းနှင့် လက်ထပ်ကြပါသည်။ ကျွန်မ၏ ယောက်ျားသည် မည်သည့်မိန်းမကို လက်ထပ်စေကာမူ ကျွန်မဒေါ်တင်တင်သာလျှင် မယားကြီးဖြစ်ကြောင်းကို နိုင်ငံတော် သမ္မတကြီးနှင့်တကွ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတော်ခေါင်းဆောင်များ၊ ဗမာ့တပ်မတော် ရဲဘော်ကြီးများ၊ ရဲဘော်ဟောင်းများနှင့်တကွ၊ မြို့မိမြို့ဖ၊ တိုင်းသူပြည်သားတို့အား ကျွန်မ ဒေါ်တင်တင်နှင့် တကွ သားကြီးကိုငွေစိုး၊ သားငယ်ကိုအေးအောင်တို့က ရိုသေလေးမြတ်စွာ မေတ္တာရပ် တိုင်ကြားအပ်ပါသည်။

မြို့မိမြို့ဖများ၏ မေတ္တာရိပ်ကို ခိုလှုံလျက်ရှိသော…
(ပုံ) ဒေါ်တင်တင်
(ပုံ) ငွေစိုး (သားကြီး)
(ပုံ) အေးအောင် (သားငယ်)

ဦးနေ၀င်းနှင့် လက်ထပ်ခဲ့သော ဒေါ်ခင်မေသန်းသည် အပျို မဟုတ်ပေ။ ၎င်း၏ ပထမအိမ်ထောင်မှာ ဒေါက်တာတောင်ကြီး (ဝန်ကြီးချုပ် ဦးနု သမီး ဒေါ်စန်းစန်းနု၏ ခင်ပွန်း ဗိုလ်မှူးသက်တင်၏ အကို) ဖြစ်ပြီး ၎င်းနှင့် သမီးလီလီဝင်းနှင့် အမြွှာသမီးများ ဖြစ်ကြသော သီတာဝင်း၊ သော်တာဝင်း တို့ ထွန်းကားခဲ့သည်။ ဒေါက်တာတောင်ကြီးနှင့် တရားဝင် ပြတ်စဲခြင်း မရှိဘဲ ဒေါ်ခင်မေသန်းအား လက်ထပ်ခဲ့မှုကြောင့် တပ်မတော်အက်ဥပဒေဖြင့် ဝန်ကြီးချုပ် ဦးနုက အရေးယူရန် ပြင်ဆင်နေစဉ် ဝန်ကြီးချုပ်အား ဝိဓူရ သခင် ချစ်မောင်အပါအဝင် အခြားနိုင်ငံရေး ခေါင်းဆောင်များ ၀ိုင်းဝန်းတားမြစ်ခဲ့သဖြင့် ဖြုတ်မပစ်ခဲ့ရပေ။

