Thursday, November 14, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း(၇)

(မိုးမခ)



အာဏာသိမ်းရသည့်အကြောင်းပြချက
စစ်တပ်မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ယင်းသို့ အာဏာသိမ်းရာတွင် မတော်တဆ ထိခိုက်သေဆုံးမှုတစ်ခုမှအပ ချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ဝါဒဖြန့်ခဲ့သည်။ မတ်လ ၂ ရက်၊ နံနက် ဝ၇း၁၅ နာရီခန့်တွင် လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်ယူရသော တာဝန်ခံအားလုံးက ညွှန်ကြားချက်အတိုင်း ချောမောအောင်မြင်စွာ အာဏာသိမ်းပြီးကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် အစီရင်ခံခြင်း ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်သို့ သွားရောက်အစီရင်ခံခြင်း ကိစ္စများ ပြုလုပ်ကြသည်။


ထို့နောက် ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်သို့ စစ်တပ်က အာဏာသိမ်းလိုက်သည့်အကြောင်း ကြေညာရန်ကိစ္စ၊ နိုင်ငံခြားရေးဝါဒ ထုတ်ပြန်ရန်ကိစ္စ၊ တော်လှန်ရေးကောင်စီနှင့် အစိုးရသစ် ဖွဲ့စည်းရန်ကိစ္စ၊ ပြည်နယ်များကိစ္စ၊ ပါတီဖျက်သိမ်းရန် ကိစ္စ အဝဝကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရန် မတ်လ ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမသို့ အောက်ပါပုဂ္ဂိုလ်များကို ပထမဆုံးအကြိမ် ခေါ်ယူခဲ့သည်။

(၁) ဗိုလ်မှူးချုပ် အောင်ကြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)
(၂) ဗိုလ်မှူးချုပ် သန်းဖေ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေ)
(၃) ဗိုလ်မှူးချုပ် တီကလစ် ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေ)
(၄) ဗိုလ်မှူးချုပ် တင်ဖေ စစ်ထောက်ချုပ်
(၅) ဗိုလ်မှူးကြီး သန်းစိန် စစ်ဦးစီး ဗိုလ်မှူးကြီး
(၆) ဗိုလ်မှူးကြီး ကျော်စိုး စစ်ရာထူးခန့် အတွင်းဝန်
(၇) ဗိုလ်မှူးကြီး စောမြင့် နယ်ခြားဒေသ အုပ်ချုပ်ရေးမှူးချုပ်
(၈) ဦးသီဟန် စစ်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးချုပ်
(၉) ဒုတိယဗိုလ်မှူးကြီး ဘနီ ဆက်သွယ်ရေးညွှန်ကြားရေးမှူး

အစည်းအဝေးတွင် တိုင်းပြည်သို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် ကိစ္စ ဆွေးနွေးရာ၌ ဗိုလ်မှူးကြီး သန်းစိန် (စစ်ဦးစီး ဗိုလ်မှူးကြီး) ယူဆောင်လာသော စာမူကြမ်းကို ဆွေးနွေးကြရာ လိုရင်းသို့ မရောက်သေးဟု ယူဆသဖြင့် တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး နေဝင်းက ပယ်ချခဲ့သည်။ ထိုသို့ အာဏာသိမ်းပိုက်ပြီးနောက် ပြည်တွင်းပြည်ပသို့ ထုတ်ပြန်ရန် အချက်အလက် ရှာမရ၍ အကြံအိုက်နေစဉ်အတွင်း ဗိုလ်မှူးချုပ် အောင်ကြီးက ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲရတော့မည့် အန္တရာယ် ရှိလာမည့်အတွက်  အာဏာသိမ်းပိုက်လိုက်ရကြောင်း ပြန်လည်ရေးသား၍ တင်ပြခဲ့ရာ ယင်းကို ဗိုလ်ချုပ်ကြီး နေဝင်းက ဖတ်ကြည့်ကာ သဘောကျ၍ “အေး… ကောင်းတယ်၊ အဲဒီအတိုင်း… အသံလွှင့်ကြေညာမယ်” ဟု ဆိုသောကြောင့် ချက်ချင်း အသံသွင်းခဲ့ကြသည်။ ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တိုင်းပြည်သို့ ကြေညာချက် ထုတ်ပြန်မည့် အကြောင်းကိုလည်း တိုင်းပြည်သို့ ကြိုတင်အသိပေးလိုက်သည်။ ဤသို့ဖြင့် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင် ကရင်ပိုင်းအစီအစဉ် ထုတ်လွှင့်နေစဉ် ရုတ်တရက် ရပ်ဆိုင်း၍ ဗိုလ်ချုပ်ကြီး နေဝင်း ကိုယ်တိုင် အသံလွှင့်ရုံမှတစ်ဆင့် တိုင်းပြည်သို့ အောက်ပါအတိုင်း ကြေညာခဲ့သည်။

“ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်း စေသောဌာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီ ဖြစ်ကြောင်း၊ အရပ်ရပ်ရှိ တိုင်းသူပြည်သား ရဟန်းရှင် လူအများသည် ကြောင့်ကြစိုးရိမ်ပူပန်ခြင်း မဖြစ်ကြဘဲ ခါတိုင်း သာမန်အချိန်ကဲ့သို့ စိတ်လက် အေးချမ်းစွာ မိမိတို့ လုပ်ငန်းဆောင်တာများကို  ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ၊ အစိုးရအမှုထမ်း၊ အရာထမ်းများသည်လည်း မိမိတို့ တာဝန်ဝတ္တရားများကို မပျက်မကွက် ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်း ၊ အထူးသဖြင့် ပညာရေးဆိုင်ရာ တာဝန်ခံများနှင့် ကျောင်းသူ ကျောင်းသားများသည် မိမိတို့ ဖြေဆိုနေဆဲ စာမေးပွဲကိစ္စများကို မပျက်မကွက် ဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း” ထုတ်ပြန် ကြေညာခဲ့သည်။

ထိုနေ့ နံနက်ပိုင်းမှာပင် ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည် -

(၁)  ဗိုလ်ချုပ်ကြီး နေဝင်း (ကာကွယ်ရေးဦးစီးချုပ်)
တော်လှန်ရေးကောင်စီ       ဥက္ကဌ
(၂) ဗိုလ်မှူးချုပ် အောင်ကြီး
(ဒုတိယကာကွယ်ရေးဦးစီးဌာနချုပ် – ကြည်း)    အဖွဲ့ဝင်
(၃) ဗိုလ်မှူးချုပ် သန်းဖေ
(ဒုတိယကာကွယ်ရေးဦးစီးချုပ် – ရေ)     အဖွဲ့ဝင်
(၄) ဗိုလ်မှူးချုပ် တီကလစ်
(ဒုတိယကာကွယ်ရေး ဦးစီးချုပ် – လေ)     အဖွဲ့ဝင်
(၅) ဗိုလ်မှူးချုပ် တင်ဖေ (စစ်ထောက်ချုပ်)     အဖွဲ့ဝင်
(၆) ဗိုလ်မှူးချုပ် စန်းယု       အဖွဲ့ဝင်
(တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်)
(၇) ဗိုလ်မှူးချုပ် စိန်ဝင်း       အဖွဲ့ဝင်
(တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်)
(၈) ဗိုလ်မှူးကြီး သောင်းကြည်      အဖွဲ့ဝင်
(တိုင်းမှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်)
(၉) ဗိုလ်မှူးကြီး ကြည်မောင်       အဖွဲ့ဝင်
(တိုင်းမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်)
(၁၀) ဗိုလ်မှူးကြီး မောင်ရွှေ       အဖွဲ့ဝင်
(တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်)
(၁၁) ဗိုလ်မှူးကြီး သန်းစိန် (စစ်ဦးစီးဗိုလ်မှူးကြီး)     အဖွဲ့ဝင်
(၁၂) ဗိုလ်မှူးကြီး ကျော်စိုး (စစ်ရာထူးခန့်အတွင်းဝန်)    အဖွဲ့ဝင်
(၁၃) ဗိုလ်မှူးကြီး စောမြင့်       အဖွဲ့ဝင်
(နယ်ခြားဒေသ အုပ်ချုပ်ရေးမှူးချုပ်)
(၁၄) ဗိုလ်မှူးချုပ် ချစ်မြိုင် (တွဲဖက် စစ်ထောက်ချုပ်)    အဖွဲ့ဝင်
(၁၅) ဗိုလ်မှူးကြီး ခင်ညို (လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံး)   အဖွဲ့ဝင်
(၁၆) ဗိုလ်မှူးကြီး လှဟန် (ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး)   အဖွဲ့ဝင်
(၁၇) ဗိုလ်မှူးကြီး တန်ယုဆိုင်       အဖွဲ့ဝင်
(ဒုတိယရဲတပ်ချုပ်၊ ပြည်စောင့်ရဲတပ်ဌာန)
တို့ ဖြစ်ကြသည်။ တစ်ဆက်တည်း ထိုနေ့မှာပင် တော်လှန်ရေးကောင်စီသည် အုပ်ချုပ်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ အစိုးရ အဖွဲ့တွင် -

(၁) ဗိုလ်ချုပ်ကြီး နေ၀င်း – တော်လှန်ရေးကောင်စီဥက္ကဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန။

(၂) ဗိုလ်မှူးချုပ် အောင်ကြီး – ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ စက်မှုလက်မှု ၀န်ကြီးဌာန။

(၃) ဗိုလ်မှူးချုပ် တင်ဖေ – လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ၀ါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ၀န်ကြီးဌာန။

