Tuesday, November 12, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၁၃)

(စည်းလုံးခြင်းရဲ့အင်အား)
ဆင်ဖြူရှင်မင်း ရုပ်ပုံ ပန်းချီကားချပ်
မြန်မာ - တရုတ် စတုတ္ထအကြိမ် စစ်ပွဲ
အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၅)။ ။ ရန်ကုန်မြို့တော် လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်များတွင် တရုတ်တန်း ၁၉/၂၀ လမ်းများမှာ ဗမာစကား လုံးဝ မတတ်သော ခြေသေး ဆံပင်ကျစ်ထားသော တရုတ်များ ရောက်ရှိနေသလို မန္တလေးမြို့ကိုလည်း တရုတ်လွှမ်းမိုးသွားပါသည်။ နဝတ အစိုးရ လက်ထက်တွင် တရုတ်အသွင်ပြောင်း ကိုးကန့်လူမျိုးများအား နိုင်ငံသားစီစစ်ရေး ယာယီကဒ် ထုတ်ပေးခွင့် ပြုလိုက်တဲ့အပေါ် အမျိုးသားရေး အန္တရယ်အဖြစ် မျိုးချစ်တပ်မတော်သား အချို့က ရှုမြင်ကြပါသည်။ ကချင်ပြည်နယ် ကျွန်းကဲ့သို့သော သစ်တောများသာမက သတ္တုများပါမကျန် မြန်မာပြည် အလယ်ပိုင်း မြွေ၊ ဖား၊ တောက်တဲ့ တိရိစ္ဆာန် သတ္တဝါများအဆုံး တရုတ်ပြည်သို့ တင်ပို့ လိုက်သဖြင့် မျိုးတုန်းမှု အန္တရယ် ကြုံတွေ့နေရပြီး တောင်သူ လယ်သမားများ၏ လယ်ကွက်များတွင် အကာအကွယ်မဲ့ကာ သဘာဝ ဘေးပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့နေရပါသည်။ 


တရုတ်ပြည်မှ ပြန်လည် တင်ပို့မည့် ကုန်ပစ္စည်းများမှာ အရေအသွေးများ ညံ့ဖျင်းလှသဖြင့် ပြည်သူလူထုအနေဖြင့် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံလုပ် ပစ္စည်းများနဲ့ ဆိုင်ရင် ခပ်ညံ့ညံ့အောက်နားအဆင့်ပင် သတ်မှတ်ထားရှိကြောင်း သိရှိရပါသည်။ ပိုဆိုးသည်မှာ အသားတု၊ နို့မှုန့်ကဲ့သို့ တရုတ်လုပ် အချို့ အစားအစာများနှင့် ဆေးဝါးပစ္စည်းများမှာ ဘေးဥပုဒ် အန္တရယ်များ ကြုံတွေ့နေရသဖြင့် စိုးရိမ်စရာ ကောင်းလှပါသည်။

တရုတ်ဧကရာဇ် ချန်လုံတပ်မှ မြင်းစစ်သည်တော်
မင်ဂျွီ ကျဆုံးသွားခြင်းသည် ချိန်းလုံဧကရာဇ်နှင့် မန်ချူးနန်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ မန်ချူးအင်ပါယာ၏ ဂုဏ်သိက္ခာကို ဆယ်ရန် သတိကြီးကြီးဖြင့် စစ်ဆက်တိုက်ရန်မှတပါး အခြားနည်းမရှိဟု ချိန်းလုံနှင့် ဗိုလ်ချုပ်များ ဆုံးဖြတ်ကြသည်။ သို့ဖြင့် ၁၇၆၉ ခုနှစ်အကုန် မြန်မာသက္ကရာဇ် ၁၁၃ဝ ပြည့်နှစ်တွင် တရုတ်တို့ စတုတ္ထအကြိမ် လာပြန်၏။ ဤအချိန်၌ တရုတ်တို့သည် နယ်စပ်တွင် ၆၀,၀၀၀ ထက် မနည်းသော စစ်သည်များကို စုရုံးပြီး ဖြစ်လေသည်။ တရုတ်တို့သည် ခြေသည် ငါးသိန်း ငါးသောင်းဖြင့် ချီလာသည်ဟု မြန်မာရာဇဝင်ကျမ်းတို့က ဆိုသည်။ စစ်မှူးကြီးမှာ မန်ချူး အစိုးရတို့ လွန်စွာ အားထားရသော မန်ချူးလူမျိုး နယ်စားကြီးဖူဟင်း ဖြစ်လေသည်။ မှူးမတ်အချို့က သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းရေး ရလိုသော်လည်း ဘုရင်နှင့်ဖူဟင်းတို့ကမူ မြန်မာဘုရင် အကြွင်းမဲ့ လက်နက်ချရေးကိုသာ အလိုရှိသည်။ တရုတ်တို့က ယိုးဒယားနှင့် လင်ဇင်း (လော) သို့လည်း တမန်များစေလွှတ်ပြီး မြန်မာကို ဝိုင်းပိတ်ရေးအတွက် မဟာမိတ်ဖွဲ့ရန် ကြိုးစားသည်။