ဦးနေဝင်းသည် ဒေါ်ခင်မေသန်းနှင့် လက်ထပ်ပြီးနောက် သမီး စန္ဒာဝင်း၊ ဖြိုးနေဝင်း၊  ကြေးမုံဝင်းတို့ ထွန်းကားခဲ့သည်။ ထို့ကြောင့် ရင်းနှီးသူများက ဦးနေဝင်းနှင့် ဒေါ်ခင်မေသန်းတို့ သားသမီး ထွန်းခဲ့မှုအပေါ် You three, I three, plus three ဟူ၍ နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြသည်။ သမီးစန္ဒာဝင်းကို ၁၉၅၂ တွင်ဖွားမြင်ခဲ့သည်။ဒဂုန်-၁ တွင်ငယ်စဉ်ကကျောင်းနေခဲ့သောလည်းအင်္ဂလိပ်စာအလွန်ညံ့ဖျင်းသောကြောင့် စင်ကာပူကျောင်းဝင်ခွင့်စာမေးပွဲ၌ကျရှုံးခဲ့ရသည်။စစ်သူနာပြုတက္ကသိုလ်တက်၍စစ်သူနာပြုဗိုလ်မှူး အ ဆင့်ဖြင့်ထမ်းရွက်နေသော်လည်းသူ၏ဆေးကုသမှုကိုမည်သူမျှမခံရဲဟုသိရပေသည်။       ထို့  နောက် ဖခင် အရှိန်အဝါဖြင့်စီးပွားရေးလုပ်ကိုင်ခဲ့ရာသူပိုင်ဆိုင်သောမရမ်းကုန်းမြို့ နယ်ရှိကွန်းကော့ဟိုတယ်သည် နာ မည်ကြီးနိုက်ကလပ် တစ်ခုဖြစ်လေရာ နိုင်ငံခြားသားများအကြိုက် တွေ့ စေသည့် ပြည့်တန်ဆာတိုပျော်မြူးရာနိဗာန်ဘုံ တခုဖြစ် ခဲ့လေသည်။ပိုက်ဆံရှိ သားသမီးများနှင့် နာမည်ကြီး  ပုဂ္ဂိုလ်တို့ ၏သားသမီးတို့ သည်မောက်မာ၍မိုးမမြင် လေမမြင်နေနိုင်တတ်ရာ ၁၉၉၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံရဲချုပ်စံသိန်း၏သမီးကားနှင့်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာထိုစဉ်ကထောက်လှန်းရေးမှူးခင်ညွန့် လာ ရောက်ဖြေရှင်းပေး၍ကိစ္စပြီးသွားလည်း ရဲချုပ်စံသိန်းသည်ရဲချုပ်မှပြုတ်၍ဖိလစ်ပိုင်သံအမတ် အဖြစ်နယ် နင်ခံလိုက်ရသည်။ထို့ နောက်ဂျာမနီနိုင်ငံဆိုင်ရာမြန်မာသံအမတ်အဖြစ်ပြောင်းရွှေ့ ခံရပြိးနောက် ၂ဝဝ၃ ခုနှစ်တွင်အငြိမ်းစားပေးခံလိုက်ရသည်။စန္ဒာဝင်းသည်ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံ ကာလအတွင်း တွင်အဖျက်အမှောင့်တန်ပြန်သပိတ်ကော်မတီဝင်(၁၁)ဦ်း၌တဦးအပါအဝင်ဖြစ်လျက် အဖျက်အမှောက် လုပ်ငန်းများကိစ္စ၌ ပါဝင်ပတ်သက်နေသည်ဟု ကောလာဟလ သတင်းများထွက်ပေါ်ခဲ့ သေးသည်။

