Sunday, April 28, 2013

ခွေးတူဝက်တူ ဒီမိုကရေစီ၊ ဝစီပိတ် လွှတ်တော်နိုင်ငံရေးနဲ့ အသေမွေးခဲ့တဲ့ ဗမာ့ဒီမိုကရေစီ

ငြိမ်းချမ်းအေး

လက်ပံတောင်းတောင်ဒေသက တရားမဲ့မှု အသံတွေ ထပ်ကြားလာရတယ်။ ဒီရက်ပိုင်း တပြည်လုံးတင်သာမက တကမ္ဘာလုံးမှာပါ လုပ်သမျှ တင့်တယ်နေတဲ့ ဗိုလ်သိန်းစိန်အစိုးရ သတင်းတွေကလည်း နားမဆံ့ ဖြစ်နေတယ်။ နိုင်ငံအဝှမ်းက လယ်သမား၊အလုပ်သမား၊ အခြေခံလူတန်းစားအရေး၊ မြေယာတိုက်ပွဲနဲ့ တိုင်းရင်းသားပြဿနာကတော့ ဒုံရင်း ဒုံရင်း ဆိုတာထက် ပိုမလာတဲ့အပြင် တနေ့တခြား အဖိနှိပ်ခံရသူတွေဟာ အဖေခေါ်စရာမရှိ၊ အမေပျောက်ဘဝနဲ့ “အမိမဲ့သား ရေနည်းငါးပမာ” အားကိုးရာမဲ့လာပြီး အခြေအနေဟာ အဆိုးဘက်ကိုသာ ဦးတည်သွားနေဆိုတာကိုလည်း မြင်နေရတယ်။

ပြည်တွင်းမှာ “ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲ” နဲ့ “သူခိုးဓားရိုးကမ်း” သလို လုပ်နေတော့ နိုင်ငံတကာ ကပါ “အဆိပ်ပင်ရေလောင်း” လုပ်နေတာ အပြစ်မဆိုသာဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် တရုတ်၊ အိန္ဒိယ၊အာဆီယံတို့ရဲ့ တိတ်တဆိတ် ကျိတ်ကြံကျိတ်လုပ် အပျိုရည်ဖျက်ခြင်းနဲ့ နှစ်ပါင်း ၅၀ ကျော် စစ်အုပ်စုရဲ့ အဓမ္မ မုဒိမ်းကျင့်ခြင်း ခံခဲ့ရပေမယ့် အပျိုသွေး အများကြီး ကျန်သေးတဲ့ ဗမာပြည်ဆိုတဲ့ မိန်းမပျိုဟာ ဒီမိုကရေစီအတု သနပ်ခါးလိမ်း၊ ပေါင်ဒါဖို့၊ ပန်းပန်လိုက်တော့ အနောက်အုပ်စုကပါ အခု ပရောပရည်ပြုချင်၊ သွားရည်တများများကျ အာသာငမ်းငမ်းထပြီး အမဲဖျက်ဖို့ အားလုံး အဆင်သင့်ဖြစ်နေပြီ။

“တန်ခိုးရှင် မဟုတ်မှန်း သိတယ်။ နေ့ချင်း၊ ညချင်း ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာလည်း နားလည်တယ်။ လက်ဖျောက်တချက် တီးလိုက်ရုံနဲ့ တမဟုတ်ချင်း အရာရာ မပြီးပြည့်စုံနိုင်ဘူးဆိုတာလည်း တွက်မိတယ်။ ဒါပေမယ့် အရာရာကို အကောင်းမြင်၊ အချိန်တွေ စောင့်စား၊ စိတ်ရှည်၊ သည်းခံဖို့ဟာ လူတိုင်းအတွက် အဆင်မပြေဘူး။ အထူးသဖြင့် စစ်ပွဲနဲ့ ဆင်းရဲဒုက္ခကြားက အနာဂတ်မဲ့နေတဲ့ ဘဝတွေအတွက် အဆင်မပြေဘူး။ အင်းလျားကန်စောင်း အအေးခန်းထဲက လူတန်းစားအတွက် အဆင်ပြေချင် ပြေမယ်။”

