Tuesday, November 12, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၉)

(စည်းလုံးခြင်းရဲ့အင်အား)
ရှေးခေတ် တရုတ် Qin တပ်မှ မြင်းစစ်သည်တော်


မြန်မာတို့၏ ထက်ကြပ်လိုက်စစ်

မင်ဂျွီ၏တပ်များသည် သုံးဆယ်မှ မိုင်းလုံ (MONG-L0NG) ဘက်သို့လှည့်၍ တက်သည်နှင့် ကသည်းဝန်နှင့် ဆယ်တပ်၊ တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ စစ်သည်အင်အားတစ်သောင်း လက်ဝဲကြောင်း။ မက္ခရာဗိုလ်နှင့် ဆယ်တပ်၊ တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ စစ်သည်သူရဲတစ်သောင်း လက်ယာကြောင်း။ ၀န်ကြီးမဟာစည်သူမှာ တပ်ပေါင်းဆယ်တပ်၊ တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ စစ်သည်သူရဲတစ်သောင်းနှင့် အလယ်ကြောင်းနေပြီးလျှင် စစ်သုံးကြောင်းဖြန့်၍ လိုက်ကြသည်။ ရန်သူတို့သည် အထောက်ထောက် တပ်ခံထား၍ ဆုတ်ခွာကြသည်။ နောက်ချန်တပ်ကို မင်ဂျွီ (MIN JUI)၊ ကွမ်ယင်ပေါ (KUAN-YIN-PAO) နှင့် ဟကိုဆင် (HA-KUO-HSING)တို့ အလှည့်ကျ ကွပ်ကဲကြသည်။ ဘော်တွင်းကိုဖြတ်၍ သိန္နီဘက်သို့ ချီတက်ကြသည်။


သို့ဖြစ်၍ မဟာစည်သူသည် မဏိစက်နှင့် သေနတ်စွဲသူရဲတစ်ထောင်၊ သမန္တရဲနှင့်သေနတ်စွဲ သူရဲတစ်ထောင်၊ အဂ္ဂရဲနှင့် သေနတ်စွဲသူရဲတစ်ထောင်၊ သိင်္ခပျံချီနှင့် သေနတ်စွဲ သူရဲတစ်ထောင်တို့ကို တရုတ်တို့တပ်နောက်သို့ ပတ်မိအောင် လက်ဝဲ၊ လက်ယာမှ ညအခါ တိတ်တဆိတ် ချီရမည်။ နံနက်အလင်းရောင်ရသည်နှင့် တပြိုင်နက် တရုတ်တို့တပ် လက်ဝဲစွယ်၊ လက်ယာစွယ်တို့ကို တိုက်ရမည်။ နောက်ကတိုက်သည့် ပြောင်းသေနတ်သံကြားလျှင် ငါတို့တပ် စစ်သုံးကြောင်း တရုတ်တပ်ကိုငင်၍ နင်းမည်ဟု ချိန်းချက် ချီတက်သွားစေသည်။

မဏိစက်၊ သမန္တရဲ၊ အဂ္ဂရဲနှင့် သိင်္ခပျံချီတို့သည် ရန်သူတပ်များ၏ လက်ဝဲ၊ လက်ယာမှ ညအခါ တိတ်တဆိတ် ချီတက်သွားကြသည်။ မန်ဝှေ (MAN-HUE) အနီးတောင်စပ်မှ နံနက်လင်းအားကြီးတွင် ပုန်းကွယ်နေပြီးလျှင် တရုတ်တပ်၏ လက်ဝဲစွယ်၊ လက်ယာစွယ်ကို မဆုတ်မဆိုင်း တက်သည်။ တရုတ်တို့လည်း သိန္နီမှတပ်များ သူတို့အားဘိသည်မှတ်၍ နောက်ကိုသာ အားကြိုး၍ခံသည်။ ထိုအခိုက် အသင့်ပြင်ဆင်ထားသော ၀န်ကြီးမဟာစည်သူသည် စစ်သုံးကြောင်းဖြန့်၍ အဆိုင်းအတွမရှိ ဆင်ပါမြင်းပါနင်းပြီး ရန်သူတို့အား ရွပ်ရွပ်ချွံချွံ ထိုးခုတ်ပစ်ခတ် တိုက်ခိုက်စေသည်။ ရန်သူတို့ အကျအဆုံး များလှ၏။

