Tuesday, April 9, 2013

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၁၃)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် 

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။                               မြန်မာနိုင်ငံ ကမ်းရိုးတန်းတလျောက် တပ်မတော်(ရေ) ၏ ကာကွယ်စောင့်ရှောက်မှု အနေအထားသည် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာ အားနည်းနေသည်ကို တွေ့ရှိရသည်။ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတွင် အမေရိကန် စစ်သင်္ဘော မြန်မာရေပိုင်နက်အနီး ရောက်ရှိလာကြောင်းကို ကြယ်ငါးပွင့်သင်္ဘော သတင်းပို့မှ သိရှိလာရပါသည်။ ဘင်္ဂလားဒေ့ရှ်နှင့် အခင်း ဖြစ်ပွားသည့် ရေပိုင်နက် အငြင်းပွားမှုတွင် ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောများက အင်အားကောင်းစွာဖြင့် လှုပ်ရှားနေသော်လည်း မြန်မာ ရတပ် သင်္ဘောများက ရေပြင်တွင် စိုးမိုးနိုင်ရန် စက်သုံးဆီ ချွေတာနေရကြောင်း သိရှိရပါသည်။ အလားတူ ထိုင်းနိုင်ငံတွင် လေယာဉ်တင် သင်္ဘောပိုင် ဆိုင်နေကြောင်း သိရှိရပါသည်။ မြန်မာ့ရေတပ် သင်္ဘောတွင်ရှိသော လေကြောင်း ကာကွယ်ရေး အမြောက်များမှာ ဒုတိယကမ္ဘာစစ် ကတည်းက အသုံးပြုသည့် အမြောက်များကိုသာ သုံးစွဲနေရသဖြင့် ရေပြင်ရှိ ဝေဟင်ပိုင်နက် နယ်နိမိတ်မြေကို ထိန်းသိမ်းနိုင်ရန်မှာ ရေတပ်၏ ကွပ်ကဲမှုအောက် လေယာဉ်များ လိုအပ်နေသေးသည်ဟု စစ်ဖက်နီးစပ်သူများက ဆိုပါသည်။


လေကြောင်းရန် ကာကွယ်ရေး ညွှန်ကြားမှုဗဟို

(၅၃)                  လေကြောင်းရန် ကာကွယ်ရေး ညွှန်ကြားမှု ဗဟိုတစ်ခု၏ ကွပ်ကဲမှုအောက်တွင် ပင်လယ်ပြင်နှင့် ဆိပ်ကမ်းနေရာများ ပါဝင်နေပါက တပ်မှူး၏ လက်အောက်တွင် ရေတပ်ဆက်ဆံရေး အရာရှိတစ်ဦး ထားရှိရန် လိုအပ်ပြီး အဆိုပါအရာရှိ၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

                   (က)           လက်နက်များ၊ ရေယာဉ်များ သွားလာရွှေ့ပြောင်းမှုများ ရေမြုပ်မိုင်း ချထားခြင်းနှင့် ရှင်းလင်းရေး ကိစ္စရပ်များ အပါအဝင် ရေတပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပေးခြင်း။

                  (ခ)  ရေယာဉ်အခြေပြု လေယာဉ်များ၏ လှုပ်ရှားမှုများကို အချိန်နှင့် တစ်ပြေးညီ သတင်းရယူ တင်ပြခြင်း။

                  (ဂ)  ပင်လယ်ပြင်ရှိ ရေယာဉ်များပေါ်မှ ထောက်လှမ်းရရှိသော သတင်းအချက်အလက် များကို  အချိန်နှင့် တပြေးညီ ရယူတင်ပြခြင်း။

                  (ဃ)            ပင်လယ်ပြင် ကယ်ဆယ်ရေး လုပ်ငန်းများတွင် လိုအပ်သလို အထောက်အကူပြုခြင်း။