ထို့နောက် ၁၉၇၂ ခုနှစ်တွင် ဒေါ်ခင်မေသန်း ကွယ်လွန်သွားပြီးနောက် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာကထိက ဆရာမကြီး ဒေါ်သိန်းညွှန့်အား လက်ထပ်ခွင့် တောင်းခဲ့သေးသည်။ ဒေါ်သိန်းညွှန့်က ဦးနေ၀င်း မိန်းမရှုပ်တတ်သည်ကို သိထား၍ ငြင်းပယ်ခဲ့လေသည်။ ထို့နောက် နောင်တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ကမာရွတ်မြို့နေ အဖ ဦးလှ ၊ အမိ ဒေါ်အေးမြင့်တို့၏ သမီး ဒေါ်နီနီမြင့် (မဟာဝိဇ္ဇာ – သမိုင်း) နှင့် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့တွင် လက်ထပ်ခဲ့သည်။ ဒေါ်နီနီမြင့်နှင့် သားသမီး မထွန်းကားခဲ့ပါ။ ဦးနေဝင်းနှင့် လက်ထပ်စဉ်က ဒေါ်နီနီမြင့်သည် အသက် ၃၂ နှစ်ရှိပြီး ဦးနေဝင်းသည် အသက် ၆၃ နှစ် ရှိနေပြီ ဖြစ်သည်။
ယင်းနောက် ဒေါ်နီနီမြင့်နှင့် ကွာရှင်းပြီးနောက်  John Rose Bellamy ခေါ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး (၁၈၂၀ ဇန်န၀ါရီ ၃၁ – ၁၈၆၆ သြဂုတ် ၂) ၏ မြစ်ရတနာနတ်မယ်နှင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လက်ထပ်ခဲ့သည်။ ၂၅-၁၂-၁၉၇၆ ရက်စွဲပါ ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် ဦးနေဝင်းနှင့် ရတနာနတ်မယ်တို့၏ လက်ထပ်မင်္ဂလာပွဲ သတင်းကို ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်။
ရတနာနတ်မယ်၏ မိခင်မှာ လင်းပင်ထိပ်တင်မလတ်ဖြစ်ပြီး အိမ်ရှေ့စံ ကနောင်မင်းသားနှင့် ကိုယ်လုပ်တော်ရ သခင်ကြီး ခင်ဖော့တို့၏ သားတော် လင်းပင်မင်းသားနှင့် ရေနံ့သာခင်ခင်ကြီးတို့၏ သမီးဖြစ်သည်။ လင်းပင်ထိပ်တင်မလတ်သည် အသက် ၃၄ နှစ်အရွယ်တွင် သူ့ထက်  အသက် ၁၆ နှစ်ကြီးသော သြစတြေးလျနိုင်ငံသား အင်္ဂလိပ်လူမျိုး မြင်းပွဲဒိုင် (horse race referee) နှင့် သစ်ခွေစုဆောင်းသူ မစ္စတာဟားဘတ်ဘယ်လာမီ (Mr.Herbert Bellamy) နှင့် လက်ထပ်ခဲ့သည်။ ၄ နှစ်အကြာ ၁၉၃၂ ဇွန်လ ၁ ရက်တွင် ရတနာနတ်မယ်ကို မွေးဖွားခဲ့သည်။

ရတနာနတ်မယ်၏မိခင် လင်းပင်ထိပ်တင်မလတ်သည် ဖခင် လင်းပင်မင်းသားကြီး အိန္ဒိယ၌ နေထိုင်နေစဉ်က အထက်တန်းလွှာများနှင့် ရင်းနှီးဝင်ဆံ့ခဲ့သည်။ အရှေ့တိုင်း တိဘက်တောင်တန်းဒေသ နိုင်ငံတစ်ခုမှ အိမ်ရှေ့မင်းသားတစ်ပါးနှင့် စေ့စပ်ခဲ့ဖူးသည်။ သို့သော် လက်ထပ်ပွဲမတိုင်မီ ရက်အနည်းငယ် အလိုတွင် အဆိပ်ခံရကာ ကွယ်လွန်သွားခဲ့သဖြင့် လက်ထပ်မင်္ဂလာပွဲ ပျက်သွားခဲ့ရသည်။ ထို့နောက် မြန်မာပြည်သို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ရန်ကုန်တွင် လင်းပင်ထိပ်တင် မလတ်သည် မစ္စတာ ဘယ်လာမီနှင့် တွေ့ဆုံမေတ္တာမျှကာ လက်ထပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ရတနာနတ်မယ်ကလေး ငယ်စဉ်က လင်းပင်ထိပ်တင်မလတ်တို့၏ မိသားစုသည် အိန္ဒိယပြည်သို့ စစ်ပြေးခဲ့ကြရသည်။ အိန္ဒိယတွင် ရတနာနတ်မယ်က သာသနာပြုကျောင်း၌ ပညာသင်ယူခဲ့ရသည်။ သာသနာပြု ဆရာမများက သွေးနှောသူကလေးမို့ ချိုးနှိမ်ဆက်ဆံခဲ့ကြ၏။ ရတနာ နတ်မယ်ကလေးကလည်း သူ့အပေါ် အရှက်ခွဲ၍ ပြန်ရွှဲ့ရာမှ ကျောင်းထုတ်ခံရသည်အထိ ဖြစ်ခဲ့သည်။ အသက် ၁၄ နှစ်အရွယ်တွင် ရတနာနတ်မယ်တို့ မေမြို့ (ပြင်ဦးလွင်) သို့ ပြောင်းရွှေ့နေထိုင်ကြသည်။ ပြင်ဦးလွင်မြို့ စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်းမှာ အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး မြင်းစီးနှင့် တင်းနစ်ရိုက် ကျွမ်းကျင်သူလည်းဖြစ်သည်။