(၄) ဗိုလ်မှူးချုပ် သန်းဖေ – ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန။

(၅) ဦးသီဟန် – နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အိမ်ရာဆောက်လုပ်ရေး ၀န်ကြီးဌာန၊ သတ္ထုတွင်းဝန်ကြီးဌာန။

(၆) ဗိုလ်မှူးကြီး ကျော်စိုး – ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန။

(၇) ဗိုလ်မှူးကြီး စောမြင့် – ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန။

(၈) ဒုတိယဗိုလ်မှူးကြီး ဘနီ – လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ပါဝင်သည်။
ကြေညာချက်တွင် ဖော်ပြမထားသော ဝန်ကြီးဌာနများနှင့် ပတ်သက်၍ မည်သည့်ဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်သွားမည်ကို ဆက်လက်ကြေညာမည်ဟုလည်း ဆိုသည်။ တော်လှန်ရေးကောင်စီ၏ တာဝန်ပေးချက်အရ ဝန်ကြီးဌာနများကို တာဝန်ယူကြသည်။ ပုဂ္ဂိုလ်များသည် ကြေညာချက် ထုတ်ပြန်သည့် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးသို့ သွားရောက်လက်ခံ တာဝန်ယူ ဆောင်ရွက်ရမည်ဟုလည်း ဆိုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် ကြေညာထားသည့်အတိုင်း ကျန်ရှိနေသေးသော ဝန်ကြီးဌာနများကို ထပ်မံတာဝန်ခွဲဝေ သတ်မှတ်ပေးခဲ့သည်။

မူလ တာဝန်တွင် ထပ်မံတာဝန်ပေးခဲ့သော ဝန်ကြီးဌာနများမှာ -

(၁) ဗိုလ်ချုပ်ကြီး နေ၀င်း – ၀န်ကြီးချုပ်ရုံး၊ အမျိုးသားစီမံကိန်း ဝန်ကြီးဌာန
(၂) ဗိုလ်မှူးချုပ် အောင်ကြီး – ပစ္စည်းထောက်ပံ့ရေး ဝန်ကြီးဌာန
(၃) ဗိုလ်မှူးချုပ် တင်ဖေ – လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဝန်ကြီးဌာန

(၄) ဦးသီဟန် – ပြည်သူ့လုပ်ငန်းဌာနနှင့် ပြန်လည်ထူထောင်ရေးဌာနများကို အိမ်ရာဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန်

(၅) ဗိုလ်မှူးကြီး ကျော်စိုး -
(က) ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များ ဝန်ကြီးဌာန၊
(ခ) သာသနာရေးနှင့် လူမှုဝန်ထမ်း ၀န်ကြီးဌာန ၊သာသနာရေးဌာနများကို အုပ်ချုပ်    ဆောင်ရွက်သွားရန်၊
(ဂ) အမျိုးသားမှတ်ပုံတင်ရေးဌာနကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန၊်

(၆) ဗိုလ်မှူးကြီး စောမြင့် -
(က) ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး ဝန်ကြီးဌာန
(ခ) လူမှုဝန်ထမ်းနှင့် သာသနာရေး ဝန်ကြီးဌာနမှ လူမှုဝန်ထမ်း ဌာနများကို အုပ်ချုပ်သွားရန်

(၇) ဒုတိယဗိုလ်မှူးကြီးဘနီ – သယ်ယူပို့ဆောင်ရေးဌာနများကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန် တို့ ဖြစ်သည်။

အာဏာသိမ်းပြီးနောက် အခြေအနေ
မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားများ အစည်းအရုံး (ဗတလစ) ညီလာခံ၌ ဖဆပလအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ငြိမ်းက သွင်းကုန် ကိစ္စကို မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း နိုင်ငံရေး အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသဖြင့် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ ပထစ ဌာနချုပ်တွင်လည်း ပထစ အစိုးရအဖွဲ့ဝန်ကြီးများ အဖမ်းခံရခြင်း ကိစ္စနှင့် ပတ်သက်၍ လာရောက် သတင်းမေးကြ၍  ပထစ ခေါင်းဆောင်ငယ်များဖြင့် ပြည့်ကျပ်လျက် ရှိသည်။ ထိုနေ့၌ပင် ပထစ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သခင်ကျော်ထွန်း၊ ဦးသန်းစိန်၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်တင်မောင်ကြီးနှင့် ဦးစောလူးလူတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပြီး အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြသည်။ အစည်းအဝေးတွင် ဦးသန်းစိန်က ပါလီမန်အတွင်းသို့ အမတ်များ လုံးဝ ဝင်ခွင့်မပြုသည်ကို မိမိအနေဖြင့် သံသယဖြစ်မိကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေး အခြေအနေ ရုတ်တရက် ပြောင်းလဲသွားခြင်းကို မိမိတို့ ပထစ အမတ်များက အံ့အားသင့်ရကြောင်း ပြောကြားသည်။ အထွေထွေ အတွင်းရေးမှူး သခင်ကျော်ထွန်းမှာမူ စိတ်မကောင်းသည့် အသွင်ဖြင့် မည်သို့မျှ ၀င်ရောက်ပြောဆိုခြင်း မပြု  ဟု ဆိုသည်။

တော်လှန်ရေးကောင်စီဥက္ကဌနှင့် အစိုးရအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းသည် ပထစ၊ ဖဆပလနှင့် ပမညတ အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ် ငါးဦးစီတို့အား ၁၉၆၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့၊ နံနက် ၁ဝ နာရီတွင်  စစ်ရုံးချုပ်အတွင်းရှိ ဒဂုံရိပ်သာ၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ ပထစအဖွဲ့ချုပ်မှ သခင်ကျော်ထွန်း ၊ ဗိုလ်တင်မောင်ကြီး၊ စောလူးလူ၊ ဗိုလ်အေး၊ ဖဆပလ အဖွဲ့ချုပ်မှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ် ခင်မောင်ကလေး၊ ဦးခင်မောင်လတ၊် ဦးထွန်းတင်၊ ပမညတ အဖွဲ့မှ ဝိဓူရသခင်ချစ်မောင်၊ ဗိုလ်မှူးဖိုးကွန်း၊ ဗိုလ်မြသွေး၊ ဗိုလ်အောင်နိုင်နှင့် ဦးအောင်မြင့်တို့အား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော အထွေထွေ အခြေအနေကို ဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး နေ၀င်းက တိုင်းပြည်တွင် ကုန်ဈေးနှုန်း အဆမတန် တက်နေသောကိစ္စနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသော ကိစ္စတို့ကို ဆွေးနွေးပြောကြား၍၊ ဖက်ဒရယ်ကိစ္စတွင် အလွန်တင်းမာလာသောကြောင့် မလွှဲမရှောင်သာ၍ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

 တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ချီတက်ရာတွင် နိုင်ငံရေးပါတီများနှင့် တိုင်ပင်၍ ညီညွတ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ အခြေခံ ဥပဒေမှာ လိုသလို ဆွဲယူနိုင်သော ဥပဒေဖြစ်သဖြင့် အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရာတွင် ပထစအဖွဲ့ချုပ်၊ ဖဆပလ အဖွဲ့ချုပ်၊ ပမညတတို့နှင့် ညှိနှိုင်းမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ဗိုလ်ချုပ်ကြီး နေဝင်း ရှင်းပြသည့် တော်လှန်ရေးကောင်စီ၏ သဘောထားနှင့် လုပ်ငန်းစဉ်များကို ပမညတ အဖွဲ့ချုပ်က ကြိုက်နှစ်သက် သဘောကျသောကြောင့် ပါဝင်ပူးပေါင်းမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးချုပ် အောင်ကြီး၏ သတင်းစာရှင်းလင်းပွဲ
၁၉၆၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင်ပင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးချုပ် အောင်ကြီးနှင့် ပြန်ကြားရေးဌာန ဝန်ကြီး ဗိုလ်မှူးကြီး စောမြင့် (မှူးသမိန်) တို့သည် ဒဂုံရိပ်သာ၌ပင် သတင်းစားရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပြန်သည်။ ၎င်းက -