                  (င)  ပင်လယ်ပြင်တွင် တွေ့ရှိလာရသော လေယာဉ်/ရေယာဉ်များအား ရန်သူမိတ်ဆွေ ခွဲခြားရေးတွင် လိုအပ်သလို အကူအညီပေးခြင်း။

                  (စ)  ရေယာဉ်တင် လက်နက်များ၏ ပစ်ခတ်မှုများကို ထိန်းသိမ်း ကြီးကြပ်ရေးတွင် အထောက်အကူပြု ဆောင်ရွက်ပေးခြင်း။

                  (ဆ)            ရေပြင်ဘက်ရှိ ဝေဟင်ပိုင်နက်အတွင်းမှ ကျူးကျော် ဝင်ရောက်လာခြင်းအား ပင်လယ်ပြင်ရှိ ရေယာဉ်များထံသို့ ကြိုတင်သတိပေးခြင်း။
တိုက်ခိုက်ရေး လေယာဉ်များဖြင့် ကာကွယ်ခြင်း

(၅၄)         တိုက်ခိုက်ရေး လေယာဉ်များဖြင့် ပင်လယ်ပြင်ရှိ ရေယာဉ်များအား လေကြောင်းရန်မှ ကာကွယ်ရာတွင် အောက်ဖော်ပြပါအတိုင်း အဓိကပုံစံ (၂)မျိုး ဖြစ်နိုင်ပါသည် -

                  (က)            ကြိုတင်စီစဉ်ထားသော ကာကွယ်မှု ဆောင်ရွက်ခြင်း။   ရေတပ်အာဏာပိုင် များနှင့် ညှိနှိုင်းပြီး ကြိုတင်စီမံချက် ရေးဆွဲချမှတ် ဆောင်ရွက်သော ကာကွယ်မှုမျိုး ဖြစ်ပြီး တိုက်ကင်းလှည့်ခြင်း၊ ထောက်လှမ်း ပျံသန်းခြင်းများပါ ပါဝင်ပါသည်။

                  (ခ)  အရေးပေါ် ကာကွယ်မှု ဆောင်ရွက်ပေးခြင်း။   အရေးပေါ် လိုအပ်ချက်အရ အလျင်အမြန် အကာကွယ် ပေးရခြင်းမျိုးဖြစ်ပြီး အချိန်မီရောက်ရှိ ကာကွယ်နိုင်ရန် ခက်ခဲပါသည်။

(၅၅)                              ပင်လယ်ပြင် လေကြောင်းရန် ကာကွယ်ရေးအတွက် ဆောင်ရွက်နေသော တိုက်လေယာဉ် များအား အနီးကပ် ကြီးကြပ်ကွပ်ကဲရာတွင် အောက်ဖေါ်ပြပါ ကြီးကြပ် ကွပ်ကဲခြင်းနည်းလမ်း (၂)မျိုးဖြင့် ဆောင်ရွက်နိုင်ပါသည် -

                  (က)            ကမ်းခြေမှ ကြီးကြပ်ကွပ်ကဲခြင်း။            ပင်လယ်ကမ်းခြေရှိ အခြေချစစ်စခန်း တစ်ခုမှ လေကြောင်းရန် ကာကွယ်ရေး လေယာဉ်အား ကြီးကြပ်ကွပ်ကဲခြင်း ပြုနိုင်ပါသည်။

                  (ခ)  သဘောင်္ပေါ်မှ ကြီးကြပ်ကွပ်ကဲခြင်း။   ရေဒါနှင့် ဆက်သွယ်ရေး စနစ်များ တပ်ဆင် ထားရှိသော စစ်သဘောင်္ပေါ်တွင် တိုက်ခိုက်ရေး လေယာဉ်များအား ထိန်းသိမ်း လမ်းညွှန်နိုင်သော အရာရှိမှ လိုက်ပါ၍ အနီးကပ် ကြီးကြပ်ကွပ်ကဲခြင်း ဖြစ်ပါသည်။