ဗိုလ်နေဝင်းက ဆိုရှယ်လစ်အရေခြုံပြီး “ဗမာ့နည်း၊ ဗမာ့နည်းဟန် ဆိုရှယ်လစ်” လမ်းစဉ်ကြီး ကြေညာ စစ်တပ်အာဏာသိမ်းမှုကို ပုံဖျက် စစ်အုပ်စု အကျိုးစီးပွားနဲ့ အာဏာကို ဆောက်တည်လိုက်တော့ စစ်အေးခေတ် ကမ္ဘာ့လက်ဝဲယိမ်းနိုင်ငံကြီးအားလုံးက ဖက်လှဲတကင်း အရေးတယူ လုပ်ခဲ့ကြဖူးတယ်။ ကွန်မြူနစ်တစ္ဆေအခြောက်ခံနေရတဲ့ လက်ယာ အနောက်အုပ်စုကလည်း ဗိုလ်နေဝင်းနဲ့ စစ်အုပ်စုဟာ ကွန်မြူနစ်ကို ချေမှုန်းနေသူအဖြစ် ရှုမြင်ကာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အသံကောင်းလေးမှ ခပ်ကျယ်ကျယ် ဝင်မဟစ်ခဲ့ဘူး။

အခု ဗိုလ်သန်းရွှေရဲ့ ကစားကွက် (ဝါ) မျက်လှည့်ပွဲ (ဝါ) လူတိုင်း သိပေမယ့် လူတိုင်းနီးပါး အတိတ်မေ့သလိုလို၊ ရွှေကောက်ရသလိုလိုနဲ့ ရူးချင်ယောင်ဆောင် သာယာကာ “နတ်ကရာ ကျီးမော့” ဖြစ်စေတဲ့ “ဒီမိုကရေစီမျောက်ပွဲ” အတွက် ဗိုလ်သိန်းစိန်နဲ့ ကြံ့ဖွတ်အစိုးရက စည်းကမ်းပြည့်ဝ စစ်မှန်လှတဲ့ ကလိန်ခြုံ “ဗမာ့နည်း၊ ဗမာ့နည်းဟန် ဒီမိုကရေစီ” ကို အသုံးချပြီး စစ်အုပ်စုစီးပွားနဲ့ အာဏာကို ဆွဲဆန့်လိုက်တော့ အစကတည်းက စီးပွားရေးနဲ့ ဒေသတွင်း ပထဝီနိုင်ငံရေး အလို့ငှာ ပါချင်ချင် ဖြစ်နေတဲ့ အနောက်အုပ်စုဟာ ဒီမိုကရေစီ ရွှေရည်စိမ် ဟုတ်/မဟုတ် မှတ်ကျောက်တင် စောင့်ကြည့်ဖို့ စိတ်မဝင်စား၊ လူ့အခွင့်အရေးစံနှုန်းလည်း ဂရုမစိုက်တော့ဘဲ အကြောင်းပြချက် ကောင်းကောင်း၊ စကားလှလှတွေ သုံးပြီး “ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး” တွေ့သလို၊ “ဖိနပ်ပြတ်နဲ့ ခွေးငတ်” တွေ့သလို သူတို့အကျိုးစီးပွားနဲ့ လိုဘပြည့်ဖို့ရာအတွက်ပဲ စဉ်းစားဖော်ဆောင်လာတော့တာ အထူးအဆန်း မဟုတ်ဘူး။

ဒါပေမယ့် စစ်ပွဲအတွင်းနဲ့ လူမှုဒုက္ခဆင်းရဲတွင်းက တကယ့်ပကတိ တိုင်းရင်းသားပြည်သူတွေရဲ့ ဘဝကတော့ “ရွှေပြည်တော် မျှော်တိုင်းဝေး” နေဆဲပဲဖြစ်တယ်။ အရင်တုန်းကမှ စစ်အစိုးရဖြစ်လို့ စစ်အာဏာရှင်စနစ်ဖြစ်လို့ဆိုပြီး ဖြေတွေးလို့ ရပေမယ့် အခုဟာက “နောင်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” ဆိုသလို ပြည်သူ့အစိုးရ အမည်ခံပြီး စစ်အုပ်စုနဲ့ အပေါင်းအပါ စီးပွားဘီလူးကြီးတွေဟာ ကိုယ်ကျိုးအတွက် ပြည်သူကို ပိုဖိနှိပ်ရမ်းကား၊ လုပ်ချင်တိုင်း လုပ်ခွင့်ရနေတာဟာ ပိုဆိုးတဲ့ အနေအထား၊ ပိုခံပြင်းစရာ ကောင်းပြီး လက်သင့်မခံနိုင်တဲ့ အခြေအနေဖြစ်တယ်။“ဒီမိုကရေစီအစိုးရ” လို့ ပါးစပ်သနခံ ခေါ်ရ၊ “ခံလည်း ခံရ” ဆိုတော့ “နာလည်း နာသေး၊ နံလည်း နံသေး” ဆိုတဲ့ အခြေအနေမျိုး၊ မနှစ်မြို့ဖွယ်၊ မသတီစရာ ဒီမိုကရေစီ မီးယပ်စွဲနေတဲ့ ကလိယုဂ် ခေတ်ဆိုးကြီးဖြစ်တယ်။