မင်ဂျွီသည် စုရုံးမိသမျှ စစ်သည်တို့ကို စုရုံးပြီး သိန္နီလမ်းမှလွှဲ၍ မြောက်ဖက်သို့ ဆုတ်ခွာသွားလေသည်။
ဝန်ကြီးမဟာစည်သူတို့လည်း ရန်သူတို့နောက်သို့ချီ၍ ဆက်လိုက်ကြသည်။ လာရှိုးအနောက် နောင်ပေါ်အရပ်တွင် သိန္နီမှချီလာသော ၀န်ကြီးမဟာသီဟသူရ စစ်ကြောင်းနှင့် ဆုံမိကြသည်။

မြန်မာ ဆင်ဖြူရှင်မင်း လက်ထက် တရုတ် - မြန်မာ တတိယ စစ်ပွဲပြ မြေပုံ

တရုတ်ဗိုလ်ချုပ် အာတင်အော (E-ERH-TENG-O) စစ်ကြောင်း
မိုင်းမောမှချီလာသော အာတင်အောသည် ကောင်းတုံမှ ခံနေသော ဗလမင်းထင်တပ်ကို အထပ်ထပ် ၀ိုင်းရံ လုပ်ကြံသော်လည်း မိမိတို့ဘက်တွင်သာလျှင် အကျအဆုံး များစွာဖြစ်ပြီး အရှုံးထွက်သည်ကို တွေ့ကြုံနေရလေသည်။

ကောင်းတုံခံတပ်ကို ဤသို့စီစဉ်သည်ဟု ဆိုသည်။ တပ်တွင်းတပ်ခြေများကို စောက်ငါးတောင်၊ အနံခုနှစ်တောင် မြေဖို့သည်။ တပ်ထိပ်တွင်လည်း သူရဲပြေး၊ သူရဲခို၊ မီးမောင်းစီရင်သည်။ တပ်ဝက်ခေါင်းထောင့်ချိုး များကလည်း နှစ်ပိသာ၊ သုံးပိသာဝင် အမြောက်များကို ခင်းထား၍ မီးစာကောက်ကိုင်သူတို့နှင့် အသင့်စီစဉ် ခင်းထားသည်။ တပ်ပြင်ကလည်း ဆင်ခလုတ်၊ မြင်းခလုတ်၊ ကတုတ်၊ ဆူးငြှောင့်မကာန်း၊ တွင်း၊ ကျင်း၊ မြင်းတား၊ သမင်ချိုစိုက်၍ အလျားနှစ်ဆယ့်ငါးတောင်၊ အတောင်သုံးဆယ်၊ ထုလေးဆုပ်ခွဲ၊ ငါးဆုပ်ရှိသစ်ကို တိုင်တိုနှစ်လုံးချက်ရိုက်၍ စိုက်ပြီးလျင် ထိုသစ်ရှည်ကို ကြိုးစက်ယန္တရားနှင့် ဆွဲငင်၍ တပ်တွင်းက ခလုတ်ဖြုတ်ရန်နှင့် ကိုင်းဖြစ်ထားသည်။ 
တပ်ထိပ်ပစ်စင်များက သေနတ်အမြောက်၊ သူရဲသူခက်အပြည့် တင်ထားပြီးလျှင် ပွဲညက်ရည်၊ သလွဲရည်များလည်း အသင့်စီရင်၍ တပ်တွင်းက ကြံ့ကြံ့ခံနေလေ၏။