(၅၆)                              ကြိုတင် ညှိနိုင်းချက်အရ လေကြောင်းရန် ကာကွယ်ရေး ဆောင်ရွက်နေသော တိုက်လေယာဉ် များအား အခြေအနေနှင့် အချိန်အခါ အရလည်းကောင်း၊ နည်းဗျူဟာ လိုအပ်ချက် အရလည်းကောင်း တစ်မျိုးမှတစ်မျိုးသို့ ပြောင်းလဲဆောင်ရွက် နိုင်စွမ်းရှိနိုင်ရပါမည်။
အရေးပေါ် လေကြောင်းရန် ကာကွယ်ရေး လုပ်ငန်းစဉ်

(၅၇)         ပင်လယ်ပြင် ပိုင်နက်အတွင်း လှုပ်ရှားသွားလာနေသော သင်္ဘောများ၏ လေကြောင်းရန် လုံခြုံမှု ရှိစေရေးအတွက် လေကြောင်းရန် ကာကွယ်ရေး ညွှန်ကြားမှုဗဟို၏ ထိန်းသိမ်းကြီးကြပ်မှုဖြင့် သွားလာစေရပါမည်။ ရေကြောင်း သွားလာမှုဆိုင်ရာ သတင်း အချက်အလက်များအား ရေတပ်ဆိုင်ရာ အဖွဲ့ခွဲ ခေါင်းဆောင်းထံမှ ရယူရ ပါသည်။ စစ်သင်္ဘောများ၏ လှုပ်ရှားမှု အသေးစိတ်အား လေကြောင်းရန် ကာကွယ်ရေး လမ်းညွှန်မှုဗဟို၏ ရေတပ်ဆိုင်ရာ ဒေသန္တရ ရေကြောင်းထိန်းသိမ်းဌာမှ အချိန်နှင့်တပြေးညီ ရယူရပါသည်။

(၅၈)                  လေကြောင်းမှ တိုက်ခိုက်ခံရခြင်း၊ လေကြောင်းမှ ခြိမ်းခြောက်ခံရခြင်း များရှိပါက ရေတပ် ဆက်သွယ်ရေး လှိုင်းနှုန်းများအား အသုံးချ၍ သဘောင်္များမှ ကြိုးမဲ့ကြေးနန်းဖြင့် ရေတပ်ဆိုင်ရာ အဖွဲ့ခွဲ ခေါင်းဆောင်သို့ သတင်းပို့ တင်ပြချက်များအား လေကြောင်းရန် ကာကွယ်ရေး ညွှန်ကြားမှုဗဟိုမှ ကြားဖြတ်ဖမ်းယူ စောင့်ကြပ် နေရပါမည်။ အရေးပေါ် အခြေအနေနှင့် ထူးခြားသတင်းများကို လက်ခံရရှိပါက အကြီးတန်း ကြီးကြပ်ကွပ်ကဲသူ၏ တိုက်ခိုက်မှု အကြံပြုချက်အပေါ် အခြေပြု၍ အကြီးတန်း ကြီးကြပ်ကွပ်ကဲသူ သည် အရေးပေါ် အကူအညီ တောင်းခံလာမှုအား ကြိုတင်မျှော်တွေးလျက် လေကြောင်းရန် ကာကွယ်ရေး တိုက်ခိုက်ရေး လေယာဉ်အား စေလွှတ်ရပါမည်။ ကြီးကြပ် ကွပ်ကဲခြင်းအား ကြိုတင်ညှိနှိုင်း ထားသည့်အတိုင်း သင်္ဘောပေါ်မှ ကြီးကြပ်ကွပ်ကဲခြင်း (သို့မဟုတ်) ဆိပ်ကမ်းမှ ကြီးကြပ်ကွပ်ကဲခြင်းဖြင့် လေကြောင်းရန် ကာကွယ်ရေးအား ဆောင်ရွက်သွားရပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။