Wednesday, June 26, 2013

ငွေစက္ကူအတုထိန်းချုပ်ရန် အထူးစစ်ဆင်ရေး တစ်ရပ်လိုအပ်နေ

(7 Day News)

ငွေစက္ကူအတုများ ပြည်တွင်း၌ ပျံ့နှံ့လာမှုကို တားဆီးရန်နိုင်ငံတော် အစိုးရနေဖြင့် စစ်ဆင်ရေး တစ်ရပ် ဆောင်ရွက်သင့်ကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။
ငွေစက္ကူ အတုများ ပြည်တွင်း၌ ပျံ့နှံ့မှုများလာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှုလျော့နည်း သွားပြီး စီးပွားရေးလုပ်ငန်းများတွင် အခက်အခဲများကြုံတွေ့လာနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးကောင်စီဝင် စီမံခန့်ခွဲရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။


“ဘယ်ကလာတယ်ဆိုတာကို အကြောင်းအရင်းရှာပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့အရေးကြီးတယ်” ဟု စီးပွားရေးပညာရှင်ဦးလှမောင်ကလည်း ပြောသည်။

ငါးထောင်တန်အတုနှင့် သက်ဆိုင်သောသတင်းများ ယခုနှစ် နှစ်ပိုင်းအတွင်း ပိုအတွေ့များလာသည်။ ကျပ်ငါးထောင်တန်၊ တစ်သောင်းကျပ်တန်အတုများကို ပြုလုပ်ရာတွင် ပုံသဏ္ဍာန်မျိုးစုံနှင့် ပြုလုပ်ကြပြီး ရောင်စုံမိတ္တူကူးစက်ဖြင့် ပြုလုပ်ပါက သိသာထင်ရှားစွာ ခွဲခြားနိုင်သည်။ သို့သော် အဆင့်မြင့်စက်ကြီးများဖြင့် ထုတ်လုပ်ထားပါက ငွေစက္ကူအစစ်အတုခွဲခြားသည့်ဌာနမှ ကျွမ်းကျင်သူများကသာ သိနိုင်ကြောင်း မှုခင်းစုံစမ်းရေးဌာန (CID) မှ အငြိမ်းစားရဲမှူးတစ်ဦးက ရှင်းပြသည်။

“ထိုင်းနိုင်ငံက ၀င်လာတဲ့ ငါးထောင်တန်အတုတွေကိုတော့ ခဏခဏ ဖမ်းမိတယ်။ ဟိုအရင်တုန်းကလည်း တော်တော်များများ မိဖူးတယ်” ဟု နေပြည်တော်မှ မှုခင်းစုံစမ်းရေးဌာနအောက်ရှိ ငွေအတုစစ်ဆေးရေးဌာနမှ ရဲအရာရှိတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံနယ်စပ်မှ ၀င်လာသော ငါးထောင်တန်ငွေအတုများကို နယ်စပ်များနှင့် မြို့ပေါ်တွင် မကြာခဏဖမ်းမိပြီး ရန်ကုန်မြို့ပေါ်တွင် ငါးထောင်တန်အတု ရွက်ရေအများဆုံးတစ်ရာဝန်းကျင်အထိ ဖမ်းမိဖူးကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

ထိုင်းနိုင်ငံနယ်စပ်၌သာမက တရုတ်နိုင်ငံနယ်စပ်မှလည်း ငါးထောင်တန်အတုဝင်ရောက်မှုများ ရှိခဲ့သည်။ ယခုနှစ်ဧပြီ ၂၈ ရက်တွင် ဖားကန့်မှ ကျောက်စိမ်းများဝယ်ယူရန် ငါးထောင်ကျပ်တန်အတု ၉၇၇ ရွက်(၄၈သိန်းကျော်)နှင့် ဧပြီ ၁၂ ရက်က အရွက်ရေခြောက်ထောင်(သိန်း၃၀၀)ကျပ်နှင့် တစ်သောင်းကျပ်တန် ၁၀၆၅ ရွက် (၁၀၆ သိန်းကျော်)တို့ကို မြစ်ကြီးနားမြို့တွင် ဖမ်းဆီးမိခဲ့သည်။