“အာဏာသိမ်းတဲ့ကိစ္စမှာ သာမန်အားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတို့မှ ဖြစ်ပေါ်လာတဲ့အပေါ် မူတည်ပြီး သိမ်းခြင်း ဖြစ်ပါတယ်။ ဒီဗမာပြည်မှာတော့ အာဏာသိမ်းရခြင်း အကြောင်းကတော့ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ နောက်ဆုံးဖက်ဒရယ်မူ အရေးကိစ္စတို့ကြောင့် သိမ်းရပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကောင်စီက အာဏာကို လိုချင်လို့ အဓမ္မယူခြင်း မဟုတ်ပါ။ ဘယ်လိုသိနိုင်သလဲဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က လူထုအစိုးရအား အာဏာကို လွှဲပြောင်းပေးခဲ့ခြင်းဟာ ထင်ရှားပါတယ်။ ခု ဒုတိယအကြိမ် သိမ်းခြင်းဟာ ဖက်ဒရယ်မူ၏ အရေးတကြီး ဖြစ်ပေါ်နေသော အကြောင်းကြောင်းများကြောင့် ယခုလို မလွှဲမရှောင်သာဘဲနှင့် တိုင်းပြည်ကို ထိန်းသိမ်းဖို့ အာဏာသိမ်းယူရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗမာပြည်ဟာ တိုင်းပြည်ငယ်ကလေးပါ၊ အဲဒီလို ငယ်တဲ့ တိုင်းပြည်ကလေးဟာ အစိတ်စိတ်အမြွာမြွာ ကွဲပြီးတော့ သူတစ်လူ ငါတစ်မင်းနဲ့ တိုင်းပြည်ငယ်ကလေး များ ဖွဲ့စည်း၍မဖြစ်ပါ။ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လွတ်လပ်ရေး ရပြီးသည့်နောက် ဆယ်နှစ်စေ့တဲ့အခါမှာ ပြည်ထောင်စုကြီးမှ ခွဲထွက်နိုင်တယ်ဆိုတာ မှန်ပါတယ်။ ဆိုပါတော့ စကော့တလန်ပြည်ဟာ အင်္ဂလန်ပြည်မကြီးမှ ခွဲထွက်ဖို့ဟာ ခုလို ဆယ်နှစ်မဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကတည်းက ကြံရွယ်နေပါတယ်။ ဒါပေမဲ့ သူတို့ ခုထက်ထိ စည်းစည်းလုံးလုံး ရှိနေတာကို တွေ့ရပါတယ်။
ဗမာပြည်မှာတော့ လွတ်လပ်ရေး ရပြီးသည့်နောက် ၁၅ နှစ်ထဲမှာပဲ ဗမာပြည်ပတ်ဝန်းကျင်မှာ ဖြစ်ပေးနေတဲ့ အခြေအနေမျိုးကြောင့် ခုလို ခွဲထုတ်ဖို့ စကားတွေဟာ တစ်နေ့တခြား ကျယ်လောင်လာပါတယ်။ အဲဒီတော့ ဥပမာ ဆိုကြပါစို့။ ကျွန်တော်တို့ အိမ်နီးချင်းဖြစ်လာတဲ့ လောပြည်တို့ ၊ ဗီယက်နမ်တို့ကို ကြည့်ပါ။ သူတို့ ဒီလိုဖြစ်နေတဲ့အတွက် သူတို့တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားတို့ အသိသားပဲ။ အဲဒီလိုလောပြည်၊ ဗီယက်နမ်ပြည်တို့မှာ ဖြစ်နေသလို ကျွန်တော်တို့ တိုင်းပြည်မှာ အဖြစ်မခံနိုင်ဘူး။ နိုင်ငံရေးအရ မကျေနပ်မှု ရှိပါတယ်။ ဒါပေမဲ့ အဲဒီမကျေနပ်မှုဟာ အုပ်မနိုင် ထိန်းမရ ဖြစ်လာတဲ့ အခြေအနေမှာ ဒီကိစ္စကို  အေးချမ်းအောင် ဘယ်သူမှ မလုပ်နိုင်ပါ။ ရှမ်း၊ ကယားတို့က တစ်သီးပုဂ္ဂလပြည်နယ်အဖြစ်  တောင်းပါတယ်။
ကယားပြည်လို လူဦးရေ (၈၇,ဝဝဝ) သာရှိတဲ့ ပြည်နယ်အငယ်ဆုံးကလေးက တစ်သီးပုဂ္ဂလ ပြည်နယ်တောင်းလာတယ်” ဟူ၍ ပြောကြားခဲ့သည်။ ထို့အပြင် ဗိုလ်မှူးချုပ် အောင်ကြီးက ဦးနုသည် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ပြဿနာများကို ထိန်းမနိုင်၊ သိမ်းမရ အခြေအနေသို့ ရောက်အောင် ကြီးထွားစေခဲ့ကြောင်း၊ ဦးနုသည် မိမိ၏ပါတီကိုပင် မထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြား၍ ဦးနုအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဗိုလ်မှူးချုပ် အောင်ကြီးသည် မတ်လ ၉ ရက်နေ့တွင်လည်း ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ အမျိုးသားကာကွယ်ရေး တက္ကသိုလ် (ယခု ယုဇနဟိုတယ်) တွင် သတင်းစာဆရာများနှင့် ထပ်မံတွေ့ဆုံကာ နိုင်ငံတော်အာဏာ သိမ်းယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြန်သည်။ အဆိုပါရှင်းလင်းပွဲသို့ ပြန်ကြားရေးဌာန၀န်ကြီး ဗိုလ်မှူးကြီး စောမြင့်၊ ဒုတိယဗိုလ်မှူးကြီး လွင်၊ ဒုတိယဗိုလ်မှူးကြီး ဘို နှင့် ပညာရေးစိတ်ဓာတ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဦးတို့ တက်ရောက်ကြသည်။ ရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ် အောင်ကြီးက -

“ဒီမိုကရေစီ အောင်တာ မအောင်တာ ပြဿနာ မဟုတ်ပါဘူး။ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေ ရောက်လာလို့ ထိန်းသိမ်းရတာပဲ။ ကြိုကြိုတင်တင်နဲ့ ခပ်စောစောက ပြတ်ပြတ်သားသားကိုင်ရင် ဆူပူမှုဟာ ဒီလောက်ဆိုးစရာ မရှိပါဘူး။ အစိုးရက သဘောထားကြီးကြောင်း ပြတာနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသား စိတ်တွေ ရှိလာကြတာပဲ။ ပလိပ်ရောဂါ၊ ဝမ်းရောဂါဖြစ်ခါမှ ရေကို ချက်သောက်မယ်လို့ တရားဟောနေရင် အဲဒီအချိန်မှာပဲ လူဦးရေတစ်ဝက်ကုန်သလောက် ဖြစ်နေမှာပဲ။ အသံလွှင့်ရုံမှာ ကျင်းပတဲ့ အမျိုးသားနှီးနှော ဖလှယ်ပွဲသာပြီးရင် ဖြစ်ချင်တာ ဖြစ်ကုန်ကြမှာပဲ။ ပြည်နယ်တွေကပဲ သူတို့လိုချင်တာ ပေးရင် ပေး၊ မပေးရင် ခွဲမယ်၊ တိုက်ရမယ် ဖြစ်ကုန်ကြပြီ၊ ၁၉၄၈ ခုနှစ်က အခြေအနေကို ဦးတည်လာကြမှာမို့ သဘောထားကြီးပြနေလို့ မရတော့ဘူး” ဟု ပြောကြားခဲ့သည်။
ထို့နောက် ဗိုလ်မှူးချုပ် အောင်ကြီးက ဆက်၍ -

“ရှမ်းကိစ္စက ပဒေသရာဇ်တွေရဲ့ နောက်ဆုံးဖောက်ပြန်မှုပဲ။ ဖက်ဒရယ်ဆိုတာက အမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒတွေကို အရေခြုံထားတာပဲ။ လွတ်လပ်ရေးရတာ ၁၅ နှစ်လောက်ရှိပြီ။ တကယ်သာ ရိုးဖြောင့်တယ်ဆိုရင် ကစားဝိုင်းတွေ လုပ်ကြမှာ မဟုတ်ဘူး။ လယ်ယာကိုင်းကျွန်း၊ ကျန်းမာရေး၊ ပညာရေးဘက်တွေမှာ တိုးတက်အောင် လုပ်ကြမှာပေါ့။

ခုတော့ ဒီလူတွေက ဘာလုပ်တယ် ထင်သလဲ၊ လူထုဆီက အခွန်တော်ကောက်တယ်။ ရတဲ့ငွေနဲ့ ကားဝယ်စီးတယ်။ မယားငယ် ထားတယ်။ ကျောင်းတစ်ကျောင်းများ ဆောက်ပေးသလား။ အစိုးရက လျော်ကြေးပေးသည့်ငွေတွေကို စော်ဘွားတွေက နင့်အောင် ယူခဲ့ကြတယ်။ ဒါပေမဲ့ လူထုအတွက်တော့ တစ်ပြားမှ မသုံးဘူး။ ရှမ်းပြည်နယ်မှာရှိသည့် ကိုးကန့်နယ်ဆိုရင် နိုင်ငံခြားလို သဘောထားတယ်။ ၀ နယ်ဆိုရင် အရိုင်းတွေလို သဘောထားတယ်။ ၀န်ကြီးတော့ကတော့ တစ်ခေါက်မှ မရောက်ကြဘူး။ ပအို့ဝ်ဆိုရင် သူပုန်ထကြတာ ၇ နှစ်လောက် ရှိနေပြီ။ ပအို့ဝ်တွေ သူပုန်ထတာ ပဒေသရာဇ်ကို မလိုချင်လို့ တိုက်တာပဲ။ စော်ဘွားတွေက ပြည်မက ခွဲထွက်ပြီး သူတို့နယ်မှာ ပဒေသရာဇ် လွှမ်းမိုးဖို့ လုပ်တာပဲ။ ဒီလိုအလုပ်မျိုးက ကမ္ဘာမှာ မကြံကောင်းတာ ကြံတာပဲ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဗိုလ်မှူးချုပ် အောင်ကြီးက စော်ဘွားများ ဤကဲ့သို့ ဖောက်ပြန်ခဲ့ရသည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ပျော့ကွက်ကြောင့် ဖြစ်ကြောင်း၊ ဖက်ဒရယ်မူမှာ ပဒေသရာဇ်များ ဆက်၍ လွှမ်းမိုးနိုင်ခွင့် ရရှိစေရန် အကာအကွယ်ယူခြင်းဖြစ်ကြောင်း၊ စော်ဘွားများအတွက် အမတ် ၂၅ နေရာ သတ်မှတ်ပေးထားခြင်းမှာ ပဒေသရာဇ်စနစ်ကို ကာကွယ်ရန် အခွင့်အရေးရခြင်း ဖြစ်ကြောင်းလည်း ပြောကြားသည်။