ခရမ်းရောင်လွင်ပြင် (The Purple Plain) တွင် မင်းသားကြီး ဂရေဂရီပက် (Gregory Peck) နှင့် တွဲ၍အခါက ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရုပ်ရှင်ရိုက်ကူးရန် ရတနာနတ်မယ်နှင့် ဦးစွာ သဘောတူခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသည့် ကိစ္စရပ်များကို ထုတ်လုပ်သူဘက်မှ တောင်းဆိုချက်များကြောင့် ဖျက်သိမ်းခဲ့ရသည်။ နောက်ပိုင်းတွင်  ဝင်းမင်းသန်း (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ၏ ဇနီး) နှင့် ရိုက်ဖြစ်သွားခဲ့သည်။ ရတနာနတ်မယ်သည် အသက် ၂၂ နှစ်အရွယ်တွင် အီတာလျံလူမျိုး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာပြည်တွင် တာဝန်ကျနေသော ဆရာဝန် မာရီယိုပိုစကီဂရီယိုနီ (Mario Posti-glione) နှင့် လက်ထပ်ခဲ့လေသည်။ ယင်းနှင့် သားနှစ်ယောက် မိုက်ကယ်နှင့် မောရစ်တို့ ထွန်းကားခဲ့သည်။

တစ်ကြိမ်တွင် ကွန်မြူနစ်တို့က ရတနာနတ်မယ်၏ အမျိုးသားကို ပြန်ပေးဆွဲခဲ့လေသည်။ အကျိုးအကြောင်း ရှင်းပြ မေတ္တာရပ်ခံမှ သူ့အမျိုးသားကို ပြန်လွှတ်ပေးခဲ့သည်။ ဤတွင် မြန်မာနိုင်ငံအစိုးရက မြန်မာပြည်မှ ထွက်ခွာသွားကြရန် အကြံပြုသဖြင့်  ခင်ပွန်းဖြစ်သူ ဇာတိ အီတလီနိုင်ငံသို့ လိုက်ပါသွားရသည်။ အီတလီတွင် အခြေချနေထိုင်စဉ် သဘောချင်း မတိုက်ဆိုင်သဖြင့် ရတနာနတ်မယ်သည် ခင်ပွန်းသည်နှင့် ကွာရှင်းပြတ်စဲ၍ သားနှစ်ဦးနှင့်သာ အီတလီနိုင်ငံတွင် ဆက်လက်အတူနေထိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ် နှစ်ဦးပိုင်းတွင် မေမြို့ (ပြင်ဦးလွင်) ၌ ဖခင်ကြီး ဘယ်လာမီ ဆုံးပါးသွားသဖြင့် ရတနာနတ်မယ် ပြည်တော်ပြန်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် ရောမမြို့ရှိ မြန်မာသံရုံးမှ ဗီဇာမရသဖြင့်  အခက်အခဲ ဖြစ်နေရာ ဦးနေဝင်းဇနီး ကစ်တီဘသန်းနှင့် လူပုဂ္ဂိုလ်ချင်း ရင်းနှီးခဲ့ဖူး၍ အကူအညီ တောင်းခံရာမှ ဦးနေဝင်းနှင့် ရင်းနှီးသွားခဲ့သည်။ ထို့နောက် ဦးနေဝင်း ဥရောပတိုက်သို့ ရောက်ရှိနေစဉ်အတွင်း တချိန်က ကူညီခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း သွားရောက်တွေ့ဆုံ ပြောကြားရာမှ သူ့ဇနီးကစ်တီသေဆုံးကြောင်း သိခဲ့ရသည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ ဦးနေဝင်းနှင့် ဆက်သွယ်မိပြီး တစ်နှစ်အကြာတွင် ဦးနေဝင်းမှ လက်ထပ်ခွင့်တောင်းခဲ့ရာ နောက်ဆုံးလက်ထပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၅ လမျှ ပေါင်းဖြစ်လိုက်ကြသည်။ ဦးနေဝင်းနှင့် ရတနာနတ်မယ်တို့ အကြောင်းကိုပင် ဦးနေ၀င်းနှင့် ရက်ပေါင်း ၁ဝဝ ဆိုသော စာအုပ်ရေးမည်ဟု သတင်းထွက်လိုက်သေး၏။ သို့သော်အကြောင်းကြောင်းကို ထောက်၍ မရေးဖြစ်တော့ဟု သိရသည်။