ခု ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲ တိုးတက်မှုအားလုံးကို ကြည့်ကြည့်ပါ။ စစ်အုပ်စုရယ်၊ သူတို့နဲ့ ပုလင်းတူ ဗူးဆို့တွေရဲ့ အကျိုးစီးပွားကို မထိခိုက်တဲ့အရာတွေချည်းပါ။ သူတို့ကို မထိခိုက်တဲ့အပြင် ဒီလို အပေါ်ယံဟန်ပြ ဈေးခေါ်ကောင်းအောင် လုပ်ပြနေတဲ့ အလုပ်တွေကြောင့် သူတို့အကျိုးစီးပွားတွေ ပိုဖြစ်ထွန်း၊ သူတို့ကို အရင် နိုင်ငံတကာမှာ ထိန်းချုပ်ခံထားရမှုတွေတောင် ဖြေလျော့လာစေတယ်။ ဒါကြောင့်လည်း မဖြစ်မနေလုပ်ပြနေတဲ့ အစစ်အမှန်မဟုတ်၊ စေတနာအရင်းမခံတဲ့ ပြုပြင်ပြောင်းလဲမှုတွေပါ။ ဒါပေမယ့် သူတို့စီးပွားနဲ့ အာဏာကို တိုက်ရိုက်ထိခိုက်စေတဲ့ ကိစ္စမျိုးတွေဖြစ်တဲ့ ပြည်သူ့အကျိုးစီးပွားနဲ့ စစ်အုပ်စုအကျိုးစီးပွား တိုက်ရိုက်ယှဉ်လာရင်၊ ပြည်သူ့အာဏာနဲ့ စစ်အုပ်စုအာဏာ ထိပ်တိုက်တွေ့လာရင် ဘာမှ မပြုပြင်မပြောင်းလဲဘဲ အကျင့်ဟောင်းအတိုင်း ဘီလူးအစွယ်ကို အစွမ်းကုန်ထုတ်ပြ၊ ရက်စက် ဖိနှိပ် လုပ်ပြတာချည်းပဲ မဟုတ်လား။

ဒီမိုကရေစီအင်အားစုကိုယ်တိုင်ကလည်း “နောက်ပြန်လှည့်အကြောက်တရား”ဆေးမိပြီး လျှာလေး၊ အာလေး ဖြစ်၊ မတရားမှုတွေကို အသံကျယ်ကျယ် မထွက်နိုင်၊ အလိုတူ အလိုပါ သဘော ဖြစ်ကုန်တော့တယ်။ ဆိုတော့ စစ်အုပ်စုဟာ ရှေ့မှာလည်း ပိုလို့ လက်ရဲဇက်ရဲ နိုင်လာဖို့ပဲ ရှိတော့တယ်။