အာဏာသိမ်းခြင်းနှင့် ပတ်သက်၍ သဘောထားများ
သို့သော် ဝန်ကြီးချုပ် ဦးနုကမူ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်ပေါ်ပေါက် လာသည် ဟူသော အချက်ကိုလည်းကောင်း၊ နိုင်ငံရေး အခြေအနေမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည် ဟူသော အချက်ကိုလည်းကောင်း လက်မခံခဲ့ပေ။ ထိုစဉ်က နိုင်ငံရေး အခြေအနေမှာ ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုးမဟုတ်သည်ကို လူအများစုက သိရှိကြောင်း၊ ဖက်ဒရယ်မူတောင်းဆိုသည့် ကိစ္စမှာလည်း စိုးရိမ်ဖွယ်ရာ ကိစ္စမဟုတ်ကြောင်း၊ အသံလွှင့်ရုံတွင် ကျင်းပသည့် လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲမှာ မိမိကိုယ်တိုင်က စီစဉ်ဆောင်ရွက်ပေးခဲ့သည့် နှီးနှောဖလှယ်ပွဲဖြစ်ကြောင်း ဦးနုက ပြောကြားခဲ့သည်။

လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ဖက်ဒရယ်မူနှင့် ပတ်သက်သော အဆိုကို ရှမ်းပြည်နယ် ဥက္ကဌ စ၀်ခွန်ချိုက တင်သွင်း၍ ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၊ ချင်းဝိသေသတိုင်း ကိုယ်စားလှယ် ကပ္ပတိန် မန်းတုံးနုံး၊ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့် (တောင်ကြီး) နှင့် ကယားပြည်နယ် ကိုယ်စားလှယ် ဦးစိန်တို့က ထောက်ခံဆွေးနွေးကြရန်၊ ထိုအဆိုပြုချက်နှင့် ထောက်ခံဆွေးနွေးချက်များကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ကိုယ်စားလှယ်များနှင့် နိုင်ငံတော် အစိုးရ အတိုင်ပင်ခံ အဖွဲ့ဝင်တို့က သေချာစွာ လေ့လာရန်၊ ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစနှင့် နိုင်ငံတော် အစိုးရ အတိုင်ပင်ခံ အဖွဲ့ဝင်တို့မှ ကိုယ်စားလှယ် တစ်ဦးစီက ဖက်ဒရယ်မူနှင့် ပတ်သက်သော သဘောထားများကို တင်ပြရန်၊ ထို့နောက် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ်ခြောက်ဦး၊ ပမညတ၊ ဖဆပလ၊ ရပလဖနှင့် အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်သုံးဦးစီနှင့် အတိုင်ပင်ခံအဖွဲ့ဝင်လူကြီးများ ပါဝင်သော ကော်မတီတစ်ရပ်ကို  ဖွဲ့စည်းပေးရန် ၊ ထိုကော်မတီတွင် ဦးနုက နာယကအဖြစ် ဆောင်ရွက်ရန်၊ ထိုကော်မတီက ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဆွေးနွေးပြီးနောက် ရရှိသည့် သဘောတူညီချက်ကို အစီရင်ခံရန် ဦးနုက စီစဉ်ထားသည်။

ကိုယ်စားလှယ်ပေါင်းစုံပါဝင်သောကော်မတီကဆွေးနွေးညှိနှိုင်းနေစဉ်မှာပင် သင့်လျော်သော အချိန်တွင် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ မိမိ၏ သဘောထားကို ထုတ်ဖော်ပြောကြားမည် ဟုလည်း ဆိုသည်။ သို့သော် နှီးနှောဖလှယ်ပွဲကြီး မပြီးဆုံးမီမှာပင် တော်လှန်ရေးကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပေသည်။ ထို့ကြောင့် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပြောကြားရန် ရည်ရွယ်ထားသော သဘောထားများကို မပြောကြားခဲ့ရပေ။

ထို့အတူ အသံလွှင့်ရုံ၌ ပြုလုပ်သည့် ဆွေးနွေးပွဲအစီအစဉ်အရ ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပထစ၏ သဘောထားကို ၀န်ကြီး ဒေါက်တာဦးဧမောင်က ၁၉၆၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ပြောကြားရန် ဖြစ်သော်လည်း မတ်လ ၂ ရက်နေ့တွင် စစ်တပ်က ရုတ်တရက် အာဏာသိမ်းပိုက်လိုက်သောကြောင့် ၀န်ကြီး ဒေါက်တာဦးဧမောင် ပြောကြားမည့် မိန့်ခွန်းကို ထိုစဉ်က စာအုပ်အဖြစ် အသင့်ရိုက်နှိပ်ထားပြီးဖြစ်၍ ဖက်ဒရယ်မူနှင့် ပတ်သက်၍ ထိုစဉ်က ပထစ၏ သဘောထားကို စာဖတ်သူ သိရှိနားလည်နိုင်ရေးအတွက် ထည့်သွင်းဖော်ပြလိုက်ပါသည်။

ဝန်ကြီး ဒေါက်တာ ဦးဧမောင် ပြောကြားမည့် မိန့်ခွန်းတွင် -

ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးသည် ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် သေရေးရှင်ရေးတမျှ အလွန်အရေးကြီးပြီး ပြည်ထောင်စုကြီး တစ်ရပ်လုံးနှင့် ဆိုင်သည့် ပြဿနာဖြစ်ကြောင်း ထိုပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်လျှင် မည်သည့်တိုင်းရင်းသားမျှ သက်သာခွင့်ရမည် မဟုတ်ဘဲ၊ ပြည်ထောင်စုသားအားလုံး ကျွန်သပေါက်ဘ၀ကို ပြန်ရောက်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုကြီး အဓွန်ရှည်ရေးအတွက် ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းသင့်ကြောင်း ပထမတင်ပြထားသည်။

ထို့နောက် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နောက်ခံသမိုင်းကို ပင်လုံညီလာခံမှစ၍ အခြေခံဥပဒေ ရေးဆွဲပြီးသည်အထိ အကျဉ်းချုပ်၍ တင်ပြသည်။ ထိုသို့ တင်ပြရာတွင် ဖဆပလ မဏာမပြင်ဆင်မှု ညီလာခံတွင် တင်သွင်းခဲ့သည့် အဆိုပေါင်း ၁၄ ခုရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် (၇) ချက်ဆိုသည်မှာလည်း ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းသော အဆို (၁၄) ခုအနက်မှ ပထမ (၇) ခုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် (၇) ချက်ကိုသာ ကွက်၍ ကြည့်မည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းချပေးသည့် လမ်းညွှန်ချက်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မကိုက်ညီသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်နိုင်ကြောင်း၊ သို့သော် ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆို (၁၄) ခုစလုံးကို ဖတ်ရှုလေ့လာကြည့်လျှင် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံတွင် တင်သွင်းသော ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက်နှင့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုက်ညီသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆိုပြုချက် (၁၄) ခုမှာ -

၁။ မြန်မာနိုင်ငံတော်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံအဖြစ်ဖြင့် ကြေညာရန် ဤပဏာမပြင်ဆင်မှု ညီလာခံသဘင်က လေးနက်ခိုင်မာစွာ ပြဋ္ဌာန်းလိုက်သည်။
၂။ တိုင်းပြုပြည်ပြုလွှတ်တော်က ရေးဆွဲအပ်သော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အဆိုပါ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတ မြန်မာနိုင်ငံတော်သည် -
(က) ယခုအထိ ဗြိတိသျှမြန်မာပြည်အတွင်းတွင် ပါဝင်နေသော
(၁) မြန်မာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော မြန်မာပြည်မ
(၂) ဟုမ္မလင်းခရိုင်ခွဲ
(၃) ဆင်ကလိုက်ခမ်းတီး (ဆင်ကလိန်ခန္တီး)
(၄) သောင်ဒွတ် (သောင်သွတ်)
(၅) ဆောမရနယ်ပယ် (ဆွမ္မရာ)
(၆) နာဂတောင်တန်းများ
(၇) သံလွင်ခရိုင်
(၈)  ကံပက်လက်ခရိုင်ခွဲ
(၉) ရခိုင်တောင်တန်း နယ်ပယ်များဟူ၍ ခေါ်ဝေါ်သော ဒေသများ
(ခ) ကိုးခမ်း (ကိုးကန့်) နှင့် မောင်းပိုင် (မိုးဗြဲ) တို့အပါအ၀င် ဖြစ်သော ရှမ်းပြည်ထောင်စု (Federated Shan States)
(ဂ) ကရင်နီပြည်နယ်များ
(ဃ) ကချင်တောင်တန်းများ
(င) ကံပက်လက်ခရိုင်ခွဲ ပါသော ချင်းတောင်တန်းခရိုင်တို့ ပါဝင်သော ပြည်ထောင်စု နိုင်ငံတော် ဖြစ်ရမည်။

