Saturday, June 15, 2013

ဗမာပြည်မှာ နောက်လိုက်အများဆုံး ဖြစ်လာနိုင်တဲ့ အုပ်စု (သို့) Hate Group

(မိုးမခ)

အမုန်းနိဒါန်း
လွန်ခဲ့တဲ့ လေးငါးနှစ်က ဗြိတိသျှရုပ်သံက “အမေရိကားမှာ လူမုန်းအများဆုံး မိသားစု” ဆိုတဲ့ နာမည် နဲ့ သတင်းမှတ်တမ်းရုပ်ရှင် တခု လွှင့်တယ်။  လူကြည့်များ၊ လူကြိုက်များခဲ့ကြတယ်။
 
မှတ်တမ်းပါ မိသားစု (အုပ်စုအဖွဲ့) မှာ လူ လေးငါးဆယ် လောက် ရှိတယ်။ နှစ်ခြင်း (Baptist) အသင်းတော် ဘုရားကျောင်း တခု အနေနဲ့ သူတို့ဘာသာ “သီးသန့်” ထူထောင်ပြီး သူတို့ယုံကြည်တာတွေကို ဟောပြောတယ်။  သမ္မာကျမ်းမြတ်ကို သူတို့ သဘောနဲ့ လိုသလို အဓိပ္ပာယ်ဖွင့်တယ်။  ဘာသာရေးလမ်းစဉ်နဲ့ ယုံကြည်ချက်ကို အခြေပြုပြီး သူတို့ အဓိကထား တိုက်ခိုက်တာကတော့ လိင်တူချစ်သူတွေ နဲ့ ဂျူးလူမျိုးတွေ ကိုပဲ။  ဒီ လူအုပ်စု နှစ်ခုစလုံးကို အမေရိကား က သည်းခံ နေတယ်ဆိုပြီး အမေရိကန်အစိုးရအဖွဲ့ နဲ့ လူ့အဖွဲ့အစည်းကို ရှုတ်ချတယ်။  ကိုယ်ကျင့်တရာ ပျက်ယွင်း၊ မှားယွင်းမှု (Morally Wrong) ဖြစ်နေတယ်လို့ သူတို့ သတ်မှတ်တယ်။  
 
“God Hates Fags” ဆိုတဲ့ ဆောင်ပုဒ် နဲ့ လိင်တူချစ်သူတွေကို ဆန့်ကျင်တယ်။  ဆန္ဒပြပွဲတွေ လုပ်တယ်။  “Fags” ဆိုတာ လိင်တူချစ်သူ အမျိုးသားတွေကို နှိမ်ချစော်ကား တဲ့ ရင့်သီး အသုံးအနှုန်းပေါ့။  မြန်မာလို ဆိုရင် (မရိုသေ့စကား) “စောက်ခြောက်” ဆိုတဲ့ သဘောပေါ့။  
 
သူတို့ အယူအဆ အရ Morally Wrong ဖြစ်နေတဲ့ အစိုးရ အတွက် အသက်ပေးပြီး စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးတဲ့ စစ်သားတွေရဲ့ ဈာပနာ တွေမှာလည်း “Thank God for dead soldiers” ဆိုင်းဘုတ်တွေကိုင်ပြီး သူတို့သွား ဆန္ဒပြလေ့ရှိတယ်။ 
 
ဒါ့အပြင် သူတို့ဟာ သူတို့ယုံကြည်တဲ့ အယူအဆ နဲ့ ကွဲလွဲသူမှန်သမျှကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချတယ်။  ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒို ဘယ် ဘာသာမှ မကျန်ဘူး။  ကက်သိုလစ် ခင်ကြီးတွေဟာ “သွေးစုပ်ဖုတ်ကောင်” တွေလို ကလေးသူငယ် ကောင်လေးငယ်တွေရဲ့ သုက်သွေးကို စုပ်ယူနေတယ်။  ပုပ်ရဟန်းမင်းကြီး ဟာ ကလေးမုဒိမ်းကောင် များရဲ့ အကြီးအမှူး၊ နှာဗူး ဘုန်းကြီး၊  မုဟမ္မဒ် ဟာ မကောင်းဆိုးဝါး နတ်ဆိုး၊ ရာဂကြူး ဖာလိုက်သူ သာ ဖြစ်တယ်။  အစရှိသလို ယုတ်ညံ့တဲ့ စကားလုံးတွေသုံး သူများဘာသာတရား ကိုးကွယ်မှု၊ ယုံကြည်ချက် နဲ့ ဆက်စပ်သမျှကို ပြင်းပြင်းထန်ထန် စော်ကား ပြောဆိုတယ်။ 
 
တိုတိုပြောရရင် သူတို့ အုပ်စုဟာ ဘာသာရေး ယုံကြည်ချက် ကို အလွဲသုံးစားလုပ်ပြီး အမုန်းတရား ဖြန့်ချီနေတဲ့ “Hate Group” ပေါ့။  ဒါပေမယ့် သူတို့ရဲ့ ယုံကြည်ချက်ကို အများအားဖြင့် ငြိမ်းချမ်းတဲ့ နည်းနဲ့သာ ထုတ်ဖော်တယ်။  စကားလုံး အသုံးအနှုန်းနဲ့ အမြင်သဘောထားတွေ ပြင်းထန် အစွန်းရောက် ပေမယ့် ကာယကံမြောက်တော့ အကြမ်းမဖက်ဘူး။  ဆိုတော့ သူတို့ရဲ့ ဆန္ဒပြပွဲတွေကို တရားဥပဒေဘောင်အတွင်းက ခွင့်ပြုနိုင်သလောက် ခွင့်ပြုထားရတယ်။  မတားဆီးကြဘူး။
လိုင်စင်ရ ရူးသွပ်မိုက်မဲခွင့် ရသူများ
ဆိုခဲ့တဲ့  ဗြိတိသျှရုပ်သံ မှတ်တမ်း အစီအစဉ်မှာလည်း သူတို့ရဲ့  အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ သဘောထား အမြင်တွေ အပြင် သူတို့ရဲ့ နေ့စဉ်ဘဝ နေမှု၊ ထိုင်မှုတွေကိုပါ သေသေချာချာ မှတ်တမ်းတင်ထားတယ်။  အမေရိကန် တနိုင်ငံလုံး၊ အနောက် ကမ္ဘာ တခုလုံး၊ အထူးသဖြင့် အင်္ဂလိပ်စကားပြော တိုင်းပြည်တွေက လူသန်းပေါင်းများစွာလည်း ဒီ အစီအစဉ်ကို  စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတယ်။
 