မြန်မာစကားပုံ ရှိတယ်။ “တောဆူမှ မြို့ဝ” တဲ့ ..။ တောသား ဆူဖြိုးမှ မြို့သားလည်း သာယာဝပြောမှာ ..။ ဒါမှ တိုင်းပြည်လည်း တိုးတက်ချမ်းသာမှာ ..။ ဗမာပြည်မှာ လူအများစုဖြစ်တဲ့ တောနေလူတန်းစား တောင်သူလယ်သမားနဲ့ အခြေခံလူတန်းစား အလုပ်သမား၊ လက်လုပ်လက်စားအရေး အလေးမပေးသမျှ၊ သူတို့ ဆူဖြိုးရေး မရှေးရှုသမျှ၊ လူမှုတရားမျှတမှု မဖော်ဆောင်နိုင်သမျှ၊ သူတို့မျက်ရည်ကြီး၊ မျက်ရည်ငယ်ကျအောင် လုပ်နေသမျှ၊ သူတို့ ထမင်းအိုးကို ခွဲနေသမျှ၊ သူတို့ဗိုက်တွေ ဟောင်းလောင်း ဖြစ်နေသမျှ၊ သူတို့ကျောတွေမွဲပြီး ပြောင်နေသမျှ ဒီမိုကရေစီလေသံ ဘယ်လောက် ပစ်ပစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ဝင်ဝင် တိုင်းပြည်မှာ ဒီမိုကရေစီသုခချမ်းသာရ၊ လောကနိဗ္ဗာန်တည် ဆိုတဲ့ အခြေအနေမျိုး ဘယ်တော့မှ ရောက်လာမှာမဟုတ်ပါ။ ဆင်းရဲချမ်းသာ ကွာခြားချက်တွေ မြင့်သထက် မြင့်၊ လူမှုမတည်ငြိမ်မှုတွေ များသထက်များ၊ လူ့အဖွဲ့အစည်းမှာ မတရားမှုတွေ ဒင်းကြမ်းဖြစ်သထက်ဖြစ်ပြီး တိုင်းပြည်ဟာ “ဓားမနောက်ပိတ်ခွေး” ဘဝက ဘယ်လိုမှ လွတ်လာမှာ မဟုတ်ပါ။

ခုတော့ .. ဖြစ်နေတာက .. ဗမာ့သမိုင်းဝင် ဒီမိုကရေစီအပြောင်းအလဲကြီးမှာ လူထုဟာ ...

ဖယောင်းတိုင်ထွန်း နေတတ်ရမယ်။ ထမင်းတနပ် လျှော့စားနိုင်ရမယ်။ စိတ်ရှည်၊ သည်းခံ ခန္တီပါရမီ ကျင့်ကြံရမယ်။ သူများဆီမှာ အလကားနီးပါးရနေတဲ့ လူထုဆက်သွယ်ရေးစနစ်၊ နစ္စိဓူဝ အခြေခံလိုအပ်မှုကို အရင်တုန်းက အေးဓားပြတိုက်သလို ပိုက်ဆံတွေ မတန်တဆ နင်းခွ တောင်းခဲ့ပြီ အခုမှ ရေမြေ့အရှင် မိုဘိုင်းသခင်အနေနဲ့ နာမည်ကောင်း ယူ ဈေးလျှော့ပေးတာကိုလည်း ကျေးဇူးသိနိုင်ရလောက်အောင် နုံအ,တတ်ရမယ်။ ပြည်သူလူထုရဲ့ အခြေခံနဲ့ မူလအခွင့်အရေးအားလုံးကို အလုံးစုံ ထိန်းချုပ်ထားခဲ့ပြီး အခု မသဒ္ဓါရေစာ မယားငယ် ပေးပေး ပြန်ပေးကာ ပြည်သူ့အခွင့်အရေးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေတာကို ကြည်ဖြူနားလည်ပေးရုံမက ရှိခိုးဦးတင် ကျေးဇူးတင်တတ်ရမယ်။

ဒါကို ကျောမွဲလူထု နင်းပြားတွေမှာ မခံနိုင်လို့ အာခံပြန်ရင်လည်း ...

“ရွှေရေးပန်းကန်တက်” တယ် ဆိုပြီး လူ့ပေါက်ပန်း အာဏာရှင်နောက်မြီးဆွဲတွေရဲ့ အငြိုအငြင်ခံရမယ်။ အာဏာရှင်ရဲ့ မီးလောင်ဗုံးဒဏ် ခံနိုင်ရမယ်။ လက်ကိုင်တုတ်တွေရဲ့ နံပါတ်တုတ်ဒဏ် ခံနိုင်ရမယ်။ သေနတ်ကျည်ဆံလည်း “ပီး” ရမယ်။ ဒါဟာ ဗမာပြည်က ကျားသနားမှ နွားချမ်းသာမယ့် “ခွေးတူ ဝက်တူဒီမိုကရေစီ” ရဲ့ အကျင့်၊ အကြံနဲ့ ဝိသေသလက္ခဏာတွေ ဖြစ်တယ်။

“သမဏေနမဏော၊ ဂေါဏေနဂေါဏော” ဆိုသလို ဒီမိုကရေစီနဲ့ နိုင်ငံရေးသမားဆိုသူများကလည်း ...

