Thursday, June 20, 2013

မြန်မာစစ်တပ်အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၁၀)

(စည်းလုံးခြင်းရဲ့အင်အား)

နိုင်ငံတစ်ခုရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုရာမှာ နိုင်ငံရေး လုပ်ငန်းစဉ်အရ ပြုပြင်ပြောင်းလဲခြင်းနှင့် စစ်တပ် ပြုပြင်ပြောင်းလဲရေးဆိုပြီး အခန်းကဏ္ဍနှစ်ရပ် ရှိနေရာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး စာဖတ် ပရိတ်သတ်များ အနေနဲ့ လေ့လာသုံးသပ်နိုင်ရန် ဆက်လက် တင်ပြလိုက်ရပါတယ်။ အင်ဒိုဗိုလ်ချုပ်ကြီးနှင့် မြန်မာစစ်တပ်အရာရှိများ အပြန်အလှန် ဆွေးနွေးရာမှာ -  ပြုပြင်ပြောင်းလဲရေး ဆိုရာမှာ နိုင်ငံရေး လုပ်ငန်းစဉ် တစ်ခုတည်း ပြောင်းလို့မရကြောင်း၊ ပြောင်းလဲလိုက်တဲ့ နိုင်ငံရေး အားနည်းချက်အပေါ် မူတည်ကာ တပ်က ပြန်လည် ကိုင်တွယ်သွားရတဲ့ ဖြစ်စဉ်မျိုး ရှိတတ်တာမို့ တပ်ကိုပါ ပြုပြင် ပြောင်းလဲဖို့လိုတယ်လို့ အင်ဒိုဗိုလ်ချုပ်ကြီးက ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ပြုပြင်ပြောင်းလဲရေး နှစ်ခုစလုံးက တပြိုင်နက် ပြောင်းလဲဖို့ လုံးဝမလွယ်ကူပါ။ အင်ဒိုစစ်တပ် ပြုပြင်ပြောင်းလဲရေးကို အဆင့် နှစ်ဆင့်ထားပြီး သတိထား ကြိုးစား ပြောင်းလဲနေရကြောင်း အင်ဒိုဗိုလ်ချုပ်ကြီးက ဆိုပါတယ်။ တချို့အဆင့်တွေဟာ ပြည့်စုံသွားတာ ရှိသလို တချို့အဆင့်တွေက ယနေ့ထိ မပြီးပြတ်သေးဘဲ အရှိန်ယူတုန်း ကြိုးစားတုန်းဘဲ ရှိနေတယ်။


တပ်တစ်ခုရဲ့ ပြုပြင်ပြောင်းလဲရေးဟာ နေ့ချင်းညချင်း မဟုတ်ဘဲ အချိန်ကြာမယ်၊ တချို့ နိုင်ငံတွေမှာ ဒီမိုကရေစီ ရသွားတာတောင် (၁၀) နှစ်လောက်ထိ စစ်တပ်ကို တဖြေးဖြေးချင်း ပြောင်းလဲနေရလို့ အချိန်ကြာတယ်။ ဒါဟာလည်း တပ်ဘက်က မပြီးပြတ်သေးသလို အရပ်ဘက်ကလည်း အဆင်သင့် မဖြစ်သေးတာ တွေ့ရတယ်။ တပ်မတော် တရပ်လုံးရဲ့ စည်းရုံးရေးနှင့် တပ်ဘက်နဲ့အရပ်ဘက် ဆက်ဆံရေး သဟဇာတ ဖြစ်ရေးကို အကြောင်းပြုပြီး တချို့ကိစ္စတွေကို ချက်ချင်းကိုင်လို့ မရတာ တွေ့ရပါတယ်လို့ ဗိုလ်ချုပ်ကြီးက ဆက်လက်ရှင်းပြခဲ့ပါတယ်။


ဒါတောင် အင်ဒိုမှာ သမ္မတ ဆူဟာတိုဟာ ဆန့်ကျင်ဘက် အတိုက်အခံပါတီ ခေါင်းဆောင်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ထိတွေ့ ဆက်စပ်နိုင်ဖို့ စစ်တပ်ရဲ့ ထောက်လှမ်းရေးကို ဆက်သွယ် ပတ်သက်ခိုင်းထားတာမို့ စစ်တပ်ဟာ နိုင်ငံရေး ပါတီတွေရဲ့ “အား” ကို ယူပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်သွားတာ အများကြီး ရှိတယ်ဆိုတဲ့ အချက်ကို သတိပြု စေချင်ပါတယ်။