ဒါပေမယ့် ကြည့်ရှုရသူ ပရိသတ် အားလုံး အများစုက ဒီအဖွဲ့ဝင်တွေဟာ စိတ်ရောဂါဝေဒနာရှင် (Mental Disorder) ဖြစ်နေသူတွေ၊ ဘာသာရေး ကို အသုံးချ ခုတုံးလုပ်ပြီး လိင်တူချစ်သူအကြောက်၊ အမုန်း (Homophobia) ရောဂါ ခံစားနေရသူတွေ၊ အစ္စလာမ် အကြောက်၊ အမုန်း (Islamophobia)  ရောဂါ စွဲကပ်နေသူတွေ၊ လူမျိုးရေး ခွဲခြားသူ (Racist) နဲ့ ဘာသာရေး ပြင်းထန်အစွဲကြီးသူ (Extremist) တွေသာ ဖြစ်တယ် ဆိုတာ အားလုံး လိုလို သဘောပေါက် နားလည်ကြတယ်။  မှတ်တမ်း ရုပ်ရှင်ပါ သူတို့ သဘောထား၊ စကားတွေ အားလုံး ကို တချို့က ရယ်ရယ်မောမော၊ တချို့က စုတ်တသတ်သတ်၊ တချို့က အံ့သြတကြီး နဲ့ နားထောင်၊ ကြည့်ရှုကြရုံကလွဲလို့ အများစု ကြည့်ရှုသူတွေဟာ ဒါတွေဟာ အကျိုး/အကြောင်မညီ၊ အခြေအမြစ်မရှိ၊ မမှန်ကန်တဲ့ တရားတွေ၊ စကားတွေသာ ဖြစ်တယ် ဆိုတာ သိကြတယ်။  
 
စာရေးသူ အနေနဲ့ ဒီ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကား၊ ပြင်သစ် အစရှိတဲ့ နိုင်ငံပေါင်းစုံက လူအတော်များများနဲ့ ဆွေးနွေးဖူးတယ်။  သူတို့အားလုံး စပြောတဲ့ တူညီတဲ့ စကားလုံးတွေကတော့ “They are crazy. (သူတို့ အရူးတွေပါ)” (သို့) “How stupid they are! (သူတို့ ဘယ်လောက်များ မိုက်မဲရူးသွပ်နေကြသလဲဗျာ..” ဆိုတာပဲ ဖြစ်တယ်။
မှတ်တမ်းရုပ်ရှင် ခေါင်းစဉ် အတိုင်းပဲ ဆိုခဲ့တဲ့ ဘာသာရေးအစွန်းရောက် ဘုရားကျောင်း မိသားစု အုပ်စုဟာ အမေရိကားမှာ လူမုန်းအများဆုံး မိသားစုသာ ဖြစ်ရတယ်။  သူတို့ကို ဘယ်သူကမှ ခရစ်ယာန် ဘာသာကို ကာကွယ်စောင့်ရှောက်နေသူလို့ မမြင်ကြဘူး။  ဒီလို ဘာသာရေးအရူးတွေနဲ့တော့ ငါ့တို့ ခရစ်ယာန် ဘာသာ ရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည်တွေ ယုတ်လျော့တော့မှာပဲလို့သာ သူတို့ဆီက လူသာမန်၊ လူကောင်းတွေ တွေးပူကြတယ်။  ငါတို့ လူ့အဖွဲ့အစည်း ဒီလို အရူးတွေမျိုးသာ များလာရင် ဒုက္ခ။  အမုန်းတွေပွား၊ ပဋိပက္ခတွေသာ များလာတော့မှာပဲလို့သာ စိုးရိမ်ကြတယ်။  တခြား ဘယ် ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတခုခု ကမှလည်း သူတို့ကို အဆက်အဆံ မလုပ်၊ အသိအမှတ်မပြုကြဘူး။  ဒေသအစိုးရ ကလည်း သူတို့ရဲ့ လွတ်လပ်ခွင့်ကိုလည်း မထိပါးစေ၊ လူ့အဖွဲ့အစည်းကိုလည်း မထိခိုက် အဆိပ်အတောက် မဖြစ်အောင် လိုအပ်တဲ့ တားဆီးမှုတွေ၊ အကန့်အသတ် စည်းကမ်းတွေ၊ ဥပဒေပြုမှုတွေ ပြဋ္ဌာန်းပြီး မျှတအောင် ထိန်းညှိဆောင်ရွက်တယ်။ 