ဘောင်းဘီဝတ်များနဲ့ ဘောင်းဘီချွတ်များ ကြီးစိုးရာ လွှတ်တော်မှာ “မတိုက်မခံ” လုပ်တတ်ရမယ်။ မတိုက်လည်း မတိုက်၊ တာဝန်လည်း မခံတဲ့ နိုင်ငံရေးဓလေ့ဟာ နာမည်သာ ဆိုးတာ အနေ အစားတော့ တကယ်ချောင်တယ်။ “အားလုံးကောင်းပါသည်” လည်း မကြာမကြာ အော်တတ်ရမယ်။ “လက်ညှိုးထောင် ခေါင်းညိတ်” အချိန်ကိုက် လုပ်တတ်ရမယ်။ မြင်းက မလှုပ် ခုံက လှုပ်၊ ယုန်က မတိုး ပိုက်က တိုးနဲ့ “စိတ်တော်သိ၊ ဗောင်းတော်ညိတ်” လည်း တတ်ရမယ်။ ရေလိုက်ငါးလိုက်နဲ့ “အမြီးစားဖက် ခေါင်းစားဖက်” လုပ်တတ်ရမယ်။ ဒါဟာ ..“ပြည်ထဲအရေး ပေါက်နဲ့ကျေး”၊ “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” တယ်ဆိုပြီး နိုင်ငံအရေး၊ ပြည်သူ့အရေးကို ဆင်စွယ်နန်းပေါ်တင်၊ သုခမိန်စကားလုံးတွေ သုံး၊ လူထုနဲ့ ကင်းကွာအောင် လုပ်၊ လူထုလှုပ်ရှားမှုကို သင်းကွပ်၊ စကားအရာမှာတော့ ကြီးကြီးကျယ်ကျယ် ပြော၊ လေဖမ်းဝါးလုံးတန်းချည်လူထုကို ဝါဝါ ချရင်း အစစ်အမှန် နိုင်ငံရေး “ဝါဒ” နဲ့ ယုံကြည်ချက်တော့ လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ စကားအရာသာ ဝါဝါပြီး ချတတ်တဲ့ “ဝါတတ်” အချောင်သမား၊ လောက်ကောင်၊ ဆိတ်ခလောက်၊ မနုသီဟ ဖင်နှစ်ခွတွေသာ ကြီးစိုးတဲ့ “ဝစီပိတ်” စစ်လွှတ်တော်နိုင်ငံရေးရဲ့ “တေမိ ဒီမိုကရေစီ” အကျင့်၊ အကြံတွေ ဖြစ်တယ်။

အခုလိုဆိုတော့ .. နင်ပဲငဆ နင့်နင့်သီးသီးနဲ့ ဘေးထိုင်ဘုပြောတယ်လို့ ဆိုချင်ကြမယ်။ မဟုတ်ဘူး ..။ ဗမာပြည် ပြုပြင်ပြောင်းလဲရေးကို အတိုင်းအတာတခုအထိ ကြိုဆိုအသိအမှတ်ပြုကြောင်းနဲ့ အတိုက်အခံနိုင်ငံရေးလမ်းကြောင်းကို အပြုသဘောဆောင်တဲ့ ဆောင်းပါး အမြောက်အမြား ရေးခဲ့ဖူးတယ်။ နောင်လည်း အလျင်းသင့်သလို အပြုသဘောဆောင် ရေးဖို့ အများကြီး ရှိတယ်။ ဒါပေမယ့် စစ်အုပ်စုနဲ့ ခရိုနီ အကျိုးသက်သက် စစ်ဖွဲ့စည်းပုံ နဖားကြိုးထိုးခံထားရတဲ့ စစ်လွှတ်တော် နိုင်ငံရေး တခုတည်း အလုပ်မဖြစ်ဘူး။ ရှေ့မရောက်ဘူး။ လမ်းမပေါက်ဘူး။ မတရားမှုတွေ၊ ဖိနှိပ်မှုတွေအတွက် မာမာထန်ထန် အသံကျယ်ကျယ်ထွက် ဆန့်ကျင်ဖို့ ပိုအခွင့်သာ၊ လူးသာ၊ လွန့်သာ၊ လှုပ်သာတဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး၊ လူထုနိုင်ငံရေးက အခုထက် ပိုကျယ်ကျယ်ပြန့်ပြန့် ရှိရမယ်၊ ရှိသင့်တယ် ဆိုတာလည်း မြင်သလောက် ထောက်ပြပြောဆိုမှ နိုင်ငံသားတယောက်၊ ပြည်သူတယောက်အနေနဲ့ ကျင့်ဝတ် တာဝန် (Moral Obligation) ကျေမယ်။