ယခုအခါ ရတနာနတ်မယ်သည် အသက် ၇၁ နှစ်ရှိပြီး အီတလီနိုင်ငံ Tuscany ပြည်နယ် ဖလော်ရင့်မြို့တွင် နေထိုင်လျက် သူ့အိမ်၌ပင် အချက်အပြုတ်သင်တန်းကျောင်း ဖွင့်လှစ်ထားသည်။ သင်တန်းကျောင်း၏ အမည်ကို အီတလီဘာသာဖြင့် The Associazione Culturele Artee Gastronomia Orientale Studio ပေးထားသည်။

အီတလီဆောင်းပါးရှင်တစ်ဦးက ရတနာနတ်မယ် သွားရောက်တွေ့ဆုံစဉ် အနောက်နိုင်ငံ စပိုင်လုပ်၍ ဦးနေ၀င်းက မောင်းထုတ်ခဲ့သည်ဟု ဆိုခြင်းကို ဟုတ်မဟုတ် မေးမြန်းရာ ရတနာနတ်မယ်က ရယ်၍ ငြင်းဆိုခဲ့ပါသည်။ သို့သော်ဦးနေဝင်းက ဆေးလိပ်ပြာခွက်နှင့် ပစ်ပေါက်ခဲ့ပုံ ကိုမူ ဝန်ခံခဲ့သည်။ တရုတ်ပြည်မှ ပြန်လာပြီး နောက်တစ်နေ့တွင် စင်းလုံးဌားလေယာဉ်ဖြင့် မြန်မာပြည်မှ ပြန်လည်ထွက်ခွာလာခဲ့သည်။ လွန်ခဲ့သော ၂၄ နှစ်ခန့်က သားကြီးနှင့်အတူ မြန်မာပြည်သို့ တစ်ခေါက်ပြန်၍ အဖိုးဖြစ်သော လင်းပင်မင်းသားကြီး၏ အုတ်ဂူကို ရှစ်ခိုးကန် တော့ကာ သံဃာအပါး ၁၂၀ ကို အာရုဏ်ဆွမ်း ကပ်လှူခဲ့သေးသည်။ သူသည် နာဂစ်မုန်တိုင်းဒဏ်ခံရပြီး မကြာမီကာလ၌ အသက် ၂၅ နှစ်အရွယ် မြေးကလေးနှင့်အတူမြန်မာပြည်သို့လာရောက်ကာနာဂစ်ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သေးသည်။

ဦးနေဝင်းသည် ရတနာနတ်မယ်နှင့် အိမ်ထောင်ရေး ပြိုကွဲပြီးနောက် ဒေါ်နီနီမြင့်နှင့် ပြန်လည် ပေါင်းထုတ်ခဲ့သည်။ ထို့နောက် ၎င်းအသက် ၇၇ နှစ်၌ အသက် ၂၅ နှစ်အရွယ် ရခိုင်အမျိုးသမီး ဒေါ်ကြာစံအား လက်ထပ်ခဲ့သည်ဟု ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။