အမုန်းအုပ်စု လူရာမ၀င်
ကောင်းပြီ..။  ဒါက ပညာရေး အဆင့်အတန်းမြင့်၊ ယဉ်ကျေးမှုပေါင်းစုံ၊ အယူဝါဒ မျိုးစုံ ထွန်းကား စည်ပင်နေတဲ့ အတွေးအခေါ်မြင့်၊ အမြင်ကျယ် လူအများ ကြီးစိုးရာ လူ့အဖွဲ့အစည်းမှာ ဖြစ်နေလို့သာ ဒီလို အမုန်းတရားကို ပြင်းပြင်းထန်နဲ့ ဖြန့်ဖြူးနေမှုဟာ လူ့အဖွဲ့အစည်းကို ထိထိရောက်ရောက် မထိခိုက်တာပေါ့။  ခိုင်မာ ထိရောက်တဲ့ တရားဥပဒေ စိုးမိုးမှုလည်း ရှိနေလို့ ဒီလို အမုန်းတရားကြီးမားတဲ့ အုပ်စုတွေဟာ သူတို့ မုန်းတဲ့ လူအုပ်စုတွေကို အကြမ်းမဖက်နိုင်တာပေါ့။
 
နောက်တခု က သူတို့ဆီမှာက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး၊ စာနယ်ဇင်း၊ ပညာရေး စနစ် အစရှိတဲ့ အားလုံးသော တိုင်းပြည်ရဲ့ ကဏ္ဍတွေကို ဘာသာရေး အဖွဲ့အစည်းတွေ၊ ဘုရားကျောင်းတော်တွေနဲ့ လုံးလုံးခွဲခြားထားပြီး  “Secular State” စစ်စစ် ဖြစ်နေလို့ ဒီလို အရူးတစု ဦးစီးတဲ့ ဘာသာရေးအဖွဲ့ တခုရဲ့ အမြင်၊ သဘောထား၊ မူဝါဒ သာမက တကယ့် မြင့်မြတ်စင်ကြယ်ပြီး စစ်မှန်တဲ့ တရားဓမ္မကိုသာ ဖြန့်ဖြူးနေတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ဂိုဏ်းတွေရဲ့ သဘောထားအမြင်ကပါ  တိုးပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး၊ ပညာရေး စနစ်၊ စာနယ်ဇင်း ဘယ် ကဏ္ဍ တခုကိုမှ လွှမ်းမိုး ချုပ်ကိုင် သက်ရောက်မှု မဖြစ်စေဘူး။  
 
စာနယ်ဇင်း မှာ ဘာသာရေး စာစောင်၊ ရုပ်သံ၊ ရေဒီယို လိုင်းတွေ သက်ဆိုင်ရာ ဘာသာအလိုက်၊ ကျောင်းတော် အဖွဲ့အစည်းအလိုက် သီးသန့်ရှိတာမျိုးပဲ ရှိမယ်။  ဒါပေမယ့်  အဓိက အများစု စာပေ၊ စာနယ်ဇင်း ကဏ္ဍကနေ တိုင်းပြည်ရဲ့ ဘာသာကြီးတခုခုရဲ့ အယူဝါဒ တခုခု ကို တိုးပွားအောင် ဖြန့်ချီရမယ် (သို့) ကာကွယ်စောင့်ရှောက်ရမယ် ဆိုတာမျိုး သဘော မရှိဘူး။  တိုင်းပြည်ရဲ့ စာနယ်ဇင်း အပါအဝင် ရုပ်ရှင်၊ ဂီတ၊ ဖျော်ဖြေရေး၊ စာပေ၊ ပညာရေး နဲ့ အဓိက မဏ္ဍိုင်ကြီး (၃) ခု ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး တွေမှာ လူ့တန်ဖိုးကို မြှင့်တင်ဖို့၊ လူ့အခွင့်အရေး နဲ့ လွတ်လပ်ခွင့်ကို အာမခံဖို့၊ လူလူချင်း လေးစားဖို့၊ ကိုးကွယ်ယုံကြည်မှုဘာသာအားလုံးကို တန်ဖိုးထားဖို့ ကိုသာ အလေးပေး ထည့်သွင်းကြတယ်။
 
ယူကေ၊ ယူအက်စ်၊ သြစတြေးလျ အစရှိတဲ့ လူဖြူ ခရစ်ယာန် အများစု ကြီးစိုးရာ နိုင်ငံတွေမှာ Homophobic, Racist, Ultra Nationalist, Religious Extremist စတဲ့ အစွန်းရောက် အတွေးအခေါ်ရှိ၊ အမြင်ကျဉ်းမြောင်းသူ မှတ်တမ်းရုပ်ရှင်ပါ မိသားစုအဖွဲ့လို လူတွေ အနည်း၊ အများတော့ ရှိတာပေါ့။  ဒါပေမယ့် ဆိုခဲ့သလို တရားဥပဒေ စိုးမိုးမှု အပါအဝင် တိုင်းပြည်ရဲ့ အရေးပါတဲ့ နေရာ၊ ကဏ္ဍ တိုင်းမှာ အစွန်းရောက်တွေမကြီးစေဖို့ စနစ်တကျ ထည့်သွင်း စီမံ၊ အစီအစဉ် လုပ်ဆောင်ထားတော့ လူ့အဖွဲ့အစည်းတခုလုံးအတွက် အန္တရာယ်ကျလောက်အောင် မဖြစ်ဘူး။  လူအများစုကလည်း ဒီလို အရူးတွေရဲ့ တဘက်စွန်းရောက် အတွေးအခေါ်တွေကို ရွံရှာစက်ဆုပ် ပြု၊ နှာခေါင်းရှုံ့၊ ဖယ်ကြဉ် ကြတယ်။
 
တနည်းအားဖြင့် အမုန်းတရား အတွက်၊ အစွန်းရောက်တရား အတွက် နေရာက သိပ်မကျယ်ပြန့်၊ မရှိဘူးလို့ ဆိုနိုင်တာပေါ့။