၃။ (၁) အောက်ပါ ဂုဏ်အင်္ဂါအားလုံးနှင့် သော်လည်းကောင်း၊ အချို့နှင့်သော်လည်းကောင်း ပြည့်စုံ၍ (ခ)၊ (ဂ)၊ (ဃ)၊ (င) တို့၌ ဖော်ပြသော ဒေသများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်း၍ နောင်အခါ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် “ပြည်ထောင်စု ပြည်နယ်” (Union State) အဆင့်အတန်းဖြစ်စေ၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်” (Antonomous State) အဆင့်အတန်းကို ဖြစ်စေ၊ “လူမျိုးစုပြည်နယ်” (National Area) အဆင့်အတန်းကို ဖြစ်စေ ရရှိရမည်။ ထိုဒေသများသည် မိမိတို့အား အပ်နှင်း၍သော်လည်းကောင်း လွှဲပြောင်း၍သော်လည်းကောင်း ရရှိသော အာဏာနှင့် တာဝန်များကို သုံးစွဲဆောင်ရွက်ရမည်။ ဂုဏ်အင်္ဂါများကား -

(၁) ပထ၀ီအနေအထားအရ နယ်နိမိတ် အထင်အရှား ရှိခြင်း။
(၂) မြန်မာစကားနှင့် မတူသော ဘာသာစကားတစ်မျိုးတည်း ရှိခြင်း
(၃) ယဉ်ကျေးမှုတစ်မျိုးတည်း ရှိခြင်း။
(၄) ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း။
(၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ ရှိသော လူစုရှိခြင်း။
(၆) လူဦးရေ အတော်အတန်ရှိခြင်း။
(၇) ပြည်ထောင်စုအဖွဲ့ဝင် သီးခြားဒေသတစ်ခု အဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေထိုင်သော ဆန္ဒရှိခြင်းတို့ ဖြစ်လေသည်။

(၈) ထိုအာဏာများနှင့် တာဝန်များသည် ပဏာမပြင်ဆင်မှု ညီလာခံ သဘင်က ခန့်သော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို ရပြီးမှ စဉ်းစားဆုံးဖြတ်ရမည့် အာဏာနှင့် တာဝန်များဖြစ်သည်။ ဆိုခဲ့ပြီးသော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် ရရှိသော တူညီချက်သည် (ဖဆပလ) အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ကို ရရှိမည်။

၎။ (ဤနေရာမှစ၍ လာမည့် အပိုဒ်များတွင် “ပြည်ထောင်စုဥပဒေပြုအဖွဲ့” ဟု ခေါ်ဆိုအပ်သော) ဗဟိုဥပဒေပြု အဖွဲ့၏ အာဏာပိုင်နက်သည် ပြည်ထောင်စုနိုင်ငံတစ်ဝှမ်းလုံး ဖြစ်ရမည်။ “ပြည်ထောင်စု ပြည်နယ်” သို့မဟုတ် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်” သို့မဟုတ် “လူမျိုးစုပြည်နယ်” တို့၏ ဥပဒေပြုအဖွဲ့များသို့ သီးခြားလွှဲပြောင်းပေးသည့် ကိစ္စအမျိုးအစားထဲတွင် မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားသည်ဖြစ်စေ၊ ပြည်ထောင်စု ဥပဒေအဖွဲ့သည် အောက်၌ စီစဉ်ဖော်ပြထားသော ကိစ္စအမျိုးအစားတွင် ပါဝင်သည့် ကိစ္စအားလုံးတို့အပေါ်၌ ဥပဒေပြုအာဏာ ရှိရမည်။

(၁) ပြည်ထောင်စု အစိုးရဌာနများ၊
(၂) ပြည်နယ်အချင်းချင်း ကိစ္စများ၊
(၃) (ထိုလုပ်ငန်း – ၂ မျိုးမှ အပ) ကျန်ကိစ္စများ၊
(၄) ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သော စီးပွားရေးတိုးတက်မှု ကိစ္စများ၊
(၅) “ပြည်နယ်စုနယ်” “ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်” “လူမျိုးပြည်နယ်” တို့မှ လွဲ၍ ကျန်ဒေသများနှင့် စပ်လျဉ်းသော ကိစ္စများ။
မှတ်ချက်။ ။(အထက်ပါ အပိုဒ်ကြီး – ၄ ၊ အပိုဒ်ခွဲ (၅) တွင် ဆိုထားသော ကျန်ဒေသများအတွက် ဥပဒေပြုအဖွဲ့များ သတ်သတ်ထားရှိမည် မဟုတ်ချေ။)

၅။ ဤလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံသည်လည်းကောင်း၊ ထိုနိုင်ငံအဖွဲ့ဝင် ပြည်နယ်ဒေသများသည်လည်းကောင်း ထိုနိုင်ငံ၏ အစိုးရဌာနများသည်လည်းကောင်း၊ အသီးသီးတို့သည် မိမိတို့၏ တန်ခိုးတေဇာနှင့် အာဏာတို့ကို တိုင်းသူပြည်သားတို့ထံမှ ထုတ်ယူသုံးစွဲရမည်။

၆။ လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်း တူညီမှု၊ အခွင့်လမ်းတူညီမှု၊ တရားဥပဒေအရ တူညီမှုတို့အပြင် တရားဥပဒေနှင့်လည်းကောင်း၊ လောက၀တ္တရားတို့နှင့်လည်းကောင်း ၊ သင့်မြတ်လျော်ကန်စေရမည် ဖြစ်သော လွတ်လပ်စွာ တွေ့ကြုံနိုင်မှု၊ လွတ်လပ်စွာ ဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ပရိယေသနရှာမှီးနိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုတို့ကို ပြည်သူပြည်သားအားလုံးကို ရရှိခံစားနိုင်အောင် ၀န်ခံလျက် ရှိရမည်။

၇။ (၁) တိုင်းရင်းသား လူနည်းစုများ ၏ အခွင့်အရေးများဖြစ်သော -
(က) လူတို့၏ အခွင့်အရေး
(ခ) လူမျိုးနှင့် ယဉ်ကျေးမှု အခွင့်အရေး
(ဂ) ယဉ်ကျေးမှုတွင် မိမိတို့စရိုက်အရ ပြဌာန်းနိုင်ခွင့်နှင့်အတူ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး။

(ဃ) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင်နိုင်ရေး။
ထိုအခွင့်အရေးတို့ကို လူမျိုးစုနှင့် လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့် လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့်လည်းကောင်း၊ ရာဇ၀င်အစဉ်အလာအားဖြင့်လည်းကောင်း၊ ကွဲပြားသော သူများလည်းဖြစ်၍ သက်ဆိုင်ရာ အဖွဲ့ဝင်ဒေသတွင် လူဦးရေ (၁၀) ပုံ (၁) ပုံ ထက် မနည်းရှိသည့် သူများလည်း ဖြစ်သော ပြည်သူတစ်ခုသည် ခံစားနိုင်ပါသည်ဟု ခံဝန်ချက် ရှိရမည်။

(၂) ကရင်အမျိုးသားတို့နှင့် သက်ဆိုင်သော ကိစ္စများတွင် ပြည်ထောင်စု အစိုးရအား ကူညီအကြံပေးရန် ကရင်ရေးရာအဖွဲ့ တစ်ခုကို ဖွဲ့စည်းရမည်။

၈။ “ပြည်ထောင်စုပြည်နယ်” “ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်” “လူမျိုးစုပြည်နယ်” တို့အား ပိုင်းခြားသတ်မှတ် အပ်နှင်းလွှဲပြောင်းပေးထားသော အာဏာများမှတစ်ပါး လွတ်လပ်သော အချုပ်အခြာ အာဏာများမှတစ်ပါး၊ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှု အာဏာတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၌ရှိ၍ ထိုအာဏာတို့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက တည်ထောင်ထားသော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရဋ္ဌာနများကသော် လည်းကောင်း ၊ ထိုဌာနများ၏ အမိန့်အရသော်လည်းကောင်း သုံးစွဲနိုင်ရမည်။

၉။ ပြည်ထောင်စုနိုင်ငံတော်အတွင်းရှိ ပြည်သူအားလုံး၏ အထွတ်အမြတ်ဖြစ်ထိုက်သော နိုင်ငံတော် အကြီးအမှူးဖြစ်သည့် သမ္မတနှင့်တကွ ပြည်သူ့လွှတ်တော် ၊ လူမျိုးစုလွှတ်တော် နှစ်ပါဝင်သော ပြည်ထောင်စု မဟာလွှတ်တော် (Union Assembly) တို့တွင် ပြည်ထောင်စု ဥပဒေပြုအာဏာကို အပ်နှင်းထားရှိရမည်။ သမ္မတအား ပြည်ထောင်စု မဟာလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။ ပြည်သူ့လွှတ်တော် အမတ်များကို လျှို့ဝှက်မဲဆန္ဒပေးစနစ်အရ အရွယ်ရောက်သူတိုင်း ရွေးကောက်တင်မြှောက်ရမည်။ လူမျိုးစုလွှတ်တော် “ပြည်ထောင်စုပြည်နယ်” မှလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ပြည်နယ်” မှ လည်းကောင်း “လူမျိုးစုပြည်နယ်” မှလည်းကောင်း၊ တိုင်းရင်းသားလူနည်းစု မှ လည်းကောင်း ၊ အဖွဲ့ဝင်ဒေသတစ်ခုအဖြစ်ဖြင့် စုရုံးဖွဲ့စည်းအပ်သော ကျန်ဒေသများမှလည်းကောင်း ကိုယ်စားလှယ် အမတ်များ ပါဝင်ရမည်။

၁၀။ တရားဥပဒေနှင့် ဤနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတို့က ပြဋ္ဌာန်းမည့် စည်းကမ်းချက်များကို ထောက်၍ ပြည်သူတို့တွင် မိမိတို့ ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်အမတ်ကို နုတ်ပယ်ခေါ်ယူနိုင်သော အခွင့်အရေး ရှိစေရမည်။