အင်ဒိုရဲ့ ပြုပြင်ပြောင်းလဲရေး ပထမဆုံး လုပ်ရပ်ကတော့ စစ်တပ်က အရပ်ဘက် ဌာနဆိုင်ရာ ရာထူးတွေကနေ ထွက်ပေးလိုက်တဲ့ ဖြစ်စဉ်ရှိတယ်လို့ အင်ဒိုဗိုလ်ချုပ်ကြီးက ပြောပါတယ်။ အဓိကကတော့ Uniform  မချွတ်သေးတဲ့ အပွင့်တင်ထားတဲ့ ဗိုလ်ချုပ်နှင့် စစ်တပ် အရာရှိကြီးတွေက ထွက်ပေးလိုက်တာ ဖြစ်ပြီး ဆိုလိုတာက နိုင်ငံရဲ့ Key Player တွေ ဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်၊ အတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်မှူးတွေ နေရာကို အရပ်ဘက် ကျွမ်းကျင်တဲ့ ဝန်ထမ်း၊ ပညာရှင်၊ ပညာတတ်တွေနဲ့ အစားထိုးလိုက်တာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တပ်က အရာရှိတွေ ထိပ်မှာ ပိတ်ထိုင်တာကြောင့် နယ်ဘက် အရာရှိ၊ အရာထမ်း၊ ဝန်ထမ်းတွေဟာ တက်လမ်း မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းကာ စီမံကိန်းနှင့် စီမံခန့်ခွဲရေးကိစ္စတွေမှာ မအောင်မြင်ရတာ ဖြစ်တယ်လို့ မြင်ကြပါတယ်။

နောက်တစ်ချက်က အင်ဒိုမှာ စစ်တပ်နှင့်ရဲဘက်ကို တိတိကျကျကဏ္ဍ သတ်မှတ်ပြီး ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။ ရဲဘက်ကို တပ်မှ အရာရှိတွေ မပို့တော့ပါ။ အမှန်မှာ ရဲတာဝန်ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ တရားစွဲဆိုနိုင်ဖို့ အမှု ခိုင်မာအောင် တည်ဆောက်ရေး၊ သက်သေ အထောက်အထား ရယူရေး စတဲ့ ရဲလုပ်ထုံးလုပ်နည်း ကိစ္စတွေမှာ တပ်က လူတွေ မကျွမ်းကျင်တာ တွေ့ရပါတယ်။

တပ်ပုံစံနှင့်လည်း ကိုင်တွယ်လို့ မရပါ၊ မတူညီပါ။ ဖြစ်စဉ်သာဓက  ပြောရရင် တပ်က ပြောင်းလာတဲ့ ရဲတွေဟာ တပ်ပုံစံနဲ့ လက်ပန်တောင်းတောင် အရေးအခင်းလို လက်ရဲဇက်ရဲ နှိမ်နင်းတာမျိုး၊ ဧရာဝတီတိုင်း မြို့နယ်တချို့ ဆန္ဒပြပွဲ ကိုင်တွယ်ရာမှာ အမျိုးသမီး တစ်ဦးကို ရဲက ကိုယ်ထိလက်ရောက် ကြမ်းတမ်းစွာ ကိုင်တွယ်ပုံတွေ၊ မိတ္ထီလာမြို့နယ်ကျတော့ အထက်အမိန့် စောင့်ဆိုတဲ့ ပုံစံမျိုးကျတော့ “ရပ်ကြည့်” အနေအထား ဖြစ်သွားပြီး လူထုက အားမလို အားမရ ဝေဖန် ပြစ်တင်သံတွေ ဖြစ်ပေါ်ခဲ့ပါတယ်။


ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အရေးအခင်းတွေကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည်၊ ဖွဲ့စည်းပုံ အင်အား တောင့်တင်းဖို့ တိုးချဲ့ရန်၊ မူးယစ်ဆေးဝါးကိစ္စနှင့် အကြမ်းဖက်၊ ပြန်ပေးဆွဲ ကိစ္စလိုမျိုးတွေမှာ ရဲကွန်မန်ဒိုများ ဖွဲ့စည်း လေ့ကျင့်ထားဖို့ အထူး လိုအပ်ပြီး မကြာမှီ အမေရိကန်နိုင်ငံမှ ကုမ္ပဏီတစ်ခုကို ငှားရမ်း လေ့ကျင့်မယ်ဆိုတာ သိရကြောင်း တင်ပြလိုက်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။