လယ်ကွင်းထဲ၊ ယာကွက်ထဲ၊ စက်ရုံထဲနဲ့ တောထဲ၊ တောင်ထဲက ဘဝတွေဟာ စိတ်ကူးယဉ်ပြီး တည်ဆောက်လို့ မရဘူး။ စိတ်ကူးသက်သက်နဲ့ တည်ဆောက်လို့ မရဘူး။ သူတို့အတွက် လက်တွေ့အလုပ်နဲ့ အခွင့်အရေး ရဖို့ လိုတယ်။ လိုအင်ဆန္ဒနဲ့ အကြောက်တရားက လွတ်မြောက် (Freedom from Want & Fear)၊ ဒီမိုကရေစီအိမ်မက် မက်ဖို့ ဆိုတာဟာ လက်တွေ့ သဘာထားမှန်တဲ့ အလုပ်တွေ၊ အပြုအမူတွေပါဖို့ လိုတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေး တည်ဆောက်တာပဲဖြစ်ဖြစ်၊ လယ်သမား၊ အလုပ်သမားအရေး ကိုင်တွယ်တာပဲဖြစ်ဖြစ်မှာ စကားချည်းသက်သက်၊ လက်ချည်းသက်သက်နဲ့ ကိုယ်အသာရဖို့၊ “ငို့ဘ” အကျင့်ကစားသမားစိတ်ဓာတ် (Gamesmanship) နိုင်ငံရေးကစားကွက်ဆင်၊ အလျှော့အတင်းလုပ်၊ လှည့်ကွက်ထောင်ခြောက်ဆင် ကစားနေတာတွေ ရပ်ပြီး တကယ့်အစစ်အမှန် အရင်းခံ စိတ်စေတနာနဲ့ သူတို့တွေ တကယ်ပဲ ဒုက္ခ၊ သုက္ခ ကြီးစွာ ခံစားနေရပါ့လား ဆိုတာ စာနာနားလည် ဆင်ခြင်နိုင်ဖို့ လိုပြီး လက်တွေ့ သူတို့အတွက် အလုပ်တွေ၊ အခွင့်အရေးတွေ လုပ်ဖို့၊ ပေးဖို့ လိုတယ်။ ခုတော့ နိုင်ငံတကာနဲ့ ပြည်တွင်းက ရွှေပြည်အေးသမားများရဲ့ အထင်နဲ့အမြင်ဟာ နင်းပြားများ လက်တွေ့ခံစားနေရတဲ့ ပကတိ အခြေအနေနဲ့ ပါစင်အောင် လွဲနေတယ်။

တန်ခိုးရှင် မဟုတ်မှန်း သိတယ်။ နေ့ချင်း၊ ညချင်း ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာလည်း နားလည်တယ်။ လက်ဖျောက်တချက် တီးလိုက်ရုံနဲ့ တမဟုတ်ချင်း အရာရာ မပြီးပြည့်စုံနိုင်ဘူးဆိုတာလည်း တွက်မိတယ်။ ဒါပေမယ့် အရာရာကို အကောင်းမြင်၊ အချိန်တွေ စောင့်စား၊ စိတ်ရှည်၊ သည်းခံဖို့ဟာ လူတိုင်းအတွက် အဆင်မပြေဘူး။ အထူးသဖြင့် စစ်ပွဲနဲ့ ဆင်းရဲဒုက္ခကြားက အနာဂတ်မဲ့နေတဲ့ ဘဝတွေအတွက် အဆင်မပြေဘူး။ အင်းလျားကန်စောင်း အအေးခန်းထဲက လူတန်းစားအတွက် အဆင်ပြေချင် ပြေမယ်။ ကွန်ပျူတာ ကီးဘုတ်ကို ခလုတ်လက်တင်ခု စာရေးနေတဲ့ စာရေးသူအတွက် အဆင်ပြေချင် ပြေမယ်။ ကွန်ပျူတာဖန်သားပြင်ကို ခု စူးစိုက် ဖတ်နေတဲ့ စာဖတ်သူအတွက် အဆင်ပြေချင် ပြေမယ်။