၁၁။ ပြည်ထောင်စုအစိုးရဟူ၍ ခေါ်ဆိုအပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့သည် ပြည်သူ့လွှတ်တော်အား တာဝန်ခံရမည်။

၁၂။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကသော် လည်းကောင်း၊ တရားဥပေဒကသော် လည်းကောင်း၊ တည်ထောင်ထားသော တရားရုံးတော်များသည် တရားစီရင်ခြင်းကို ပြုရမည်။ ထိုတရားရုံးများက မဟာတရားရုံးတော်နှင့်တကွ ထိုတရားရုံးတော်၏ လက်အောက်ခံ တရားရုံးများ ဖြစ်သည်။ တရားသူကြီးများသည် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် တရားဥပဒေတို့ကိုသာ ထောက်၍ လွတ်လပ်စွာ တရားစီရင်ရမည်။ မဟာတရားရုံးတော်၏ တရားဝန်ကြီးများကို “ပြည်ထောင်စု မဟာလွှတ်တော်” က ရွေးကောက်တင်မြှောက်ရမည်။

၁၃။ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတ မြန်မာနိုင်ငံ၏ နယ်မြေတို့ တပေါင်းတစည်းတည်း တည်ရှိနေသည် ဟူသော ဂုဏ်သိက္ခာသည်လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ ၊ လေ တို့ကို အချုပ်အခြာ စိုးမိုးအုပ်ချုပ်နိုင်သော အခွင့်အရေးများသည် လည်းကောင်း၊ ထိုဂုဏ်သိက္ခာ၊ ထိုအခွင့် အရေးများသည် တရားမျှတမှုနှင့် လည်းကောင်း၊ တိုင်းကြီး၊ ပြည်ကြီးတို့၏ ဥပဒေနှင့်လည်းကောင်း၊ လျော်ညီစွာ တည်တံ့ခိုင်မြဲနေရမည်။

၁၄။ ကျွန်ုပ်တို့ ချစ်မြတ်နိုးသော နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တရားသဖြင့် ရသင့်ရထိုက်သည်လည်း ဖြစ်၍ ဂုဏ်ကျက်သရေနှင့်လည်း ပြည့်စုံသော အဆင့်အတန်းကို ရရှိ၍ လူသတ္တ၀ါ ခပ်သိမ်းတို့၏ အကျိုးစီးပွားကို တိုးတက်စေရန် မိမိ၌ တာဝန်ရှိသည့်အလျောက် အစွမ်းကုန် အားထုတ်ဆောင်ရွက်ပြီးလျှင် ပြည်ထောင်အချင်းချင်း တရားမျှတမှုနှင့် လောက၀တ္တရားကို ထောက်ကာ၊ နိုင်ငံတို့နှင့် ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မည်ဟု ခိုင်မြဲသော အဓိဋ္ဌာန်ကို ပြုထားလေသည် စသည်တို့ ဖြစ်သည်။

ဆက်လက်၍ ၀န်ကြီးဒေါက်တာ ဦးဧမောင်က အခြေခံဥပဒေ ရေးဆွဲပုံနှင့် ပတ်သက်၍ ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးကို ၁၉၄၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တစ်ကြိမ်ကျင်းပခဲ့ပါသည်။ ဒုတိယအကြိမ်ဖြစ်သော ၁၉၄၇ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် ဦးအောင်ဆန်းကိုယ်တိုင် သဘာပတိအဖြစ် ကြီးမှူး၍ ဆပ်ကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှတ်တမ်းများအရ အောက်ပါအတိုင်း ဆုံးဖြတ်ထားသည်ကို တွေ့ရှိရပါတယ်။ အဲဒီအစည်းအဝေး မှတ်တမ်းကို နောက်တစ်နေ့ (၂၅-၆-၁၉၄၇) ရက်နေ့ အစည်းအဝေးက အတည်ပြုထားတာ တွေ့ရှိရပါတယ် ဟု ဖော်ပြထားပြီး ၎င်းပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီမှ -
ညောင်ရွှေစော်ဘွားကြီး ၊ မိုင်းပွန်စော်ဘွားကြီးနှင့် ဆမားဒူးဝါးဆင်ဝါးနောင်တို့ မေးမြန်းသော မရှင်းလင်းသည့် အချက်အလက်တို့ကို ဦးအောင်ဆန်း၊ သခင်မြ၊ ဦးဘချိုနှင့် ဦးချန်ထွန်းတို့က အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီးနောက် ဖွဲ့စည်းလတ္တံ့သော မြန်မာပြည်ထောင်စုတွင် မြန်မာပြည်မှအပ အခြားအခြားသော ပါဝင်ပတ်သက်သည့် နယ်များတွင် သီးသန့်အုပ်ချုပ်ရေးနှင့် အစိုးရရှိရမည် ဖြစ်သော်လည်း မြန်မာပြည်မနှင့် အခြားပြည်နယ်များမှာ နိုင်ငံအကျယ်အ၀န်း၌ လည်းကောင်း၊ လူဦးရေ၌လည်းကောင်း၊ စီးပွားရေးအခြေအနေ၌လည်းကောင်း၊ လွန်စွာခြားနားသည့်အပြင် ငွေကြေးနှင့် လူအင်အားစသော အခက်အခဲတို့ကြောင့် မြန်မာပြည်အတွက် သီးခြားသော လွှတ်တော်နှင့် အစိုးရမထားရှိဘဲ ပြည်ထောင်စုလွှတ်တော် အစိုးရကပင်လျှင် မြန်မာပြည်မအတွက်ကိုပါ ဆောင်ရွက်ရန် ဖဆပလ ပဏာမညီလာခံမှ ရေးဆွဲထားသော မူကို အကြမ်းအားဖြင့် အားလုံးသဘောတူ ပြဋ္ဌာန်းကြသည်။ မြန်မာနိုင်ငံတွင် ပါဝင်လျက်ရှိသော ပြည်နယ်များအခြေအနေအရ  ရှိပြီးဖြစ်သော မည်သည့်ပြည်ထောင်စု မူမျိုးနှင့်မှ မြန်မာနိုင်ငံနှင့် တစ်သဝေမတိမ်း လုံးဝ မကိုက်ညီနိုင်သဖြင့် ကမ္ဘာပေါ်ရှိ အမေရိကန်၊ ဆွစ်ဇာလန်၊ ရုရှားနိုင်ငံ အစရှိသော ပြည်ထောင်စုမူမျိုးစုံမှ မြန်မာနိုင်ငံအတွက် သင့်လျော်မည့် ကောင်းနိုးရာရာ အချက်တို့ကိုသာ  စိစစ်ပေါင်းစပ်ရေးဆွဲခြင်းကို နှစ်ခြိုက်ပါကြောင်း ဆိုသည့် အပိုဒ်ကို ထုတ်နုတ်ကိုးကား၍ ၀န်ကြီးဒေါက်တာ ဦးဧမောင်၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။ ထို့အပြင် ပြည်ထောင်စု ဗဟိုအစိုးရနှင့် ပြည်နယ်များ အာဏာခွဲဝေရေးနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ရှိစဉ်ကပင် ထိုကိစ္စကို စဉ်းစားဆွေးနွေး ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း အောက်ပါအတိုင်း တင်ပြသည်။

အာဏာများ ခွဲဝေသတ်မှတ်ရာတွင် ပြည်နယ်များ၏ အာဏာများကို သတ်မှတ်ပြီးနောက် မသတ်မှတ်ရာတွင် အာဏာတို့ကို ဗဟိုအစိုးရသို့ ပေးရန် သဘောတူညီကြောင်းကို  တွေ့ခဲ့ရပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပြည်မပြည်နယ် ခေါင်းဆောင်ကြီးများဟာ ပြည်ထောင်စုအစိုးရအား အများနှင့် သက်ဆိုင်သော ကိစ္စအတွက်သာ အာဏာခွဲဝေပေးပြီး ကျန်အာဏာများကို ပြည်နယ်များကို အုပ်ချုပ်ရန်ဆိုတဲ့အပိုင်းကို လက်မခံကြောင်း ထင်ရှားပါတယ်။

လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေးနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ရှိစဉ်ကပင် လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေးမူကို လက်မခံခဲ့ကြောင်း အောက်ပါအတိုင်း တင်ပြထားသည်။

