Friday, April 26, 2013

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များ အသွင် ကူးပြောင်းရေး လုပ်ငန်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ယန်းဖရိုးလစ်

ယန်းဖရောလစ်။ ။ ပရာ့ (ဂ်) မြို့ရှိ ချားလ်စ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သူသည် နိုင်ငံတော်ကို ဆန့်ကျင်သော လုပ်ရပ်များ အတွက် အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင် ၂ နှစ် နေထိုင်ခဲ့ရသည်။ ၁၉၉၀ တွင် (ထိုစဉ်က) ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၌ ပထမ ဒုတိယ ဝန်ကြီး၏ အကြံပေး အရာရှိ တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ် စက်တင်ဘာတွင် နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့များမှ စာရွက်စာတမ်းများ အပါအဝင် ပြည်ထဲရေး ဝန်ကြီးဌာနမှ စာရွက်စာတမ်းများကို ထိန်းသိမ်းရသော မော်ကွန်းတိုက်မှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၉၀ တွင် သူသည် ချားလ်စ်တက္ကသိုလ်၌ သမိုင်းဘာသာရပ် သင်ယူလေ့လာမှု ပြီးမြောက်ခဲ့သည်။


၁၉၈၉ ခုနှစ် မတိုင်မှီက ချက်ကိုစလိုဗက်ရဲတပ်ဖွဲ့မှာ ပူးတွဲလုံခြုံရေးတပ်ဖွဲ့များ (SNB) ပါဝင်ပြီး အဲဒါကို ဌာနနှစ်ခုအဖြစ် အမျိုးသားရဲတပ်ဖွဲ့ (VB) ဖြစ်ပြီး နောက်တစ်ခုက လျှို့ဝှက် ဒါမှမဟုတ် နိုင်ငံရေးရဲ အဖွဲ့ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ (Stb) တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ နောက်ထပ် အစိတ်အပိုင်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ပြည်ထဲရေး ဝန်ကြီးဌာနအတွက် အလုပ်လုပ်ပေးတဲ့ အမျိုးသား လုံခြုံရေး တပ်ဖွဲ့က ရဲအရာရှိတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၇၀ ခုနှစ်တွေရဲ့အစမှာ အရပ်ဘက်ကနေ ယူနီဖောင်းဝတ် ဘဝဘက်ကို အသက်မွေးဝမ်းကြောင်း လုပ်ငန်း ရွေ့ပြောင်းမှုဟာ ထုနဲ့ထည်နဲ့ ဖြစ်လာခဲ့ပါတယ်။ အဲဒါရဲ့ အဓိက အကြောင်းရင်းကတော့ ငွေရေးကြေးရေးပိုင်းနဲ့ ရုပ်ဝတ္ထုပစ္စည်းပိုင်း အကျိုးအမြတ်တွေကြောင့် ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်စုံတစ်ယောက်ဟာ ပြည်ထဲရေး ဝန်ကြီးရုံးရောက်တဲ့ အခါကျရင် လက်နှိပ်စက် စာရေးတွေ အတွင်းရေးမှူးတွေနဲ့ စာရေးကြီးတွေကို ပြန်တမ်းဝင် မဟုတ်တဲ့ အရာရှိတွေ၊ ဒု - အရာခံဗိုလ်၊ ဒါမှမဟုတ် ပြန်တမ်းဝင် အရာရှိတွေအဖြစ်နဲ့ တွေ့ရတတ်ပါတယ်။ တကယ်တော့ ဒီအခြေအနေကို တစ်စုံတစ်ယောက်အနေနဲ့ ရာထူးဖောင်းပွမှု ဆိုတဲ့ အသုံးအနှုန်းကိုတောင် သုံးချင်သုံးနိုင်ပါလိမ့်မယ်။

