Thursday, November 28, 2013

အမှုမဲ့ အမှတ်မဲ့ တပ်ချုပ်ရဲ့ "အား" ကစားကွက် (Power Play)

(စည်းလုံးခြင်းရဲ့အင်အား)

သီလဝါဆိပ်ကမ်းရောက် ရုရှားစစ်သဘောင်္ Admiral Vinogradov 
 
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာ ခရီးစဉ် လှည့်လည်ခဲ့တာ ရှိပါတယ်။ ဒီလို နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်တွေဟာ သူ့အနေနဲ့ ဘယ်လို ရည်ရွယ်ချက်နဲ့ သွားနိုင်လဲ၊ နိုင်ငံတကာမှာ Power ဘယ်လို ကစားနေလဲဆိုတာ စစ်ရေးလေ့လာသူများက သိချင်နေကြပါတယ်။ ဒါကြောင့် POF စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က စစ်ရုံးရှိ အရာရှိ တချို့နဲ့ စစ်ဖက်နီးစပ်သူများထံ ဆက်သွယ်ခဲ့ပြီး သုံးသပ် တင်ပြသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့ပြီး ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတွေကို ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပါတယ်။ အရှေ့တောင် အာရှနိုင်ငံများကို လှည့်လည်နေစဉ်မှာပင် ရုရှားနိုင်ငံကို ရုတ်တရက် ကြားဖြတ် သွားရောက်ခဲ့တာ သတိထားမိပါတယ်။ နောက်ဆုံးကျမှ တရုတ်နိုင်ငံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ပါတယ်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံသို့ အောက်တိုဘာလအတွင်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရှိနေစဉ်အတွင်း တရုတ် တပ်မတော်ရဲ့ သံချပ်ကား စက်ရုံ၊ UAV လို မောင်းသူမဲ့ လေယာဉ်၊ K 8 လေယာဉ် ထုတ်လုပ်နေတဲ့ ကုမ္ပဏီများကို သွားရောက် လည်ပတ် လေ့လာနေတာ ကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တယောက် တပ်မတော် အတွင်း အင်အား တောင့်တင်း ဖြည့်တင်းဖို့ တရုတ်ကို စိတ်ပြောင်းနေပြီလားလို့ စစ်ဖက် နီးစပ်သူများက သံသယဝင်ကြပါတယ်။ အဲဒီ နိုင်ငံတကာ ခရီးစဉ်အတွင်း အမည်မဖေါ်လိုသူ စစ်ရုံးရှိ အရာရှိ တစ်ဦးက နှိုင်းယှဉ်သုံးသပ်ခဲ့ရာမှာ အင်အားကြီး တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စိတ်ဝင်စားစွာ နွေးထွေး လက်ခံ တွေ့ဆုံခဲ့မှု မတူညီ ကွဲပြားခြားနားတယ်လို့ ဆိုပါတယ်။ ရုရှားသမ္မတ ပူတင်ဟာ စိတ်ဝင်စားမှု သိပ်ပြဟန် မတူဘဲ တရုတ်သမ္မတကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လက်ခံ တွေ့ဆုံခဲ့တာ တွေ့ရပါတယ်။ တဖန် မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အရ စစ်သည် (၃၅၅) ဦးပါရှိတဲ့ Vinogradov ဖီနိုဂါတော့ ရုရှားစစ်သဘောင်္ အပြင် နောက်ထပ် စစ်သဘောင်္ (၂) စင်းလည်း ဆက်တိုက် လာရောက်ဖို့ ရှိနေပါတယ်။ စစ်လက်နက်ပစ္စည်းတွေ မြန်မာနိုင်ငံအား ထောက်ပံ့တာချင်း အတူတူ တရုတ်က ရုရှားထက် ပိုပြီး ရက်ရောပါတယ်။