ဝါးလုံးခေါင်းထဲမှာ မုန်းချင်တိုင်း မုန်း
ဆိုတော့  ဒီလို လူ့အဖွဲ့အစည်းကို ပြင်းပြင်းထန်ထန် ထိခိုက်မှုမရှိသမျှ အစွန်းရောက် အမုန်းတရား ဖြန့်ဖြူးနေသူ အရူးတွေကို သူတို့ ကမ္ဘာသေးသေးလေးမှာ သူတို့ လုပ်ချင်ရာကို မျှတတဲ့ လွတ်လပ်ခွင့် အခွင့်အရေး၊ တရားဥပဒေနဲ့ အညီ လုပ်ခွင့် ပေးထားလိုက်တယ်။  ဘယ်သူမှ အရေးမလုပ်တဲ့ ဝါးလုံးခေါင်းထဲမှာ လသာခွင့်ပေးထားလိုက်တယ်။
 
ဒီလိုပေးနိုင်တာက ဆိုခဲ့တဲ့ အတိုင်း သူတို့ လူ့အဖွဲ့အစည်းမှာက အခြေတည် တည်ဆောက်ပြီး ဖြစ်နေတဲ့ စနစ်အဖွဲ့အစည်းတွေ ခိုင်မာ၊ ကြံ့ခိုင် သန်စွမ်းပြီး ဖြစ်နေလို့ ဖြစ်တယ်။  အရူးတစု မြှောက်ပေးလို့ လူ့အဖွဲ့အစည်းတခုလုံး လမ်းလွဲလိုက်စရာ၊ အမုန်းတွေများ၊ မတည်ငြိမ်မှုတွေပြည့်၊ အကြမ်းဖက်မှုတွေပွား လာစရာလမ်း အများကြီး နည်းတဲ့အတွက် အရူးတွေကို ထိုက်သင့်တဲ့ လွတ်လပ်ခွင့်မျိုးကို ဥပဒေ အကန့်အသတ် နဲ့ စီစစ် ပေးပြီး သေချာ စောင့်ကြည့်၊ လူ့အဖွဲ့အစည်း တည်ငြိမ်၊ ငြိမ်းချမ်း၊ တိုးတက်၊ ဖွံ့ဖြိုး အောင် စီမံ ထားခြင်းမျိုး ဖြစ်တယ်။
 