ဒါပေမယ့် နွေးထွေးတဲ့ အိမ်ဆိုတာ ဘယ်နားနေမှန်း မသိဘဲ အသက်ဘေးအတွက် တောထဲ ပြေးနေရတဲ့သူတွေအတွက် အဆင်မပြေဘူး။ ကိုယ့်အိမ်ကနေ အတင်းအဓမ္မ စွန့်ခွာနေရတဲ့ လယ်မဲ့၊ ယာမဲ့၊ မြေမဲ့ ဘဝတွေအတွက် အဆင်မပြေဘူး။ အလုပ်ရှင် သွေးစုပ်သမျှ လည်စင်း ခံပေးနေရတဲ့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ “အိမ်ဆိုပေမယ့် အိမ်ရယ် မမည်တော့တဲ့” ဘဝအိမ်တွေမှာ နေနေရသူတွေအတွက် အဆင်မပြေဘူး။ မလွယ်ဘူး။

ဒီလိုအနေအထားမှာ ဗမာ့နိုင်ငံရေးကို “Political Illusion” က ဘယ်လို၊ “Democratisation” ဘယ်ပုံ၊ “Liberalisation” က ဘယ်အရာ၊ “Transition toDemocracy” မှာ ဘာတွေ ရှိတယ် .. စတဲ့ စကာလုံးတွေ၊ သီအိုရီတွေ ချရေး၊ ချပြောဖို့ စိတ်မပါဘူး။ လိပ်ပြာမလုံဘူး။

ဗမာပြည်အတွက် လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်း ဒီမိုကရေစီတရားဟာ မီးတွင်းထဲတင် နိဋ္ဌိတံတယ်လို့တောင် မဆိုနိုင်ဘဲ “အသေမွေးခဲ့တယ်” လို့ပဲ တိုတို ဆိုရမယ်။

ဒီလို “အသေမွေး ဗမာ့ဒီမိုကရစီ” အတွက် အပေါ်ယံ သကာမဖုံးဘဲ ဆိုခဲ့တဲ့ စကားလုံး အကြမ်းထည်တွေကပဲ အနည်း၊ အကျဉ်း ပုံဖော်နိုင်မယ်ထင်တယ်။ ဒါတောင် ပကတိအခြေအနေနဲ့ အများကြီး အလှမ်းကွာနေသေးတယ်။

နောက်ဆုံးအနေနဲ့တော့ “ခွေးတူဝက်တူ ဒီမိုကရေစီ အကျင့်အကြံ၊ ဝစီပိတ်လွှတ်တော် နိုင်ငံရေးနဲ့ အသေမွေးခဲ့တဲ့ ဗမာ့ဒီမိုကရေစီ” အတွက် ဗားတော့ဘရက်ရဲ့ ကဗျာလေးတပုဒ်နဲ့ နိဂုံးချုပ်ချင်တယ်။

“အဆီယစ်နေသူများ”

ပြည်သူ့ချွေးနှီးစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစားလုပ်နေသူတွေက
နည်းနည်းနဲ့ ရောင့်ရဲကြပါလို့
ဆုံးမနေပါလားဟေ့ ..။

ဗိုက်အပြည့် စားသောက်နေရတဲ့သူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့ ..။

တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမယ့် လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ ..။

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေ နားလည်ဖို့
အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့ ..။

အားလုံး ဆင်ခြင်၊ တွေးခေါ်၊ ခံစား၊ နားလည်၊ စာနာနိုင်ကြပါစေ ...။

မှတ်ချက် ။ ။ ဗားတော့ဘရက် (၁၈၉၈-၁၉၅၆) (ဂျာမန်ကဗျာဆရာ/ ပြဇာတ်ရေးဆရာ/ ပြဇာတ်ဒါရိုက်တာ) ရဲ့ ကဗျာကို ‘တင်မောင်အေး’ ဘာသာပြန် ‘အနာဂတ်အတွက်ကဗျာ’ စာအုပ် (၁၉၇၀) ကနေ ယူတယ်။

ငြိမ်းချမ်းအေး
၂၆၊ ဧပြီ၊ ၂၀၁၃
(မိုးမခ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။