(စည်းလုံးခြင်းရဲ့အင်အား)
စစ်သူကြီး မဟာဗန္ဓုလ၏ ချပ်ဝတ်တန်ဆာ
ဂုတ်တွင်းတိုက်ပွဲ။ ၀န်ကြီးမဟာစည်သူသည် တပ်ပေါင်း သီပေါအနီးမှ ဂုတ်တောင်အနားသို့ ဆုတ်ခွာ နေရာယူစေသည်။
သီပေါ့မှနောင်ချိုသို့ ယခု ၅၂ - မိုင် ဝေးသည်။ ရှေးခေတ်ချီတက်နှုန်းအရ ၂ - ညအိပ်၊ ၃ -ရက် ခရီးခန့်ဖြစ်သည်။
ရန်သူတို့သည် သီပေါချောင်း (ဒုဠ၀တီမြစ်) ကို ဖောင်များဖြင့် ဖြတ်ကူးကြသည်။
ထိုအချိန်အခါတွင် ချောင်းသည် ၅ - ပေကျော်မျှနက်ပြီး ကိုက် - ၁၅၀ မှ ၂၀၀ - ခန့်ထိ ကျယ်သည်။ ဤဘက်ကမ်းမှ မဟာစည်သူ၏ တပ်များကလည်း နှောင့်ယှက်တိုက်ခိုက်လျက် ရှိကြပေလိမ့်မည်။ မင်ဂျွီ၏ တပ်များအားလုံးသည် တစ်ရက်တည်းနှင့် ကူး၍ပြီးမည် မဟုတ်ပေ။
ဂုတ်တောင်အနီးတွင် အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီးလျှင် ဒုဠ၀တီမြစ်နှင့်ပေါင်းသော နမ်ပန်ဆည်ချောင်း ရှိသည်။ ဂုတ်တောင်အောက်ဖက်တွင် ရေငုတ် ၄ - ခု ရှိသည်။ ရေငုတ် တစ်ခု တစ်ခုလျှင် ၈ - ပေမှ ၁၂ - ပေမျှထိ ကျယ်ဝန်းသဖြင့် သဘာဝတံတားများ ဖြစ်နေကြသည်။ ဆောင်းရာသီတွင် ချောင်း၌ရေနည်းသည်။ ရေပြင်အကျယ်မှာ ပေ - ၃၀ ကျော် ၄၀ - ခန့်ရှိပြီး ရေမှာ ခြေကျင်းဝတ်သာသာ နက်သည်။ တဖက်တချက် ကမ်းပါးတို့သည် ပေ - ၁၀၀၀ မှ ၁၅၀၀ - ခန့်အထိ မြင့်မား မတ်စောက်လှသည်။
မဟာစည်သူတပ်များသည် သဘာဝတံတားများ အနီးမှ ပိတ်ဆို့ တပ်စွဲ နေရာယူမည်ဟု မှန်းဆ၍ ရသည်။ ရန်သူတို့သည် ချောင်းကိုမဖြတ်ကူးမီ နောင်ပိန်တ၀ိုက်တွင် ယာယီ စခန်းချပြီး တိုက်ခိုက်ရန် ပြင်ဆင်နေကြပေလိမ့်မည်။
ဤမြေအနေအထားတွင် အောက်ပါအချက်များကို တွေ့မြင်ရပေသည်။ ဤဘက်ကမ်းမှ နောင်ပိန်တ၀ိုက်သို့ တာဝေးပစ် အမြောက်များနှင့် ပစ်ခတ်၍ ရန်သူတို့ စီစဉ်ပြင်ဆင်မှု၊ စုရုံးမှုကို ပစ်ခတ် နှောင့်ယှက် ဖျက်ဆီးနိုင်သည်။ ချောင်းအနီးသို့ ချဉ်းကပ်လာလျှင် အကဲကြည့်များ အကူအညီနှင့် ပစ်ခတ် ဖြိုခွင်းနိုင်သည်။ ထိုဘက်ကမ်းပါး အဆင်းနှင့် ဤဘက်ကမ်းပါး အတက်တွင် တောင်ပေါ်ပစ် အမြောက်များနှင့် ပစ်ခတ် ချေမှုန်းနိုင်သည်။ ထိုအချိန်က မြန်မာတို့တွင် ဤကဲ့သို့ လက်နက်ကြီးများ ရှိမည်မဟုတ်ကြပေ။