ဒုဗိုလ်ချုပ်ကြီး သိန်းဌေး
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတကာ ခရီးစဉ် သွားရတဲ့ ရည်ရွယ်ချက်မှာ မြောက်ကိုးရီးယားထံမှ စာချုပ်အရ ဖြည့်တင်းရန် ရှိတဲ့ စစ်လက်နက်ပစ္စည်းများကိစ္စ မတင်မကျ ဖြစ်နေတဲ့အပေါ် နည်းလမ်း ရှာဖွေနေတယ်လို့ စစ်ရုံး နီးစပ်သူများက သုံးသပ်ပါတယ်။ ယခင်အစိုးရလက်ထက် ဦးရွှေမန်းက တရုတ်နိုင်ငံမှတဆင့် မြောက်ကိုးရီးယားနိုင်ငံကို ခိုးသွားရာမှ သတင်းပေါက်ကြားမှု ဖြစ်လာကာ ကမ္ဘာက မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယားနိုင်ငံတို့ စစ်ရေးအရ ဆက်သွယ်မှု သိရှိသွားတာ ဖြစ်ပါတယ်။ မြောက်ကိုးရီးယားနိုင်ငံမှ ကန်နန်ဝမ်း သဘောင်္ဟာ အမေရိကန် ဖျက်သဘောင်္ရဲ့ နောက်ယောင်ခံလိုက်မှုကြောင့် နောက်ပြန်လှည့် သွားရကတည်းက နှစ်နိုင်ငံ ဆက်သွယ်မှု အကျပ်အတည်း ဖြစ်သွားပါတယ်။ တဖန် ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကို နယ်စပ်/စည်ပင် ဝန်ကြီး တာဝန်ထမ်းဆောင်နေရာမှ တပ်မတော်သို့ ပြန်လည် ခေါ်ယူခဲ့တာဟာ အကြောင်းရင်း တစ်ရပ် ရှိတယ်လို့ အမည်မဖေါ်လိုသူ တပ်မတော် အရာရှိ တစ်ဦးက ပြောပါတယ်။ သူဟာ ဦးရွှေမန်းနှင့်အတူ မြောက်ကိုးရီးယားခရီးစဉ်မှာ ပါသွားခဲ့တာမို့ ဇာတ်လမ်းပြီးဆုံးအောင် လျှို့ဝှက် လုပ်ခိုင်းချင်လို့ ခေါ်နိုင်တယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် CIA Report အရ သိရှိသွားကာ ဒုဗိုလ်ချုပ်ကြီး သိန်းဌေးအား အရေးယူ လိုက်တာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပိုပြီး အကြပ်ရိုက်သွားဟန် တူပြီး မြောက်ကိုးရီးယားနှင့် စာချုပ် ချုပ်ခဲ့တဲ့ ဇာတ်လမ်းအပြီး မသတ်နိုင်တဲ့အပေါ် ခေါင်းခဲနေဟန် တူပါတယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။

တရုတ်သမ္မတ (ယာ) နဲ့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

အဲဒီ စာချုပ်အရ လေကြောင်းရန် ကာကွယ်ရေး (ဒုံးပျံ) ကဲ့သို့ စစ်လက်နက်ပစ္စည်းများ၊ ယာဉ်များ စတဲ့ လိုအပ်နေတဲ့ ကွက်လပ်ကို အနောက်နိုင်ငံများက အစားထိုး ဖြည့်ဆည်းပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ ထိုင်းနိုင်ငံလို တတိယနိုင်ငံများမှတဆင့် ရယူနိုင်/မနိုင်ဆိုတာကို နိုင်ငံတကာ လှည့်လည် ခရီးစဉ်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြိုးစားနေတယ်လို့ အဲဒီ တပ်မတော် အရာရှိက သုံးသပ်ပါတယ်။ မူရင်း စိတ်ရင်း အမှန်က အနောက်နိုင်ငံထုတ် စစ်လက်နက် ပစ္စည်း၊ စစ်ယာဉ်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မက်မော လိုချင်ပေမဲ့ လူ့အခွင့်အရေး အဖွဲ့နှင့် အမေရိကန် လွှတ်တော်အမတ်များရဲ့ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ ကန့်ကွက်သံများကြောင့် ရယူနိုင်မဲ့ အလားအလာ မှေးမိန်သွားတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယူဆဟန် ရှိပါတယ်။ တကယ်လို့ အနောက်နိုင်ငံများက စစ်ရေးအရ ပိတ်ဆို့ အရေးယူဖို့ ဆက်လက် ထားရှိပြီး သွယ်ဝိုက် လုပ်ဆောင်ပေးဖို့ အလားအလာလည်း မရှိတော့ဘူးဆိုရင်တော့ ရုရှားနှင့် တရုတ်နိုင်ငံ အင်အားကြီး နိုင်ငံတွေထံမှသာ ဖြည့်ဆည်းပေးဖို့ ကြိုးစားဖို့ ရှိနိုင်ကြောင်း သုံးသပ်တင်ပြသွားပါတယ်။

1 comment:

  1. အနောက်နိုင်ငံတွေအနေနဲ့မြန်မာနိုင်ငံကိုကောင်း
    စေချင်ရင်အဖက်ဖက်ကပူးပေါင်းသင့်ပါတယ်
    အရင်လိုပစ်မထားပါနဲ့
    လူများများနဲ့အလုပ်များများလုပ်နိုင်ဖို့တစ်ကယ်
    ကိုလိုအပ်နေပါပြီ
    မြေဈေးတွေတက်အောင်လုပ်ပြီးနိုင်ငံတစ်ကာက
    စီးပွားရေးလုပ်ငန်းရှင်တွေလာလို့မရအောင်လုပ်
    တဲ့သူတွေဟာအမျိုးသားသစ္စာဖေါက်တစ်ကိုယ်
    ကောင်းသမားတွေဖြစ်ပါတယ်
    တစ်ကိုယ်ကောင်းသမားများကင်းရှင်းသောနိုင်ငံ
    ဖြစ်ပါစေ

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။