ချက်ကိုစလိုဗက်ကီးယားရဲ့ တစ်မူ ထူးခြားမှု တစ်ခုကိုလည်း ဖေါ်ပြသင့်ပါသေးတယ်။ အဲဒါကတော့ (ဥပမာ အရှေ့ဂျာမနီ၊ ရိုမေးနီးယား၊ ဒါမှမဟုတ် ဆိုဗီယက် ယူနီယံတို့လို မဟုတ်ဘဲ) နိုင်ငံတော် လုံခြုံရေး ဌာနက လွတ်လပ်အမှီအခို ကင်းတဲ့ ဌာနတစ်ခု ဘယ်တုန်းကမှ ထူထောင် ဖွဲ့စည်းခြင်း မလုပ်ဘဲ အမြဲတမ်း အမျိုးသား လုံခြုံရေး တပ်ဖွဲ့များရဲ့ အစိတ်အပိုင်းတစ်ခုသာ ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတော် လုံခြုံရေးဌာနဟာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေခဲ့ပါတယ်။ အမျိုးသား လုံခြုံရေး တပ်ဖွဲ့များနဲ့ ပတ်သက်တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဆိုတာလည်း ရှိပါသေးတယ်။ အဲဒီ တပ်ဖွဲ့မှာ အနောက်ဂျာမနီနဲ့ သြစတြီးယားတို့လို့ ဒီမိုကရေစီ နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ ချက်ကိုစလိုဗက်ကီးယား နိုင်ငံရဲ့ နယ်စပ်တွေကို စောင့်ကြပ်နေတဲ့ တပ်ဖွဲ့ဝင် (၁၂) ခု ပါဝင် ဖွဲ့စည်းထားပါတယ်။ ဒီတပ်ဖွဲ့အပြင် လိုအပ်ရင် တပ်မတွေနဲ့ အထောက်အကူပြု တပ်ဖွဲ့ဝင် တွေအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်တဲ့ လွတ်လပ် အမှီအခိုကင်းတဲ့ မြို့ပြ ကာကွယ်ရေး တပ်ရင်းတွေ ပါဝင်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေလည်း ရှိပါသေးတယ်။ အဲဒီ တပ်ဖွဲ့ နှစ်ခုဟာ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးရဲ့ တိုက်ရိုက် ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရော ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရော နှစ်ခုစလုံးဟာ အဓိကအားဖြင့် အမြဲတမ်း တပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လုပ်ငန်း ကျွမ်းကျင်မှု ရှိတဲ့ ပြန်တမ်းဝင် အရာရှိနဲပ ပြန်တမ်းမဝင် အရာရှိတွေကိုသာ ကန်ထရိုက်စနစ်နဲ့ ခန့်အပ် ထားပါတယ်။ ဒါပေမဲ့ ၁၉၉၀ မှာ အမြဲတမ်း တပ်ဖွဲ့ဝင်တွေမှာ ပန်းတိုင်တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ သူတို့ကို ဖြစ်နိုင်သမျှ အမြန်ဆုံး အိမ်ပြင်ခွင့် ရှိစေမဲ့ စစ်မှုထမ်းကာလ သက်တမ်းကို လျော့ချပေးဖို့ပဲ ရှိပါတယ်။ ဒီလိုနဲ့ အမိန့်ဟောင်း ဘက်က ရှေ့နေလိုက်သူတွေဟာ ထောက်ခံမှု ရဖို့အတွက် အဲဒီ တပ်ဖွဲ့ဝင်တွေအပေါ် အားကိုးလို့ မရ သလောက် ဖြစ်ခဲ့ပါတယ်။