ကောင်းပြီ..။  ခု ဆွေးနွေးခဲ့တဲ့ သဘောကို ဗမာပြည် လူ့အဖွဲ့အစည်း အနေနဲ့ ပြောင်းစဉ်းစားကြည့်ရအောင်ပါ။ 
ပထမဆုံး အနေနဲ့ ဗမာပြည်ရဲ့ ပကတိ နောက်ခံ အခြေအနေမှန်ကို သိစေဖို့ရာ တိုင်းပြည်မှာ အရေးပါတဲ့ ကဏ္ဍ တချို့ကို ယေဘုယျ သဘော အကြမ်းဖျင်း အတိုချုံး စောကြော ကြည့်ပါမယ်။
၁) လူ့အဖွဲ့အစည်းရဲ့ ပညာအရည်အသွေး၊ အတွေးအခေါ်၊ အမြင်ကျယ်မှု ရေချိန် ဘယ်လောက် မြင့်မား ကျယ်ပြန့် ရှိနေပါသလဲ။
စစ်အာဏရှင်စနစ် နှစ်ပေါင်း ငါးဆယ်ကျော် စိုးမိုးခဲ့မှုနဲ့အတူ တိုင်းပြည်ဟာ တံခါးပိတ်၊ နားပိတ်၊ မျက်စိပိတ်နေခဲ့ရပြီး ဝါးလုံးခေါင်းထဲမှာသာ လသာချင်သူများသာ တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ရေတွင်းထဲက ဖားသူငယ်အမြင်ရှိသူတွေသာ ဝမ်းနည်းဖွယ် တိုးပွားလာခဲ့တယ်။ ပညာရေးစနစ်က ကမ္ဘာအဆင့်မှာ ဓားမနောက်ပိတ်ခွေး ဆိုထားတဲ့ အောက်ရောက်နေတယ်။  ဒီကြားထဲ စစ်အာဏာရှင်စနစ် နဲ့ စစ်အုပ်စု က သူတို့ အာဏာတည်မြဲရေး နိုင်ငံရေးလိုအပ်ချက်အရ (Politically Manipulated) လုပ်ထားတဲ့ ပြင်းထန် အစွန်းရောက်တဲ့ အမျိုသားရေးစိတ်၊ မျက်ကန်း မျိုးချစ်စစ်၊ နိုင်ငံချစ်စစ်၊ ပြင်းထန်တဲ့ အမျိုး၊ ဘာသာ၊ သာသနာ အမြင်တွေဟာ တိုင်းပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးနေပြန်တယ်။  ဆိုတော့ ပညာ၊ အတွေးအခေါ် နဲ့ အမြင်ကျယ်မှု အခြေအနေ ဘယ်လိုဆိုတာ တွက်လို့ရပါပြီ။
၂) တရားမျှတ၊ ခိုင်မာတဲ့ ဥပဒေ၊ လွတ်လပ်မျှတတဲ့ တရားစီရင်ရေး စနစ် နဲ့ တရားဥပဒေ စိုးမိုးမှု တိုင်းပြည်မှာ ဘယ်လောက် အခြေတည် နေပြီလဲ။
ဗမာပြည်မှာ စစ်အာဏာရှင်ခေတ် အဆက်ဆက်ကနေ မျက်မှောက်ခေတ် အထိ ဥပဒေ ဆိုတာ နှစ်မျိုးပဲ ရှိတယ်။  လိုရင်တမျိုး၊ မလိုရင်တမျိုးဆိုတဲ့ ဥပဒေ နှစ်မျိုးပဲ ခိုင်မာ ရှင်သန်နေတယ်။  တရားစီရင်ရေး စနစ်မှာလည်း လူတယောက်လုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ရက်ရက်စက်စက် လူအများရှေ့ သတ်ခဲ့ရင်တောင် အခြေအနေတခု (သို့) ငွေကြေးအင်အား၊ အာဏာ တန်ခိုးနဲ့ ထောင်ဒဏ် (၂) နှစ်၊ (၃) နှစ် အပြင် မပိုဘဲ ဖြစ်နိုင်ပေမယ့် စကားတခွန်း၊ E-mail တစောင်၊ ပြက်လုံးတခု၊ စာတပုဒ်၊ ကဗျာတကြောင်း၊ သီချင်းတပုဒ်၊ ဓာတ်ပုံတပုံ အတွက်နဲ့ လူသက်တမ်း ထက်ကြီးတဲ့ ထောင်သက်တမ်းကို ခံစားရနိုင်တဲ့ အခြေအနေ၊ အနေအထားမျိုးဟာ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ ဖြစ်ခဲ့၊ ဖြစ်နေတယ်။ 
တရားဥပဒေ စိုးမိုးမှုကို ကြည့်ပြန်ရင်လည်း ဥပဒေအထက်မှာ အမြဲတမ်းနေနိုင်သူတွေ အမြဲရှိနေသလို၊ လူမှုစီးပွား အရပ်ရပ်မှာ ဘယ်အရာ နဲ့ ဘယ်အခါမှ အစိုးမရတဲ့ အစိုးရရဲ့ ဥပဒေတွေ၊ အမိန့်တွေ၊ အာဏာတွေရဲ့ ဒဏ်ကို ပြည်သူလုထု လှိမ့်ခံနေရတဲ့အပြင် လူတိုင်းရဲ့ တကိုယ်ရေ လွပ်လပ်ခွင့်ပျောက်၊ လူမှုစီးပွား ဘဝ လုံခြုံရေးမဲ့ ကျီးလန့်စာစားနေရကာ အမြဲတမ်း မျက်စိသူငယ်၊ အထိတ်တလန့် နေထိုင်နေရတဲ့ ဘဝတွေ၊ အဖြစ်အပျက်တွေဟာ ပကတိ မျက်မှောက် လက်တွေ့ မြင်နိုင်သလို၊ သမိုင်းသက်သေလည်း ရှိတယ်။  ဆိုတော့ ဥပဒေ၊ တရားရေးစနစ် နဲ့ တရားဥပဒေ စိုးမိုးမှု ဆိုတာ ဗမာပြည်မှာ ပုတ်လောက်ကြီး ရေးပြမှ ရေးရေးမျှ မမြင်နိုင်ဆိုတဲ့ အခြေအနေ ဖြစ်နေတယ်။
၃) ဘာသာရေး နဲ့ နိုင်ငံတော် လုံးလုံးပိုင်းခြားထားတဲ့ “Secular State” စစ်စစ်ဖြစ်နေပြီလား။ 
အခြေခံဥပဒေမှာ နတ်ကိုးကွယ်မှု အပါအဝင် ဘာသာအယူဝါဒ ပေါင်းစုံကို အသိအမှတ် ပြုထားတယ်။  အပေါ်ရံသဘောမှာ ဗမာပြည်ဟာ “Secular State” ပါပဲ။  ဒါပေမယ့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အနေနဲ့ ပြဋ္ဌာန်းဖို့ စီစဉ်ခဲ့ဖူးပြီး နောက်ပိုင်း တလျှောက်လည်း စစ်အစိုးရ အဆက်ဆက် တရားဝင် နိုင်ငံတော်ဘာသာ အနေနဲ့ မပြဋ္ဌာန်း သော်ငြားလည်း လက်တွေ့ သဘော နဲ့ အလုပ်မှာတော့ ဗုဒ္ဓဘာသာကိုသာ အားပေးချီးမြှောက်လေ့ အစဉ်အဆက် ရှိခဲ့တယ်။  
တိုင်းပြည်ဟာ ဗုဒ္ဓဘာသာတိုင်းပြည်သာ ဖြစ်တယ်ဆိုတဲ့ သဘောကို ပညာရေးစနစ်၊ စာပေ၊ ရုပ်ရှင်၊ အနုသုခုမ နဲ့ တိုင်းပြည်အုပ်ချုပ်ရေး နဲ့ နိုင်ငံရေးစနစ်တွေမှာ ထည့်သွင်း ကျင့်သုံး၊ ဖော်ဆောင်ခဲ့တယ်။  ဒါက အမျိုး၊ ဘာသာ၊ သာသနာ ကို အာဏာတည်မြဲရေးအတွက် တလွဲအသုံးချခဲ့တဲ့ တဘက်စွန်းရောက် အမျိုးသားရေးဝါဒီ စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့လို့ဆိုပြီး အကြောင်းပြချက် ပေးနိုင်တယ်။  ဘာသာ၊ သာသနာ အဓွန့်ရှည်ဖို့ ဒီမင်း၊ ဒီစနစ်သာ အမြဲ တိုင်းပြည်မှာ ကြီးစိုးရမယ် ဆိုတာကို ပုံဖော်နိုင်ဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်။
ဒါပေမယ့် မျက်မှောက်ခေတ် ဒီမိုကရေစီ စနစ်မှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီး အစိုးရ တရပ် လုပ်ချင်ရင် အာဏာရှင် စနစ်က အတိုင်း ပဒေသရာဇ်ခေတ်စနစ် သာသနာကို ကာကွယ်နိုင်စွမ်းတဲ့ ဘုန်းတော်ရှင် ရေမြေ့အရှင် အနော်ရထာလို၊ မင်းတုန်းမင်းလို ဘုရားဒါယကာ၊ ကျောင်းတကာ သာသာနာပြုမင်းအစိုးရ ဖြစ်ချင်လို့မရပါ။  အစိုးရ အနေနဲ့  ဘယ်ဘာသာ အယူဝါဒတခုခုကို ဘာအကြောင်းပြချက်နဲ့မှ အားပေးခြင်း၊ တိုးပွားအောင် လုပ်ပေးခြင်း ပြုလို့မရပါ။  ဒီလို သဘော မပျောက်သေးသမျှ တိုင်းပြည်ဟာ “Secular State” စစ်စစ် လုံးလုံး မဖြစ်ပါ။
၎) ကျင့်ဝတ်၊ သိက္ခာအပြည့်၊ ဘက်မလိုက်တဲ့ စာနယ်ဇင်း၊ မီဒီယာလုပ်ငန်း၊ ခိုင်မာတဲ့ စတုတ္ထမဏ္ဍိုင်ကြီး ဖွံ့ဖြိုးနေပြီလား။
ဗမာ့စာနယ်ဇင်းဟာ ကိုလိုနီခေတ်ကတည်းက စလို့ ဖဆပလ၊ မဆလ၊ နဝတ၊ နအဖ ကနေ ခုမျက်မှောက်ခေတ်အထိ အမျိုး၊ ဘာသာ၊ သာသနာဘောင်ထက်မကျော်၊ အမျိုးသားရောင် လောင်းရိပ် အောက်က မလွတ်ပါ။  ကိုလိုနီကျွန်ဘဝ မီဒီယာလုပ်ငန်းဟာ အမျိုးသားရေးလှုပ်ရှားမှု လှိုင်းနဲ့အတူ သခင်လိုဖြစ်အောင် လမ်းညွှန်ပေးနိုင်ခဲ့တာ မှန်တယ်။  ဒါပေမယ့် နောက်ပိုင်းမှာ ဒီထက် ပို ကျယ်ပြန့်တဲ့ ဘောင်ကိုတော့ ချဲ့ထွင်နိုင်ဖို့ မကြိုးစားသလို လူထုရှေ့က ဦးဆောင်၊ ဦးရွက်ပြု လမ်းညွှန် ချမပြနိုင်ခဲ့ပါဘူး။  ကျွန်ဘဝလွတ်လို့ သခင်ဖြစ်လာသော်လည်း နိုင်ငံကြီးသား စစ်စစ်ဖြစ်စေဖို့ရာ ကျယ်ပြန့်၊ လွတ်လပ်၊ မျှတ လူ့တန်ဖိုး ပြည့်တဲ့ အတွေးအခေါ်တွေ ထွန်းကားစေဖို့ ဖော်ဆောင်ရာမှာ အားနည်းခဲ့တယ်။ 
ဒီလိုနဲ့ အမျိုးသားရေးဘောင်အတွင်းကပဲ ရေးသား၊ တင်ပြ၊ ဆွေးနွေးခဲ့ကြတာ များတယ်။  အမျိုးသားရေးအတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျင့်ဝတ်၊ သိက္ခာနဲ့ မညီတဲ့ အရေးအသားတွေ၊ တင်ဆက်ပုံတွေ၊ သတင်းတွေ ပြည့်နေတဲ့ မျက်မှောက်ခေတ် မီဒီယာပေါင်းစုံက ဒီသဘောကို သာဓကပြု ထင်ရှားစေတယ်။
ဆွေးနွေးခဲ့တဲ့ နောက်ခံကားချပ် အချက် (၄) ချက်နဲ့ ဗမာပြည် လူ့အဖွဲ့အစည်းမှာ ဆောင်းပါး အစ တင်ပြခဲ့တဲ့ အမေရိကား က “Hate Group” ရဲ့ အလုပ်သဘောတွေ ထည့်ကြည့်ပါ။  အမေရိကား နဲ့ တိုးတက်ဖွံ့ဖြိုးပြီး အနောက်လူ့အဖွဲ့အစည်း မှာလို “Hate Group” နဲ့ သူတို့ သဘောတွေ မကြီးထွားလာပဲ နေမလား။  အမေရိကား မှာလို သူတို့ဟာ “လူမုန်းအများဆုံး မိသားစု” အုပ်စုပဲ ဖြစ်နေမလား။ 

