Monday, April 1, 2013

လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၁၂)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် 

(၅၀)        ပြီးပြည့်စုံသော တိုက်ပွဲနယ်မြေတစ်ခုအား လေကြောင်း ရန်ကာကွယ်ရေးစနစ် တည်ဆောက် နိုင်ရန်အတွက်  အောက်ဖော်ပြပါ နည်းလမ်းများကို ပေါင်းစပ်အသုံးပြုရပါမည် -
                (က)  ပိုမိုအစွမ်းထက်ပြီး တန်ပြန်အီလက်ထရောနစ် လုပ်ဆောင်ခြင်းခံရမှု အန္တရာယ် အနည်းဆုံးသော ရန်သူ/မိတ်ဆွေ ခွဲခြားသောစနစ်တပ်ဆင်ထားရှိခြင်း။
                (ခ)    တိုက်ပွဲနယ်မြေအတွင်းရှိ အင်အားစုများအားလုံးကို မှန်ကန်စွာ ပေါင်းစပ်ညှိနှိုင်း ပေးနိုင်သည့် ကြည်း၊ ရေ၊ လေ ပူးပေါင်း ပါဝင်သော လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့အား သတ်မှတ်နယ် မြေ အလိုက် ဖွဲ့စည်းပေးထားခြင်း။
                (ဂ)    တိုက်ပွဲနယ်မြေကို အချိန်နှင့်ထုထည်အလိုက် ဝေဟင်ပိုင်နက်ဇုံများ သတ်မှတ်ခွဲဝေ ထားရှိပြီး ကြီးကြပ်ကွပ်ကဲခြင်း။
                (ဃ)  ရေဒါများနှင့်ဆက်သွယ်ရေးစနစ်များ၏ တန်ပြန် အီလက်ထရောနစ်နည်းကို တန်ပြန်ဆောင် ရွက်မှုဆိုင်ရာအပိုင်းတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် စေခြင်း။

                (င)    အေဝက်ကဲ့သို့သော ကြိုတင်သတိပေး လေယာဉ် ပျံများနှင့် ၎င်းတို့၏ ခေတ်မီ လေကြောင်းရန် ကြိုတင်သတိပေးကရိယာ များအား တိုက်ပွဲနယ်မြေအပြင်ဘက် အလှမ်းကွာဝေးသော လုံခြုံရာနေ ရာတွင်ထားရှိ၍ ကြီးကြပ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့အတွက် သတင်း အချက်အလက်များအား အချိန်နှင့်တပြေးညီ တိကျမှန်ကန် စွာပေးပို့နိုင်သော   ဆက်သွယ်ရေးစနစ်များထားရှိ ဆောင်ရွက်စေခြင်း။
                (စ)    ဝေဟင်နှင့်မြေပြင်တပ်ဖွဲများ၏ စွမ်းအားကို အစွမ်းကုန်အသုံးချနိုင်ရန် အတွက် ရှေ့တန်း လေကြောင်းကြီးကြပ် ထိန်းသိမ်းရေး (Forward Air Controller)  စနစ်ထားရှိခြင်း။
                (ဆ)  တိုက်ပွဲနယ်မြေတစ်ခုချင်းစီအလိုက် လေယာဉ် အဝင်အထွက်လမ်းကြောင်းများ သတ်မှတ် ထားရှိခြင်း၊ တိုက်ပွဲတည် မြဲလုပ်ငန်းစည်းမျဉ်းများ ချမှတ်လျက် ကြီးကြပ် ကွပ်ကဲစေခြင်း။
                (ဇ)    မိမိဘက်မှ အထိအခိုက်အနည်းဆုံးနှင့် အောင်မြင် မှုအများဆုံးရရှိရန်အတွက် တန်ပြန် လေကြောင်းတိုက်ပွဲအား စည်း စနစ်တကျ ချမှတ်ထားသော တိုက်ပွဲလုပ်ငန်း စည်းမျဉ်းများဖြင့် လည်း ကောင်း၊ အနီးကပ်ကြီးကြပ်ကွပ်ကဲခြင်းအားဖြင့် လည်းကောင်း ဆောင် ရွက်ရပါမည်။