ထို့အပြင် ဖားကန့်မြို့နယ်နေသူတစ်ဦးက ငါးထောင်ကျပ်တန် အရွက် ၈၀၀ ကို ပခုက္ကူဘဏ်ခွဲသို့ လွှဲရာတွင် ငါးထောင်တန်အတု အရွက် ၅၀(တန်ဖိုးနှစ်သိန်းခွဲကျပ်) ကို ဘဏ်မန်နေဂျာနှင့်ပူးပေါင်းစစ်ဆေးတွေ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

ထားဝယ်မြို့နယ်၊ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွင်လည်း မေ ၂၁ ရက်က မြန်မာငွေစက္ကူအတု ကျပ်တစ်ထောင်တန်အရွက်တစ်ရာနှင့် ငါးရာကျပ်တန် ၁၉၄ ရွက်တို့ ကို စစ်ဆေးတွေ့ရပြီး ထိုင်းနိုင်ငံသားနှင့် ထိုင်းနိုင်ငံသူနှစ်ဦးကို ထားဝယ်မြို့မရဲစခန်းတွင်(ပ)၁၈၂ /၂၀၁၃ ပြစ်မှုပုဒ်မ ၄၈၉(က)(ခ) (ဂ) တို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

၎င်းငွေအတုများနှင့် ဆက်စပ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အင်းစိန်မြို့နယ်တို့တွင် ငွေစက္ကူတုများဖမ်းဆီးမိခဲ့သည်။မှော်ဘီမြို့နယ်တွင် နွားအရောင်းအ၀ယ်ပြုလုပ်ရာ၌ ငါးထောင်ကျပ်တန်အတုများပါဝင်လာခြင်း၊ အင်းစိန်မြို့နယ်တွင်သစ် ၀ယ်ယူရာ၌လည်း ငွေစက္ကူအတုများပါဝင်လာခြင်းဖြစ်သည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကားပွဲစားခပေးရာမှ အတုများပါဝင်လာခြင်းဖြစ်ပြီး အရေးယူဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

“ငွေစက္ကူအတုဖမ်းမိရင် မီးခိုးကြွက်လျှောက်လိုက်ဖို့လိုတယ်။ ဒါ ကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှုပဲ” ဟု ဦးလှမောင်ကဆိုသည်။

အစိုးရက ဖမ်းဆီးရမိပါက မူရင်းဒေသကို မဖြစ်မနေဖော်ထုတ် အရေးယူရန်လိုအပ်ကြောင်း ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူက ပြောကြားသည်။

“ဒါက ဘယ်မှာလုပ်တယ်ဆိုတာ နိုင်ငံတော်အနေနဲ့ လေ့လာစစ်ဆေးရမယ်။ ဟိုဘက်နိုင်ငံမှာ လုပ်တယ်ဆိုရင်လည်း နှစ်နိုင်ငံ စကားပြောသင့်ပြောရမယ်” ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ငွေအတုအစစ်ခွဲခြားရန် ခွဲခြားနည်းများကို နိုင်ငံတော်ဗဟိုဘဏ်မှလည်း မကြာခဏထုတ်ပြန်ပေးသင့်ကြောင်း စီးပွားရေးပညာရှင်များကဆိုသည်။ ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတုများတွေ့ရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍အရေးယူမှုများရှိကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“တစ်ရွက်တလေပါလာရင်တော့ သုံးမရအောင် ထက်ပိုင်းဖြဲပြီး စာရင်းနဲ့တကွပြန်ပေးမယ်။ ဆယ်ရွက် ၁၅ ရွက်ပါလာပြီဆိုရင်တော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး အရေးယူမှုတွေ ရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ငွေစက္ကူအတုများနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အရာရှိနှစ်ဦးပါဝင်ပတ်သက်မှုများရှိသည့်အတွက် တစ်ဦးကို စစ်ဆေးအရေးယူနေကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားဖူးသည်။ ၎င်းအရာရှိနှစ်ဦးမှာ တရုတ်နိုင်ငံရှိ ငွေအတုထုတ်လုပ်သည့်လုပ်ငန်းတွင် ရှယ်ယာဝင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။

“စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ မကြာခင်မှာအရေးယူမှုတွေ လုပ်ပါမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်ကငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး မေ ၃၀ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့တွင် ငါးထောင်ကျပ်တန်အတု အရွက်တစ်ရာကို ကျပ်ငါးသောင်းကျပ်နှင့်ရောင်းချမှုများရှိကြောင်း မူဆယ်မြို့မှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ယင်းကြောင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် လုပ်ငန်းရှင်များမှာ ကားခရှင်းရာမှာပင် ငွေအတုအစစ်ခွဲခြားသည့်စက်များ အသုံးပြုနေရကြောင်း ၎င်းကဆိုသည်။

ပြည်သူနှင့်တိုက်ရိုက်ထိတွေ့နေသည့် အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေစက္ကူအတု အနည်းငယ်တွေ့ရှိပါက တစ်ဝက်ဖြဲ၍ယူပြီးတစ်ဝက်ကိုပြန်ပေးခြင်း၊ ငွေစက္ကူကို သုံးမရေအောင် အပေါက်များဖောက်ခြင်းတို့ပြုလုပ်ပြီး ပိုင်ရှင်အားပြန်ပေးသည်။ ထို့ကြောင့် မိမိထံတွင် ငါးထောင်တန်အတုရောက်နေပါက အစားထိုး ပြန်ရနိုင်ရန်မရှိပေ။ ထို့ကြောင့် ကံဆိုးသူထံ ငါးထောင်တန်များများ ရောက်နေမည်ဖြစ်ပြီး လတ်တလောတွင် ပြည်သူများအတွက် ငွေစက္ကူအတုနှင့် ပတ်သက်၍အကာအကွယ်မှ မရှိသေးပေ။ မိမိဘာသာအတုပါမလာအောင် ခွဲခြားစိစစ်ဖို့သာရှိသည်။

“ငွေစက္ကူကို ဗဟိုဘဏ်က ထုတ်တာဆိုတော့ အတုတွေကို ထိန်းချုပ်ဖို့ကို ဗဟိုဘဏ်က ဆောင်ရွက်ပေးရမယ်။ ကျွန်တော်တို့ ငွေတုစစ်ဆေးတဲ့ဌာနကတော့ ငွေတုတွေ့တယ်ဆိုရင် ဟုတ်၊ မဟုတ် စစ်ဆေးပြီး စနစ်တကျခွဲခြားဆုံးဖြတ်ပေးရတာ” ဟု နေပြည်တော်ငွေတု စစ်ဆေးရေးဌာနမှတာဝန်ရှိသူက ပြောကြားသည်။

ငွေတုများနှင့် ပတ်သက်၍ ဘဏ်များမှ ဖြေရှင်းဆောင်ရွက်နေသည့် နည်းလမ်းများဖြစ်သည့် ဆုတ်ဖြဲပြီး ပြည်သူကို တန်ဖိုးထပ်မံ ပေးလျော်စေခြင်းမှာ နစ်နာမှုများစွာရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ၏ လူမှုရေးဝက်ဘ်ဆိုက်တွင် ပုံနှင့်တကွဖော်ပြထားသည်။

“ဒါက ဗဟိုဘဏ်ရော သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ ပေါင်းလုပ်ဖို့လိုတယ်။ စက်တွေရှိပေမယ့် အခြေခံလူထု နားလည်ဖို့မလွယ်ဘူး” ဟု ကမ္ဘောဇဘဏ်ဒုတိယ ဥက္ကဋ္ဌ-၂ ဦးသန်းလွင်ကဆိုသည်။

ငွေသားများစွာနှင့် အရောင်းအ၀ယ်ပြုလုပ်နေသည့် ရွှေဆိုင်များတွင်လည်း ငွေစက္ကူတုများပါလာမည်ကို စိုးရိမ်၍ ငွေစက္ကူအတု တစ်ရွက်၊ ငွေစက္ကူအစစ်တစ်ရွက်ကို ခွဲခြားဖော်ပြထားပြီး ရေတွက်စစ်ဆေးနေရကြောင်း အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။