အမျိုးသားအရေးလား၊ တမျိုးသားရေးလား
ဘယ်လိုမှ မဖြစ်နိုင်ပါ။  မျက်စိသူငယ်၊ နားသူငယ် နဲ့ ဗူးလုံးနားမထွေး လူအများစုဟာ “Hate Group” တွေရဲ့ လမ်းညွှန်မှု အလွဲနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်သွားမှာပါ။  အမျိုး၊ ဘာသာ ဆိုတဲ့ ဗမာလူမျိုး အဆက်ဆက် သည်းခြေကြိုက်ဖြစ်ခဲ့တဲ့ အကြောင်းတရားနဲ့ဆိုရင် ပိုလို့တောင် ကောက်ကောက်ပါသွားပါဦးမယ်။  ဆိုတော့ “Hate Group” တွေဟာ “ဗမာပြည်မှာ နောက်လိုက်အများဆုံး အုပ်စု” ပဲဖြစ်လာမှာ မလွဲဧကန်ပါ။  လက်ရှိအခြေအနေမှာကို ဗမာပြည်မှာ အမေရိကား က ဆိုခဲ့တဲ့ “Hate Group” သုံးစွဲနေတဲ့ စကားအသုံးအနှုန်းထက် မလျော့တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ အပြော၊ အဟော၊ အရေးတွေနဲ့ အမုန်းတရားတွေကို လူထုအကြေား နေရာအနှံ့အပြားမှာ၊ ပုံစံမျိုးစုံနဲ့ တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးနေကြပါပြီ။ 
စာရေးသူက အွန်လိုင်းလောက ကိုသာ ကြည့်ပြီး ဆိုနေသလားလို့ လူတချို့ က မေးခွန်းထုတ်ချင်ကြပါမယ်။  မဟုတ်ပါ။  ဗမာပြည်မှာ တရားဓမ္မအစစ်ကိုသာ ဟောပြောပို့ချရမယ့် ဘာသာရေး တရားပွဲ နေရာကနေစပြီး လမ်းပေါ်၊ အိမ်ပေါ်၊ စီးပွားလုပ်ငန်း၊ လူမှုရေး နဲ့ မွေးရာပါ လွတ်လပ်တဲ့ ပုဂ္ဂလိက အခွင့်အရေး အိမ်ထောင်ပြုမှု အဆုံး ကိစ္စ အရပ်ရပ် အပါအဝင် နောက်ဆုံး ဥပဒေပြုမှု အထိပါ “Hate Group” တွေက ဖြန့်ဖြူးတဲ့ သဘောတရားတွေ၊ အတွေးအခေါ်တွေ အပြင်းအထန် သက်ရောက်နေတယ်ဆိုတာ ဘယ်လိုမှ ငြင်းချက် ပြန်ထုတ်လို့မရတဲ့ အချက်ဖြစ်ပြီး လက်ရှိမှာ မျက်မြင်ပဲ ဖြစ်တယ်။
 တိုင်းပြည်မှာ လူအများကြား နှစ်ပေါင်း နှစ်ဆယ်ကျော် လေးစားချစ်ခင်လာကြတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုတောင်မှ အခု “Hate Group” တွေရဲ့ ပရောဂနဲ့ လူသာမန်များကြား အထင်အမြင်မှား၊ အကြည်ညိုလျော့ တဖြည်းဖြည်း ဖြစ်လာနေတာ လက်တွေ့ပဲ ဖြစ်တယ်။  အကျိုးဆက်အနေနဲ့ ခုမြင်တွေ့နေရတဲ့အတိုင်း မျက်မှောက် ဗမာ့ လူ့အဖွဲ့အစည်းမှာ လူမှု၊ စီးပွား မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ၊ အမုန်းတွေ၊ အာဃာတတွေ၊ မယုံကြည်မှုတွေ၊ အထင်အမြင်မှားမှုတွေ စတဲ့ ဒုက္ခ၊ သုက္ခ အမျိုးမျိုး အဖုံဖုံ တနေ့ထက်တနေ့ မရိုးနိုင်အောင် များပြား တိုးပွားလာနေတော့တာပါပဲ။