ကွန်မြူနစ် အုပ်ချုပ်ရေးရဲ့ ဖိနှိပ်တဲ့ ယန္တရားက အဓိက ဒေါက်တိုင်ကြီး (၃) ခု အပေါ် အတည်ပြု တည်ထောင် ထားတာပါ။ အဲဒီ (၃) ခုက လက်နက်ကိုင် တပ်ဖွဲ့များ၊ တရားစီရင်ရေး စနစ်နဲ့ ဥပဒေ ပြုမှုတို့ ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်း များစွာကြာပြီ ဖြစ်တဲ့ ကာလတစ်လျောက်မှာ ကွန်မြူနစ်တွေက (ငြိမ်ဝတ်ပိပြားရေး တပ်ဖွဲ့တွေလို့လည်း သိကြတဲ့) ဖိနှိပ်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှား ဆောင်ရွက်မှု အတွက် အတော်ကလေး စေ့စေ့စပ်စပ် တွေးတောဆင်ခြင်ထားတဲ့ အပြောင်းအလဲ မရှိတဲ့ ထိရောက် ထက်မြက်တဲ့ မူဘောင်တစ်ခုကို ဖန်တီးထားခဲ့ပါတယ်။ ၁၉၈၉ မှာ အဲဒီ မူဘောင်ရဲ့ ရှုပ်ထွေးနက်နဲမှုကို လျှော့တွက်ခဲ့ကြပါတယ်။ အဲဒါရဲ့ အကျိုးဆက်အဖြစ် ကျွန်တော်တို့ဟာ အခုအထိ အချို့သော တရားဥပဒေဆိုင်ရာ ချိန်ကိုက်ဗုံးတွေနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။ ဥပမာ တစ်ခု ပြောရရင် ဝန်ဆောင်မှု ကန်ထရိုက်တွေနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ် အက်ဥပဒေ ဖြစ်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေ အသွင်ကူးပြောင်းမှုနဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် အဓိက အာရုံစူးစိုက်ရင်း ကျွန်တော်တို့ဟာ တရားစီရင်ရေးကို (အခြား အစိုးရ ဌာနတစ်ခုအောက် ရောက်သွားတာကြောင့်လို့လဲ ဆိုနိုင်ပေမဲ့) အတိုင်းအတာ တစ်ခုအထိတော့ ဘေးဖယ်ထားခဲ့မိကြပါတယ်။

တရားစီရင်ရေး စနစ်နဲ့ ဥပဒေပြုရေး လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲမှုများဟာ တကယ့်ကို ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ နိုင်ငံအားလုံးမှာ တရားဥပဒေ အသိုင်းအဝိုင်းဟာ မကြာခဏ ဆိုသလို ဆွေမျိုးသားချင်း တော်စပ်မှုနဲ့ ချည်နှောင်ထားလေ့ ရှိပြီး ရေပေါ်စီ အလွှာတစ်ခုက လူ့အဖွဲ့အစည်းရဲ့ ကျန်လူတန်းစား အလွှာများကို ပြုမူဆက်ဆံသလို ပြုမူဆက်ဆံတတ်တဲ့ နှိုင်းယှဉ်ချက်အရ ကိုယ့်ဥခွံကလေးထဲမှာပဲကိုယ် သီးသီးသန့်သန့် နေတဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။ (ချက်ကိုစလိုဗေးကီးယားမှာ အဲဒီအဝန်းအဝိုင်းကို တက္ကသိုလ် မဟာဌာန (၄) ခုက ဘွဲ့ရတွေချည်း သက်သက်နဲ့ ဖွဲ့စည်းထားပါတယ်။) ဒါ့အပြင် ဒီအပိုင်းမှာ နိုင်ငံရပ်ခြားက ဘာအကူအညီ အထောက်အပံ့မှလည်း မမျှော်လင့်နိုင်ပါဘူး။ ရဲအရာရှိတွေကို ရဲလုပ်ငန်းနဲ့ ပတ်သက်တဲ့ ခေတ်မှီ နည်းစနစ်တွေကို သင်တန်းပေးဖို့အတွက် ဒီမိုကရေစီနိုင်ငံတွေဆီ စေလွှတ်ကောင်း စေလွှတ် နိုင်ပါတယ်။ ဒါပေမဲ့ သူတို့အတွက် တရားဥပဒေဆိုင်ရာ လေ့ကျင့်သင်ကြားရေးကိုတော့ အခြေခံအားဖြင့် ပြည်တွင်းအရင်းအမြစ်တွေအပေါ် မှီခိုရပြီး ပြည်တွင်းက ကျွမ်းကျင်သူတွေက ဖန်တီးတဲ့ အမျိုးသားဥပဒေနဲ့ပဲ ဖွဲ့စည်းဆောင်ရွက်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။