တရုတ်တို့လည်း တပ်အင်အား ထူထပ်စွာနှင့် ကောင်းတုံမြို့ကို ၀န်းအုံပြီးလျှင် မြို့တက်လှေကား၊ ဓား၊ တူရွင်း၊ ပေါက်ဆိန်၊ ချိတ်၊ ကြိုး စွဲကိုင်၍ တပ်သို့ချဉ်းလာသည်။ တပ်တော်တွင် အထက်က စီရင်သည့် မကာန်း၊ တွင်း၊ ကျင်း၊ ထူထပ်လှသောကြောင့် မချဉ်းမကပ်နိုင်ရှိသည်တွင် တပ်ထိပ်ပစ်စင်များက ရဲမက်တော်တို့ စီစဉ်ခင်းထားသည့် သေနတ်အမြောက်များနှင့် ပစ်လွှတ်ရာ တရုတ်အများ ထိခိုက် သေဆုံးလေသည်။ တရုတ်တပ်မှူး ဗိုလ်မှူးတို့ အကွပ်အကဲ နာလှသောကြောင့် အရပ်အဆိုင်းမရှိ၊ ရေစီး၏သို့ ထပ်ထပ်ကာ သေသည့်သူကောင်ကို ကတုတ်ပြု၍ တပ်ရင်းသို့ ချဉ်းလာကြပြန်သည်။ ယန္တရားနှင့် စီရင်ထားသည့် လောက်လွှဲ၊ တုံးမောင်း၊ စက်ကြိုးများကို ကောင်းတုံခံတပ်တွင်းမှ ဖြုတ်လွှတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်တွင် တရုတ် ၁၀၀ - စု၊ ၂၀၀ - စုသေလေသည်။ တရုတ်တို့လည်း မရပ်မဆိုင်း တပ်ရင်းသို့ချဉ်း၍ တပ်တိုင်ကို တူးသူတူးသည်၊ လှေကားထောင်၍ တက်သူတက်သည်၊ တပ်တိုင်ကို ချိတ်ကြိုးနှင့် ဆွဲသူဆွဲသည်။ ဗလမင်းထင်၏ သူရဲတော်တို့လည်း အကြောက်အရွံ့မရှိ တပ်တွင်းဆွဲထားသည့် တုံးမောင်းတို့နှင့် ပစ်ချသည်၊ ပွဲညက်ရည်၊ သလွဲရည်များနှင့် လောင်းချသည်။ တပ်ထိပ်ပစ်စင်များကလည်း ဓား၊ လှံ၊ သေနတ်၊ တုတ်၊ တင်ကျည်း စွဲကိုင်၍ ရွပ်ရွပ်သိသိ ထိုးခုတ် ပစ်ခတ် ရိုက်နှက်သောကြောင့် တပ်တော်သို့ မပေါက်ရောက်နိုင်၊ သေကြေပျက်စီးသည့် လူကောင်အထပ်ထပ် ရှိလေသည်။

အာတင်အောသည် ကောင်းတုံရှိ ဗလမင်းထင်တပ်ကို တစ်လကျော်ကျော် ၀ိုင်းဝန်းလုပ်ကြံသော်လည်း ရည်မှန်းချက်မပေါက် ဖြစ်နေတော့သည်။ ထိုအခိုက် သုံးဆယ်တွင်ရှိနေသော မင်ဂျွီထံသို့ အလျှင်အမြန် ဖြတ်ဆင်းသွားရောက်ရန် ဘုရင်ဧကရာဇ်ထံမှ အမိန့်ပေးပို့လာသည်။ သို့ဖြင့် ဟန်တာ (Han-T’A) သို့ထွက်သည်။ သိန္နီရှိတပ်များ အ၀ိုင်းခံနေရ သည်ကိုလည်း အာတင်အော ကြားသိရသည်။ ယူနန်ဘုရင်ခံချုပ်ထံမှ အမိန့်စာ ခုနှစ်စောင် တစ်စောင်ပြီးတစ်စောင် ဆက်ကာဆက်ကာ ရောက်လာသည်။ တစ်စောင်ကိုမျှ ပြန်ကြားခြင်း မပြုနိုင်ခဲ့။ နောက်ဆုံး၌ ကွေ့ကောက်သောလမ်းဖြင့် တရုတ်ပြည်သို့ ပြန်လေသည်။

မင်ဂျွီကျဆုံးသော မုံးယုလေးတိုက်ပွဲ
မင်ဂျွီသည် မုံးယုလေး (LESSER MONG YU) တွင် တပ်ချ ရပ်နားနေသည်ဟု ဗိုလ်မှူးဝန်ကြီးများ စုံစမ်းသိရှိကြသည်။ မုံးယုလေးသည် သူ၏အခြေခံစခန်းဖြစ်သော ၀မ်တိမ် WAN-TING မှ မိုင် - ၇၀ မျှသာ ဝေးတော့သည်။