အမုန်းခုတုံးပြုသူများ တားဆီးရေး
ဒါကြောင့် ဗမာပြည်လို တရားဥပဒေ စိုးမိုးမှုနည်း၊ ပညာရည် နိမ့်ကျ၊ လူတွေရဲ့ အတွေးအခေါ်၊ အဆင့်အတန်း လွပ်လပ်ကျယ်ပြန့်၊ ဖွံ့ဖြိုးမှု အားနည်းနေသေးတဲ့ တိုင်းပြည်မျိုးမှာ “Hate Group” တွေကို နည်းနည်းလေး ဆိုနိုင်ရုံမျှတောင် အလွှတ်မပေးဘဲ “zero tolerance” ပေါ်လစီ ကျင့်သုံး လုံးဝ ဥဿုံ ထိန်းချုပ်ရပါမယ်။  ဒီမိုကရေစီ အခြေတည်ဖွံဖြိုးစ၊ အာဏာရှင်စနစ်ရဲ့ စရိုက်လက္ခဏာ ကျဉ်းမြောင်းတဲ့ သဘောထား၊ လူ၊ စနစ် နဲ့ အဖွဲ့အစည်းတွေ ရှင်သန်နေဆဲ လက်ရှိ အချိန်မှာ လူ့အဖွဲ့အစည်းကို တည်ငြိမ်မှု ပျက်ပြားစေတဲ့ ဘာသာရေး ခုတုံးလုပ် အမုန်းတရားပွားစေတဲ့ “Hate Group” တွေကို ထိထိရောက်ရောက် အရေးယူရပါမယ်။  စောင့်ကြည့်ရပါမယ်။  ထိန်းချုပ်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်း ရပါမယ်။ 
လူအုပ်စု တခုခုကို သိက္ခာချ၊  ထိခိုက်၊ ခွဲခြားစေမှု အပြုအမူ၊ သဘောထားတွေ မပြုလုပ်နိုင်စေဖို့အတွက် “Hate Group” တွေကို အမြဲမပြတ် စောင့်ကြည့် (Monitor) လုပ်၊ စစ်ဆေး (Assessment) မယ့် “Anti Discrimination”/ “Anti-Defamation” အဖွဲ့အစည်းတွေကို အစိုးရ နဲ့ လူမှုအဖွဲ့အစည်း၊ လူမျိုးစု အစုံ နဲ့ ဘာသာရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စနစ်တကျ ဖွဲ့စည်း၊ တာဝန်ဝတ္တရားကို ဘယ်သူမျက်နှာမှ မထောက်၊ ဘက်မလိုက် ချမှတ်ထားတဲ့ ဥပဒေ ဘောင်အတိုင်း တသမတ်တည်း တရားမျှတစွာ အရေးယူ ဆောင်ရွက်ရပါမယ်။ 
ဒီမိုကရေစီ အခြေတည်ဖွံ့ဖြိုးပြီး လွတ်လပ်တဲ့ အမေရိကား၊ ယူကေ၊ သြစတြေးလျ စတဲ့ နိုင်ငံများအပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်းစုံ က စနစ်အဖွဲ့အစည်းပေါင်းစုံမှာလည်း ဒီလိုသဘော “Hate Group” တွေကို ထိန်းချုပ်၊ “Hate Speech” မပြန့်ပွားအောင် ဆောင်ရွက်တာပါပဲ။
ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံစာရင်းဝင်ပေမယ့် နိုင်ငံကြီးသား လူကြီး၊ လူကောင်း အများအပြား ကြီးစိုးရာ လူ့အဖွဲ့အစည်းလို့ မဆိုနိုင်သေးတဲ့၊ တနည်းအားဖြင့် ဗမာပြည်မှာလိုပဲ လူအများစု က ကျယ်ပြန့် မြင့်မားတဲ့ အမြင်၊ သဘောထား၊ အတွေးအခေါ် မရှိသေး၊ နိုင်ငံကြီးသား အများစု မဖြစ်သေးဘူးလို့ ယူဆချင်ရင် ယူဆနိုင်သေးတဲ့ တပိုင်းတစ ဒီမိုကရေစီ နိုင်ငံ စင်္ကာပူမှာ ဆိုရင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဟာ လေးစားအားကျ အတုယူဖွယ် ဟန်ချီညီ မှီတင်း နေထိုင်နေပြီး တည်ငြိမ်၊ အေးချမ်း၊ တရားဥပဒေ စိုးမိုးတဲ့ လူ့အသိုင်းအဝန်းကို ဖန်တီးထားနိုင်တယ်။