မူလ အစီအစဉ်၌ ဖူဟင်းသည် ဧရာဝတီမြစ်ကို ဝိုင်းမော်၌ ဖြတ်ပြီးလျှင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဒေသများကို တဆင့်ပြီး တဆင့် တိုက်ခိုက်၍ ရွှေဘိုကို သိမ်းယူရန် ဖြစ်သည်။ ရွှေဘိုမှတဆင့် အင်းဝသို့ ဆက်လက် ချီတက်ရန် ဖြစ်သည်။ ဗိုလ်ချုပ်အီလယ်တူ အုပ်ချုပ်သော တပ်ကြီးသည် ဧရာဝတီမြစ်၏ အရှေ့ဘက်မှ ဆင်း၍ ဖူဟင်းတပ်ကို ကူညီရန် ဖြစ်သည်။ တတိယ တရုတ်တပ်သည် မန်ဝိန်းမှ ဗန်းမော်သို့ ချီတက်ရန် ဖြစ်လေသည်။ ယခင်က အမှားမျိုး မဖြစ်စေရန် ထောက်ပံ့ရေးလမ်းကြောင်းများကို လုံခြုံအောင် စီစဉ်သည်။ မြန်မာတို့ပျောက်ကျားစစ်ဖြင့် တိုက်နိုင်သည့် တောတောင်ထူရာ ရှမ်းပြည်ကို ရှောင်သည်။ ထိုအချိန်တွင် မြန်မာတို့ကလည်း ယိုးဒယားမှ တပ်အများစုကို ပြန်ခေါ်၍ တရုတ်စစ်မျက်နှာသို့ ပို့ထားပြီဖြစ်သည်။ ထိုအထဲတွင် တပဲမြို့စား ပြင်သစ်ဗိုလ်ကြီးမင်းလတ် ခေါင်းဆောင်သည့် ပြင်သစ်သေနတ်သမားများနှင့် အမြောက်သမားများ ပါဝင်ကြသည်။

မြန်မာစစ်သူကြီး
တရုတ်တို့ အစီအစဉ်မှာ ကနဦးကပင် ခြေလှမ်းမှားလေတော့သည်။ ဖူဟင်းသည် ၎င်း၏ဦးစီးအရာရှိများ အကြံဥာဏ်ကို ဆန့်ကျင်လျက် မိုးမကုန်မီ စစ်ဆင်ရေးကို စတင်လိုက်သည်။ မြန်မာတပ်ကြီး ရောက်မလာမီ ခြေကုတ်ရဖို့ ကြံစည်ခြင်း ဖြစ်သည်။ သို့ဖြင့် ဖူဟင်း၏ တပ်သည် ငှက်ဖျားရောဂါ ထူထပ်လှသော မိုးကောင်း နယ်မြေတွင် အလဟဿ လှည့်လည်၍ နှစ်လတိုင်တိုင် အချိန်ဖြုံးခဲ့သည်။ မြန်မာတပ်ကြီး မိုးကောင်းနယ်သို့ ရောက်သောအခါ တရုတ်တို့သည် ဧရာဝတီ မြစ်ဘက်သို့ ပြန်၍ လှည့်ကြသည်။ ရွှေကူမြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူစစ်တပ်နှင့် ပေါင်းမိသည်။ ထို့နောက် မန်ဝိန်းမှ ချီလာသောတပ်နှင့် တဖန်ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ကြသည်။ သို့သော် ဗန်းမော်သည် မြန်မာတို့အဖို့ အရေးပါ အားထားသော စခန်းဌာန မဟုတ်ချေ။ ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသော ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင်စခန်းတွင် တည်ဆောက်ကြသည်။ 
ဗန်းမော်ကို ချီခဲ့စဉ်က မြစ်ညာတွင် ထားခဲ့သော တရုတ်တပ်များကလည်း ပါလာသော လက်သမားများကို လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ရေကြောင်းချီလာသည်။ ကောင်းတုံမြို့ကို တရုတ်တို့ ရေကြောင်း ကြည်းကြောင်းဖြင့် အထပ်ထပ်ဝန်းရံ လုပ်ကြံသော်လည်း ဗလမင်းထင် အစီအမံ အကွပ်အကဲ ကောင်း၍ မရချေ။ ထို့နောက် တရုတ်တို့သည် ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော မြန်မာတို့၏ ကောင်းတုံခံတပ်ကို အမြောက် လက်နက်များ စုံလင်စွာဖြင့် ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြသည်။ သို့သော် ဧရာဝတီမြစ် အနောက်ဖက်ကမ်းနှင့် အရှေ့ဖက်ကမ်းတို့မှ တောင်ဖက်သို့ ဟန်ချက်ညီ တိုက်ဆင်းသွားရန် စီစဉ်ထားသည့် တရုတ်တပ် နှစ်တပ်မှာ အမိန့်အတိုင်း မဆောင်ရွက်ကြ။

မြန်မာစစ်မှူး စစ်ကဲတို့သည် ယခင်အတိုင်း တရုတ် ရိက္ခာထောက် စစ်တပ်ကို ဖြတ်တောက်ရန် အင်းဝမှ နေမျိုးသီဟသူရ၊ မဟာသီဟသူရ၊ လက်ဝဲဝင်းမှူးတို့ ချီတက်စေ၏။ တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြသည်။ ကောင်းတုံသို့ မြန်မာ့ရေတပ်မှ အကူအညီ ရောက်လာပြီးနောက် တရုတ်တို့၏ လှေသမ္ပာန်များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို ခံကြရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။