ရန်သူတို့သည် သဘာဝတံတားများက သာမက အခြားနေရာများမှလည်း ချောင်းကို ဖြတ်ကူးနိုင်သည်။ ဤဘက်ချောင်းကမ်းပါး အနီးတွင် ကာကင်းများသာ ချထားသင့်ပြီး ချောင်းမှ ခပ်လှမ်းလှမ်းတွင် ကျွန်ုပ်တို့၏ တိုက်ခိုက်ရေး ပင်မတပ်များ တပ်စွဲထားသင့်သည်။ အမြောက်များ ပစ်ခတ်မှုကို လွန်မြောက်ပြီး ဤဘက်ကမ်းသို့ တက်လာသော ရန်သူအများစု ရှိရာသို့ ကျွန်ုပ်တို့၏ ပင်မ တိုက်ခိုက်ရေးတပ်များနှင့် တိုက်ထုတ် တွန်းချရလိမ့်မည်။ ရန်သူတို့သည် ချောင်းနှင့်ချောက်ကို ကျောပေးနေရသဖြင့် စစ်ကစားရန်နယ် ကျဉ်းသောကြောင့် ကျွန်ုပ်တို့က အရေးသာရန် ရှိပေသည်။
ဝန်ကြီးမဟာစည်သူတွင် ထိုစဉ်က ကိုက် - ၁၀၀၊ ၁၅၀ - ခန့်မျှသွားသော မီးပေါက်သေနတ်များနှင့် ကိုက် - ၅၀၀ နှင့် ၁၀၀၀ - အတွင်းသာ ထိရောက်သော အမြောက်များ ရှိပေသည်။ ရန်သူတို့သည် မမျှော်လင့်သောဘက်မှ ပတ်ဝိုက်တက်လာကြပြီး တိုက်ခိုက်ကြသဖြင့် မြန်မာတပ်များ အငိုက်ခံလိုက်ရသည်ဟု ယူဆရပေမည်။
တပ်မှူးသုံးဦးကို ရဲမက် - ၃၀၀၊ သို့မဟုတ် ၃၀၀၀ - ခန့်ကို ဦးစီးစေပြီး ရန်သူတပ်များ၏ အစွန်အဖျားကို တိုက်စေခြင်းဖြင့် သူ့တပ်အင်အားနှင့် အနေအထား စုံစမ်းခြင်း ဖြစ်သည်ဆိုသည်မှာ စဉ်းစားဖွယ် အချက်ဖြစ်နေသည်။ တနေရာစီလွှတ်ခြင်း ဖြစ်ခဲ့လျှင် ရန်သူတို့၏ အ၀ိုင်းခံရခြင်း ဖြစ်တန်ရာသည်။ ရန်သူတို့အား မြူဆွယ်ပြီး စစ်ရေးငင်စေသည် ဆိုရန်မှာလည်း ၀န်ကြီး မဟာစည်သူသည် ဤမျှ အလောသုံးဆယ်လုပ်တတ်သည့် သည်းမခံ၊ မစောင့်စားနိုင်၊ စစ်ရေးမမြင်သော စစ်သူကြီး မဟုတ်ပေ။
သုံးဆယ်တိုက်ပွဲ
ဂုတ်တွင်းတိုက်ပွဲတွင် ကစီကရင်ဖြစ်သော တပ်များကို စုပေါင်း သိမ်းကျူံးစည်းကြပ်၍ မဟာစည်သူသည် လုံကာပြင်ကြီးတ၀ိုက်တွင် နေရာချထား စုပြုံခုခံကြသည်။ ယခုမေမြို့ -နောင်ချိုလမ်း တောင်ဘက်တွင် မဟာစည်သူ ဌာနချုပ်ထားပြီး ခံတပ်စခန်း စုစုပေါင်း ၁၆ - ခု ဆောက်လုပ်ကြသည်ဟု တရုတ်တို့က ဆိုသည်။