ပြည်နယ်ခေါင်းဆောင်များရဲ့ “ပြည်ထောင်စု စစ်စစ် ဆိုတဲ့မူ” ရဲ့ တတိယပိုင်းဖြစ်တဲ့ လွှတ်တော်နှစ်ရပ် အခွင့်အာဏာတူပေးရေးဆိုတဲ့ အပိုင်း ဖြစ်ပါတယ်။ ဒီအပိုင်းကိုလည်း ကိုယ်စားလှယ်တော် လူကြီးမင်းများ သိရှိတော်မူပြီးတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်မပြည်နယ် ခေါင်းဆောင်များပါ အလေးအနက် စဉ်းစားခဲ့ပြီး အောက်ပါအချက်အလက်များအရ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချခဲ့တာကို တွေ့ရှိရပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်စောစောပိုင်းက တင်ပြပြီးပါပြီ။ ဒီအစီရင်ခံစာရဲ့ ကောက်နုတ်ချက်ကို သဘာပတိကြီးမှတစ်ဆင့် အနည်းငယ် ပြန်လည်တင်ပြပါရစေ။ ဒီအစီရင်ခံစာမှာ ပထမအချက်အနေနဲ့ “ဗဟိုအစိုးရ အဖွဲ့ကို ပြည်သူ့လွှတ်တော်က တာဝန်ခံယူရမည်” ဟု ဖော်ပြထားပါတယ်။ ဒီသဘောဟာ လွှတ်တော်နှစ်ရပ်စလုံး အခွင့်အာဏာတူ ပေးမထားကြောင်း ထင်ရှားလှပါတယ်။ ဒီလိုအခွင့်အာဏာတူ မပေးခြင်းကို အကြောင်းပြထားတာက လွှတ်တော် နှစ်ရပ်စလုံးအပေါ် တာဝန်ခံယူရမည်ဟု ဖော်ပြထားပါက နိုင်ငံရေးဂိုဏ်းဂဏ၊ ပါတီ၊ လူမျိုးစု အမျိုးမျိုး အစားစားရှိတဲ့အတွက် ခိုင်မြဲသောအစိုးရကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ရယ် ပြည်သူ့လွှတ်တော်မှာ လူဦးရေအလိုက် ရွေးကောက်တင်မြှောက်ထားသည့် အမတ်များပါဝင်ပြီး လူမျိုးစုလွှတ်တော်မှာ လူဦးရေအလိုက် ရွေးကောက်တင်မြှောက်ခြင်းမဟုတ်ဘဲ လူဦးရေနည်းသည့် ပြည်နယ်များနှင့် လူနည်းစုတို့အား သက်ညှာသောအားဖြင့် ကိုယ်စားလှယ်များကို လူဦးရေအလိုက် ရှိသင့်သည်ထက် အဆပေါင်းများစွာ ပိုမိုပေးအပ်ထားရသဖြင့် ဒီမိုကရေစီဝါဒအရ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံယူရန် ပြဋ္ဌာန်းထားသည်ဟု ဖော်ပြထားပါတယ်။ ဒီအချက်ဟာ ဒီမိုကရေစီစနစ်အရ ပြည်သူ့လွှတ်တော်ကိုသာ အခွင့်အာဏာပေးထားတာ တွေ့ရပါတယ်။ လွှတ်တော်နှစ်ရပ်ကို အခွင့်အာဏာတူ ပေးထားတာကို မတွေ့ရပါဘူး။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများဟာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် လွှတ်တော်နှစ်ရပ် အခွင့်အာဏာတူပေးတဲ့မူကို ထိုအချိန်အခါကပင် လက်မခံခဲ့ပါဘူး။

ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က တင်သွင်းသော ပြည်ထောင်စု စစ်စစ် မူ အပေါ် ပထစ၏ သဘောထားမူကိုလည်း ၀န်ကြီး ဒေါက်တာ ဦးဧမောင်က -

(၁) ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများ အမြော်အမြင်ကြီးမားစွာ ချမှတ်ခဲ့သော ပြည်ထောင်စု အခြေခံဥပဒေ ရည်ညွှန်းချက်ပါ သဘောထားများနှင့် လုံးဝကွဲပြား ခြားနားနေသည့် အချက်များကြောင့်လည်းကောင်း။

(၂) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများ အမြော်အမြင်ကြီးမားစွာဖြင့် ချမှတ်ခဲ့သော ဒီမိုကရေစီတည်တံ့ခိုင်မြဲရေးနှင့် ဆန့်ကျင်လျက်ရှိသည့် သဘောများ ပါဝင်နေသည့် အချက်များကြောင့်လည်းကောင်း။

(၃) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများ အမြော်အမြင်ကြီးမားစွာ ချမှတ်ခဲ့သော ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးနှင့် ဆန့်ကျင်ကာ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီး စေမည့် အချက်အလက်များ ပါရှိနေခြင်းကြောင့် လည်းကောင်း။

(၄) ပြည်ထောင်စုအဖွဲ့ အစိုးရက ပြည်နယ်များအတွက် ဖြစ်နိုင်သည့် ကိစ္စဟူသမျှကို မိသားစုစိတ်ဓာတ်ဖြင့် အစွမ်းကုန် ဆောင်ရွက်နေသည်ကို ထောက်ရှု၍လည်းကောင်း၊ ဒီမိုကရေစီ စနစ်ဖွံ့ဖြိုးရေး၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ ပြည်နယ်များအဖွဲ့ချုပ် ဥက္ကဌကြီးတင်ပြသော ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူကို ပြည်ထောင်စုအဖွဲ့ချုပ်အနေဖြင့် လက်မခံနိုင်ပါ။ (သို့ရာတွင် နိုင်ငံတော်အကြံပေးအဖွဲ့မှ အလေးအနက် ဝေဖန်ဆွေးနွေးပြီး တင်ပြထားသော ထောက်ခံချက်များမှ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ ညီမျှရေးနှင့် လွတ်လပ်ရေးတည်းဟူသော အခြေခံမူကြီးများနှင့် ကိုက်ညီသည်ဟု ပထစ အဖွဲ့ချုပ်က ယုံကြည်ပါကြောင်း) လေးနက်စွာ တင်ပြအပ်ပါသည် ဟူ၍ တင်ပြသွားသည်။
တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ သိမ်းပိုက်ခဲ့ရခြင်းနှင့် ပတ်သက်၍ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ထုတ်ဝေခဲ့သော “တော်လှန်ရေးကောင်စီ၏ လုပ်ဆောင်ချက် သမိုင်းအကျဉ်းချုပ်” စာအုပ်စာမျက်နှာ ၅ ၌လည်း “နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်း အုပ်ချုပ်ရေးမဏ္ဍိုင် ယိမ်းယိုင်လာခြင်း၊ စီးပွားရေး ပိုမိုသောင်းကျန်းလာခြင်း၊ လူမျိုးရေးပဋိပက္ခ ပိုမိုကြီးမားလာခြင်း၊ သောင်းကျန်းသူများ ပိုမိုထကြွလာခြင်း၊ ပြည်ပအားကိုးသော ပဒေသရာဇ်တို့က ပြည်ထောင်စုကြီးကို ဖြိုခွဲရန် ပြင်ဆင်လာခြင်း စသည့် အဖက်ဖက်မှ အခြေအနေ ယိုယွင်းပျက်ပြားလာသဖြင့်  တပ်မတော်သည် လက်ပိုက်၍ ကြည့်မနေနိုင်တော့ဘဲ သမိုင်းက ပေးအပ်လာသော တာဝန်အရ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းကာ နိုင်ငံတော်၏ အခြေအနေကို ထိန်းသိမ်းခဲ့ရပါသည်” ဟူ၍ ဖော်ပြထားလေသည်။ သို့သော် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် ၂၈ နှစ်အကြာ ၁၉၉၀ ပြည့်နှစ် ဇွန်လတွင် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဦးနု၏သဘောထားကို ရန်ကုန်တက္ကသိုလ် သမိုင်းသုတေသန ဌာနက မေးမြန်းခဲ့ရာ ဖက်ဒရယ်မူကြောင့် အာဏာသိမ်းပိုက်ခဲ့ရပါသည် ဟူသော အကြောင်းပြချက်ကို လုံးဝ လက်မခံခဲ့ပေ။ ၀န်ကြီးချုပ်ဟောင်း ဦးနုက -

“ခွဲထွက်နိုင်ခွင့်ဆိုတဲ့ ဟိုဥစ္စာကြီးကို ဖြုတ်ပစ်လိုက်ပါ။ မထားနဲ့တော့။ ခင်ဗျားတို့ လိုချင်တဲ့ အာဏာတွေကို နောက်ထပ်ပြီးတော့ တောင်းမယ်၊ နည်းနေတယ်လို့ သူတို့က ပြောတယ်။ အင်္ဂလိပ်တွေ ရှိတုန်းက ၉၁ ဌာနဆိုတာ၊ ဌာနတွေ ပေးထားတာက ဗမာပြည်က ၉၁ ဌာနဆိုတာကတော့ ကြားလိုက်တော့ ၁၀၀ မှာ ကိုးဆယ်နဲ့တစ်ဌာနဆိုတော့ များနေတယ်။ ကိုးဆယ်နဲ့ တစ်ဌာနက သုညတွေ။ ခုနှစ်ဌာနက တကယ့်အဆီအနှစ်တွေ၊ ဒါ အင်္ဂလိပ်က ကိုင်ထားတယ်။ အဲသလိုဟာမျိုး ဖြစ်ချင်ရင် ဖြစ်နေမလား၊ အဲဒါတွေ လိုချင်ရှိရင်ဖြင့် ပြော။ ကျွန်တော်တို့ နောက်ထပ်ပြီးတော့ ဘယ်အာဏာပေးပါဦး၊ ဘယ်ဌာန ပေးပါဦး ပြော၊ discuss လုပ်မယ်။ discuss လုပ်ပြီးတော့ ကျွန်တော်တို့ ညီအစ်ကို အချင်းချင်းပဲ။ သူတို့ကို ပေးလိုက်ရလို့ ပိုသွားတယ်။ ကျွန်တော်တို့ ဗမာက ရှုံးကျန်ရစ်ခဲ့တယ်။ ဒီလို မဟုတ်ဘူး။ အကုန်ပေးမယ်။ ခွဲထွက်ပိုင်ခွင့် ဆိုတဲ့ ဥစ္စာကြီးကို ဖြုတ်ပစ်လိုက်တော့။ ခင်ဗျားတို့ လိုချင်နေတယ် ဆိုတဲ့  Schedule ဆိုတဲ့အထဲမှာ၊ List တွေထဲမှာ နောက်ထပ်ပြီးတော့ ကျွန်တော် အာဏာတိုးပေးမယ်” ဟူသော မိမိ၏ သဘောထားကို ပြည်နယ်ကိုယ်စားလှယ်များအား ပြောကြားရန် အစီအစဉ် ရှိခဲ့ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။ အကယ်၍သာ ဦးနုက နှီးနှောဖလှယ်ပွဲအတွင်း ဤသဘောထားကို ပြောကြားမည်ဆိုလျှင် ပြည်နယ်ကိုယ်စားလှယ်များ ကလည်း လက်ခံကြဖွယ် ရှိသည်ဟု ဆိုသည်။ ရှမ်းပြည်နယ်ဥက္ကဌနှင့် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဥက္ကဌ စဝ်ခွန်ချို ကိုယ်တိုင်ကလည်း လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် အဆိုတင်သွင်းတောင်းဆိုမှုများမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း ၊ ဤကိစ္စနှင့် ပတ်သက်၍ ဦးနုနှင့် ညှိနှိုင်းစီစဉ်ထားပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်မူ တောင်းဆိုခြင်းမှာ မိမိတို့အာဏာ ပိုမိုရရှိလာအောင် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု ဆိုသည်။