ပင်လယ်ပြင်လေကြောင်းရန်ကာကွယ်ရေး
(၅၁)         ပင်လယ်ကမ်းခြေရှိ လေတပ်စခန်းများတွင် အခြေပြုထား သော လေယာဉ်များ၏ စစ်ဆင်နိုင်မှု အကွာအဝေး (Radius of Action) ပြင်ပတွင်ရောက်ရှိနေသဖြင့် လေတပ်မှ လက်လှမ်းမမီသော နေရာရှိ ပင်လယ်ပြင်ပေါ်မှ ဝေဟင်ပိုင်နက်၏ လေကြောင်းရန်ကာကွယ်ရေးကို ရေတပ်မှတာဝန်ယူဆောင်ရွက်ရပါသည်။ ဤနေရာတွင် ရေတပ်ပိုင်ရေ ယာဉ်များပေါ်မှ လေယာဉ်များနှင့် ရေယာဉ်တွင်သယ်ဆောင်တပ်ဆင် ထားသော လက်နက်များ အတူတကွပူးတွဲလျက် လေကြောင်းရန် ကာကွယ်ရေးဆောင်ရွက်ခြင်းများလည်း ပါဝင်လာရမည် ဖြစ်ပါသည်။ ပင်လယ်ပြင်လေကြောင်းကာကွယ်ရေး ဆောင်ရွက်ရာတွင် အဓိကထား စဉ်းစားရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ကြပါသည် -
                   (က)           ဆိပ်ကမ်းနေရာများနှင့် စစ်သင်္ဘောများ ကျောက်ချ ရပ်နားရာနေရာများအား လေကြောင်းရန် ကာကွယ်ရေး ဆောင်ရွက် ခြင်း။
                   (ခ) ကမ်းခြေတစ်ဝိုက်ရှိလေယာဉ်ကွင်းမှ လေယာဉ် များ၏ စစ်ဆင်နိုင်မှုအကွာအဝေး (Radius of Action) အတွင်း လေကြောင်းရန်ကာကွယ်ရေး ဆောင်ရွက်ခြင်း။
                   (ဂ) ကမ်းဝေးပင်လယ်ပြင်ရှိ အရေးကြီးအချက်အချာ နေရာများအားလေကြောင်းရန် ကာကွယ်ရေး ဆောင်ရွက်ခြင်း။

ပင်လယ်ပြင်လေကြောင်းရန်ကာကွယ်ရေး၏ ထူးခြားချက်များ
(၅၂)                  မြေပြင်ပေါ်ရှိ အချက်အချာနေရာ သို့မဟုတ် အချက်အချာဧရိယာ တစ်ခုခုကို ကာကွယ်ခြင်း နှင့် ပင်လယ်ပြင်ရှိ နေရာများအား ကာကွယ်ခြင်းတို့သည် ယေဘုယျအားဖြင့် တူညီမှု ရှိကြပါသည်။ သို့ရာတွင် အောက်ဖော်ပြပါအချက်များ၌ အဓိက ကွဲပြားမှုများတွေ့ရနိုင်ပါသည် -
                  (က)            ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာသော လေ ယာဉ်သည် မြေပြင်ပေါ်တွင်ထက် ပိုမို၍ နိမ့်စွာပျံသန်းလာနိုင်ခြင်း။
                  (ခ)  ဆိပ်ကမ်းအနီးတစ်ဝိုက်တွင် ကြီးမားသော အဆောက်အဦများ ပြည့်ကျပ်စွာ ဆောက်လုပ်ထားလေ့ရှိခြင်းကြောင့် ကုန်းတွင်းပိုင်းတွင် ကာကွယ်သကဲ့သို ပတ်လည် လုံခြုံမှုရှိအောင် ကာကွယ်နိုင် ရန်အတွက် ပစ်ကွင်းခက်ခဲခြင်း။
                  (ဂ)  သင်္ဘောတင်ရေဒါများ၊ အီလက်ထရောနစ် ကိရိယာများနှင့် လက်နက်များကို အတူတကွ ပေါင်းစပ်အသုံးပြု နိုင်ခြင်း။
                  (ဃ)            သင်္ဘောများ ဆိုက်ကပ်ထားခြင်းကြောင့် ဆိပ် ကမ်းနေရာကို တိုက်ခိုက်လိုသော ရန်သူက အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်စေခြင်း။
                  (င)  ဆိပ်ကမ်းတစ်ခုအား ကာကွယ်ရမည်ဆိုပါက ဆိပ်ကမ်းနေရာ ကွက်ကွက်ကလေးကို သာလျှင် ကာကွယ်၍မရဘဲ ဆိပ်ကမ်းသို့ သင်္ဘောများဝင်ရောက်သော လမ်းကြောင်း တစ်လျောက် ကိုပါ ကာကွယ်ရန် လိုအပ်ခြင်း။
                  (စ)  ပင်လယ်ပြင်တွင် ရောက်ရှိနေသော သင်္ဘောများ ပေါ်ရှိ ရေဒါများကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် ပိုမိုစောစီးစွာ ကြိုတင် သတင်းပေးမှု ရရှိနိုင်ခြင်း။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။