မြန်မာတို့သည် နေရာခံစစ် (POSITION DEFENCE) သို့ ပြောင်းလိုက်ခြင်းပင် ဖြစ်သည်။ ခံစစ်စခန်းများကိုလည်း အဆင့်ဆင့် ဆောက်ကြသဖြင့် ခံစစ်ကိုဒုဖြင့် (DEFENCE IN DEPTH) တည်ဆောက်ကြသည်ဟု ယခုခေတ် ခေါ်နိုင်ပေသည်။
ထိုအရပ်ဒေသ မြေအနေအထား၏ ထူးခြားချက်မှာ ရန်သူတို့သည် ၅ - မိုင်မှ ၁၀ - မိုင်ခန့် ထိကျယ်သော ချောင်းမြောင်း၊ စိမ့်စမ်းတို့ အလွန်ပေါများလှသည့် နေရာတွင် စုရပ် လုပ်ကြရပေလိမ့်မည်။ မြင်းတပ်အဖို့ အလွန်မသင့်သော နေရာဖြစ်ပေသည်။ မဟာသီသူရ စစ်ကြောင်း တိုက်ခိုက်မှုကြောင့် နောက်ပိုင်းမှ အထောက်အကူများ မရောက်သဖြင့် ရန်သူတို့တွင် ရိက္ခာခဲယမ်းများကလည်း ထပ်လောင်းအခက်အခဲ ရှိနေပေသည်။ ကျွန်ုပ်တို့တပ်များ တပ်စွဲထားရာ နေရာများသို့ မော့လှန်၍ တိုက်ရမည့် နေရာမျိုးလည်း ဖြစ်ပေသည်။
ဤနေရာတ၀ိုက်တွင် တပ်စွဲ နေရာယူခြင်းဖြင့် တစ်ခုတည်းသော စိုးရိမ်ဖွယ်ရှိသည့် အချက်မှာ ဤနေရာကို ရန်သူတို့ ထိုးဖောက်နိုင်ခဲ့လျှင် အင်းဝသို့ တရှိန်ထိုး ဆင်းသွားနိုင်ခြင်းပင် ဖြစ်သည်။
ဤအချက်ကိုလည်း မြန်မာတပ်မှူးတို့ သတိထားမိကြပေလိမ့်မည်။ အင်းဝမှ ဘုရင်က ခန့်ညားကြောက်ရွံ့ဖွယ် ဇာတိမာန်တက်စေသည့် စကားများ မှာကြားလိုက်ခြင်း၊ မြန်မာတို့ကလည်း မီးကုန်ယမ်းကုန် စွန့်စွန့်စားစား တိုက်ခိုက်ကြခြင်း၊ တရုတ်တပ်များတွင်လည်း အခက်အခဲများနှင့် တွေ့ကြုံနေကြခြင်းတို့ကြောင့် ဤနေရာမှ တရုတ်တို့ ဆုတ်ခွာရလေသည်။ ဤဒေသတ၀ိုက် တိုက်ပွဲများတွင် ထောက်ပံ့ရေး ပြဿနာ မည်မျှလေးနက် ထိရောက်ကြောင်း အဓိက သင်ခန်းစာ ဖော်ထုတ်ရပေမည်။

အကြီးချဲ့ပြီး ကြည့်ုလိုရင် ဒီနေရာမှာ နှိပ်ပါ
အကြီးချဲ့ပြီး ကြည့်လိုရင် ဒီနေရာမှာ နှိပ်ပါ

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။