သို့ဖြင့် ၀န်ကြီးမဟာစည်သူ စစ်ကြောင်းနှင့် မဟာသီဟသူရ စစ်ကြောင်းတို့သည် ပူးပေါင်းပြီး မုံးယုလေးသို့ ဆက်လက် လိုက်ကြသည်။ မင်ဂျွီသည် တပ်ပေါင်းခုနှစ်တပ်ဖြင့် ခံသည်။ စစ်ပန်းလှပြီဖြစ်သော သူ၏တပ်များသည် ကြာရှည် မခံနိုင်တော့ပေ။ မန်ချူးဗိုလ်ချုပ် ကိုယ်ရံတော်တပ်မှူး ချာလိန်ဖုံအာ (CHA-LA-FENG-A) သည် ကျည်သင့်၍ ကျဆုံးလေသည်။ ခရစ်သက္ကရာဇ် ၁၇၆၈၊ မတ်လ ၂၇ - ရက် တိုက်ပွဲဒုတိယနေ့တွင် မင်ဂျွီနှင့် ကွမ်ယင်ပေါ KUAN-YIN-PAO) တို့လည်း ကျဆုံးကြသည်။ မင်ဂျွီ၏အလောင်းကို စစ်မြေပြင် သစ်ပင်ကြီး တစ်ပင်အောက်တွင် ကောင်းမွန်စွာ မြုပ်နှံ သဂြိုဟ်ထားခဲ့ကြပြီး ပါတူဟူ (PA-TU-HU) နှင့် စစ်သည်အချို့သာ ၀မ်တိမ်သို့ လွတ်မြောက်လာကြသည်။ မြန်မာတပ်တော်များသည် မင်ဂျွီကျဆုံးသည်ကို မသိကြပေ။

အကြီးချဲ့ ကြည့်လိုရင် ဒီနေရာကို နှိပ်ပါ

ဝန်ကြီးမဟာစည်သူနှင့် မဟာသီဟသူရတို့သည် တရုတ်တို့တပ် ဆိုသမျှ မရပ်မတင်း ဆုတ်ခွာ ထွက်ပြေးသည်ကို လိုက်လံ တိုက်ခိုက်ကြရာ အရေးတော် ပြီးပြေကုန်တွင်လျှင် ရလိုက်သည့် မြင်း၊ လား၊ လက်နက် သုံ့ပန်း လူသူတို့ကို သိမ်းယူ၍ မြန်မာ ၁၁၂၉ - ခု၊ တပေါင်းလပြည့်ကျော် - ၁၄ ရက်နေ့ ခြေရင်းတော်သို့ ပြန်ခဲ့ကြသည်။

နိုင်ငံတော်၏ အားအထားရဆုံး စစ်သူကြီးမင်ဂျွီ ကျဆုံးသဖြင့် ဧကရာဇ်ဘုရင်နှင့်တကွ နိုင်ငံတော်အ၀ှန်း ယူနန်ပြည်သူပြည်သားများ အပါအ၀င် တိုက်ပွဲတွင် အတူအမှုထမ်းဖူးကြသော တပ်ဗိုလ်၊ တပ်သားတို့သည် မျက်ရည်မကျဘဲ မင်ဂျွီအကြောင်းကို ပြောပြကြသည် မရှိပေ။ နှမြောတသသ ပူဆွေးလျက်သာ ရှိကြသည်။ 

 ဧကရာဇ်ဘုရင်က တာဝန်မကျေသော စစ်သူကြီး အာတင်အောကိုမူကား ဈေးလယ်တွင် ရင်ခွဲ၍သတ်ရန် သေဒဏ်ပေးလေသည်။ သူ၏ဖခင်၊ သားနှင့်ညီများကို ထောင်သွင်း အကျဉ်းထားစေ၏။ သူ၏ဇနီးအား ကိရ်ဂစ်ဒေသ (KIRGHIES) သို့ ကျွန်အဖြစ် ပို့စေသည်။ သူ့ဦးကြီး၏ ဇနီးကိုလည်း အလားတူ ဒဏ်ခတ်ရန်ဖြစ်သော်လည်း သတ်သေခွင့်တောင်း၍ ခွင့်ပြုလိုက်သည်။ သူ၏သမီးများကို လင်ယောက်ျားများထံမှ အတင်းဆွဲယူ၍ အကျဉ်းချထားစေသည်။ သူ၏ဦးလေးနှင့် တူများကို တာကစ်စတင် (TURKISTAN) သို့ ကျွန်အဖြစ် ပို့စေလေသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။