ဝန်ကြီးချုပ် ဦးနုကိုယ်တိုင်ကလည်း နှီးနှောဖလှယ်ပွဲမှာ စိုးရိမ်စရာ မရှိကြောင်း၊ ဤကိစ္စအတွက် အဖြေရှိပြီးဖြစ်ကြောင်းတို့ကို ထိုစဉ်ကပင် ပြောကြားခဲ့ဖူးသည် ဟု ဆိုသည်။

လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် ရှမ်းပြည်နယ်ဥက္ကဌ စ၀်ခွန်ချို တင်သွင်းသည့် ဖက်ဒရယ်မူ အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ကယားပြည်နယ်ကိုယ်စားလှယ် ဦးစိန်ကလည်း ထိုစဉ်က မိမိတို့ တောင်းဆိုခဲ့သော ဖက်ဒရယ်မူသည် ပြည်ထောင်စုကြီးကို ပြိုကွဲစေမည်ည မဟုတ်ဟု လည်းကောင်း၊ ၊ မိမိတို့သည် ထိုစဉ်က ခွဲထွက်ခွင့်ဟူသည်ကို လုံးဝသတိမရကြပါဟု လည်းကောင်း၊ မြန်မာနိုင်ငံတည်း ဟူသော ခြံကြီးတစ်ခုတည်းတွင် ကိုယ့်အိုးကိုယ့်အိမ်ဖြင့် နေထိုင်နိုင်ရန် တောင်းဆိုခြင်းမျိုးသာ ဖြစ်သည်ဟု လည်းကောင်း ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ် ဦးနုက -

“တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးသာလိုကြောင်း အမှန်တကယ်ဖြစ်ခဲ့ရင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ကျွန်တော့်ကို တင်ပြရမယ်။ ဒါမှမဟုတ် ကျွန်တော့်ကို အကြောင်းအကျိုး တင်ပြဖို့ အခြေအနေ မပေးခဲ့ရင် ကျွန်တော့် အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဖြစ်သူကို တင်ပြရမယ်။ သို့သော် ဗိုလ်နေ၀င်းဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ ၎င်းတစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ၎င်းကိုယ်ကျိုးအတွက် အာဏာသိမ်းခဲ့ခြင်းသာ ဖြစ်တယ်။ အကယ်၍များ သူပြောသလို တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးသာ လိုခဲ့ရင် ၊ ကျွန်တော်တို့ကို ၂ မိနစ်သာ ကြိုတင်အသိပေးပါ။ ကျွန်တော် ချက်ချင်း အာဏာသိမ်းလိုက်ပါမယ်” ဟူ၍ ပြောကြားခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် တာဝန်စတင်ထမ်းဆောင်စဉ်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုင်၍ ကျမ်းသစ္စာပြုခဲ့သော ဗိုလ်ချုပ်ကြီး နေ၀င်းသည် နိုင်ငံတော်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်တွင် သစ္စာရှိရမည် ဟူ၍ ကျိန်ဆိုခဲ့သူ ဖြစ်သည်။ စာရေးသူကိုယ်တိုင် ဗိုလ်မှူးချုပ် တင်ဖေ (ငြိမ်း) ၏ ဇနီး ဒေါ်သိန်းဆိုင် (စာရေးဆရာမ မမြတ်လေး) မိတ်ဆက်ပေးမှုကြောင့် အာဏာသိမ်းရာတွင် ပါဝင်ခဲ့သော တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီး တန်ယုဆိုင် (ငြိမ်း) ကိုယ်တိုင်ရေးသားခဲ့သော ကိုယ်ရေးမှတ်တမ်း လက်နှိပ်စက်မူကို ၎င်းဇနီးထံမှ တောင်းယူ ဖတ်ရှုခွင့် ရရှိခဲ့ပါသည်။  ဒေါ်သိန်းဆိုင်နှင့် ဗိုလ်မှူးကြီး တန်ယုဆိုင်သည် မောင်နှမတော်စပ်ပါသည်။ ဗိုလ်မှူးကြီး တန်ယုဆိုင် ရေးသားခဲ့သော ယင်းမှတ်တမ်း၌ ဗိုလ်မှူးကြီး တန်ယုဆိုင်က ဗိုလ်ချုပ်ကြီး နေဝင်းသည် နိုင်ငံတော် အာဏာသိမ်းပိုက်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ရာ ပထမအကြိမ်တွင် နောက်လိုက်အင်အားမရှိ၍ အစီအစဉ် မအောင်မြင်ခဲ့ချေ။ တဖန် ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း၏ သူရဲကောင်းသုံးယောက်ဟု အပြောများသည့် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ကြီး နှင့် ဗိုလ်မှူးချုပ် တင်ဖေတို့သည် ဝန်ကြီးချုပ် ဦးနု နေအိမ်အတွင်းသို့ ဝင်ရောက်ကာ စစ်တပ်မှ အာဏာသိမ်းပိုက်ပြီဖြစ်ကြောင်း လာရောက်ပြောကြားရာ ဦးနုက -

“အဲသလို စိတ်နောက်လိုက်ပါ မလုပ်ကြနဲ့လေ။ အာဏာသိမ်းဖို့ စိတ်နဲ့တောင် မပြစ်မှားကြပါနဲ့။ အာဏာသိမ်းတယ်ဆိုတာနဲ့ တပ်မတော်ရော တိုင်းပြည်ပါ နာမည်လည်း ပျက်မယ်၊ သိက္ခာလည်း ကျပါလိမ့်မယ်။ လက်ရှိအစိုးရကို လက်မခံနိုင်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပါမယ်လို့သာ တပ်မတော်က ကတိပေးပါ။ တပ်မတော်ကို အာဏာလွှဲပေးလိုက်ပါ့မယ်။ ဒီလိုအာဏာလွှဲပေးဖို့အတွက် ထုံးတမ်းစဉ်လာနဲ့အညီ လွှတ်တော်ခေါ်လိုက်မယ်။ လွှတ်တော်မှာ ကျွန်တော် ဝန်ကြီးချုပ် ရာထူးက ထွက်ပြီး ဗိုလ်ချုပ်ကြီး နေဝင်းအား ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်နိုင်အောင် အဆိုတင်ပေးပါမယ် ဟူ၍ ပြောဆိုကြောင်း၊ သွေးထွက်သံယိုမှုမရှိဘဲ အာဏာလွှဲပြောင်းပေးခြင်းဖြင့် ဗိုလ်ချုပ်ကြီး နေ၀င်းသည် သိက္ခာရှိရှိ အိမ်စောင့်အစိုးရအသွင်ဖြင့် အာဏာရရှိသွားခဲ့သည်” ဟူ၍ ဖော်ပြထားသည်။ စင်စစ် ဗိုလ်ချုပ်ကြီး နေ၀င်းအား အာဏာသိမ်းပိုက်ရန် အစဉ်တစိုက် တိုက်တွန်းခဲ့သူမှာ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင် ဖြစ်ပြီး၊ စစ်တပ်အား စီးပွားရေး လုပ်ကိုင်ရန် အဓိက ကြိုးကိုင်ခဲ့သူမှာ ဗိုလ်မှူးချုပ် အောင်ကြီးတို့ ပင် ဖြစ်သည်။

ထို့နောက် ၁၉၆ဝ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပါလီမန် ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးသော ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိသော ဦးနုခေါင်းဆောင်သည့် သန့်ရှင်းဖဆပလပါတီ (နောင် ပထစပါတီ) အား ၁၉၆၀ ၊ ဧပြီလ ၅ ရက်နေ့တွင် အာဏာပြန်လည် လွှဲပြောင်းပေးခဲ့ရသည်။ ထို့နောက် ပထမ အစိုးရအာဏာရရှိပြီး (၁) နှစ်၊ (၁၀) လ၊ (၂၇) ရက်တွင် ဖက်ဒရယ်မူကို အကြောင်းပြု၍ တတိယအကြိမ်မြောက် အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်ဟူ၍ ရေးသားထားလေသည်။

ထို့ကြောင့် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး နေဝင်းသည် ၎င်း၏ ကိုယ်ကျိုးစီးပွားအတွက် ဖက်ဒရယ်မူကို အကြောင်းပြု၍ အာဏာသိမ်းခဲ့ခြင်းမှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ကွင်းကွင်းကွက်ကွက် ထင်ရှားနေပေသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။