စည်းကမ်းဥပဒေနဲ့ ဖိထားရတဲ့ မုန်းစိတ်
 စင်္ကာပူမှာ တရားဝင် ဘာသာစကား လေးမျိုး (အင်္ဂလိပ်၊ မလေး၊ တရုတ်၊ တမီးလ်) ပြဋ္ဌာန်းထားရပြီး မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာ ပေါင်းစုံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေတယ်။  စင်္ကာပူက လူထုအများစု ကျက်စားရာ ဈေးဆိုင်တန်း နဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေပေါ်မှာ ကမ္ဘာ အရပ်ရပ် က လူမျိုးပေါင်းစုံ ကို တွေ့နိုင်၊ ဘာသာစကားပေါင်းစုံ ကို ကြားနိုင်ပြီး နိုင်ငံတကာ အစားအသာက်မျိုးစုံကို စားနိုင်ကာ တကယ့် အယူဝါဒ၊ ဓလေ့၊ ယဉ်ကျေးမှုပေါင်းစုံ (Multiculturalism) ရဲ့ အငွေ့အသက် ကို ခံစားနိုင်တယ်။  တကယ့် တင်းပြည့်ကျပ်ပြည့် “Cosmopolitan” ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကြီး တခုပါပဲ။ 
ဒါပေမယ့် သူတို့မှာ လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေး ပဋိပက္ခ နဲ့ လူမှု မတည်ငြိမ်မှုတွေ လုံးဝ မရှိပါ။  ဒါဟာ မတူညီတဲ့ လူအုပ်စု တွေ ကြား သိပ်ချစ်ခင်နေကြလို့ချည်းပဲ မဟုတ်ပါ။  အပြန်အလှန် ချစ်ခင်လေးစား၊ အသိအမှတ်ပြုမှု ရှိသင့်သလောက် ရှိတယ်။  ဒါပေမယ့် စင်္ကာပူ ရဲ့ အဓိက သော့ချက်က “Hate Group” တွေ၊ “Hate Speech” တွေကို တရားဥပဒေ စိုးမိုးမှု အပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆတ်ဆတ်ထိမခံ ထိန်းချုပ်ထားလို့သာ ဖြစ်တယ်။
ဒါ့အပြင် လူနည်းစု ဘာသာ လူမျိုးစုတွေအတွက်ဆိုရင် အငြင်းပွားဖွယ် ပြဿနာ မဖြစ်ပွားစေဖိုရာအတွက် လိုအပ်တဲ့ ပံ့ပိုး၊ ဖြည့်ဆည်းမှုတွေ အစိုးရက အသေးအဖွယ်ကအစ စီမံပေးတယ်။  ရေရှားတဲ့ တိုင်းပြည်မှာ ဘာသာရေး လိုအပ်ချက်အရ အိမ်သာမှာ (Tissue မသုံးဘဲ) ရေသုံးနိုင်ဖို့ စီစဉ်ပေးတာက အစ အများသုံး အငှားယာဉ်ပေါ် မှာ ခွေး ကို လူထိုင်ခုံမှာ မတင်စေဘဲ သီးသန့် နောက်ခန်း လှောင်အိမ် မှာ ထား သယ်ဆောင်စေဖို့ ရာ ဥပဒေပြု သတ်မှတ်ပြဋ္ဌာန်းတဲ့ အထိ အသေးစိတ် အလေးထားတယ်။
စင်္ကာပူဟာ ဒီမိုကရေစီ တိုင်းပြည် အပြည့်အဝ မဟုတ်ပါ။  လူ့အခွင့်အရေးလည်း ဒီမိုကရေစံနှုန်းအရ အပြည့်အဝ မရရှိ မခံစားရပါ။  ဒါပေမယ့် ဒီလို ဒီမိုကရေစီ အပြည့်အဝ မဟုတ်၊ လူ့အခွင့်အရေး အပြည့်အဝ မရ ဖြစ်နေတာဟာ နိုင်ငံသားတိုင်း အတွက် တပြေးညီ ဖြစ်တယ်။  လူအုပ်စု၊ လူမျိုးစု၊ ဘာသာတခုခု ကို ဖိနှိပ်နေတာမျိုး မဟုတ်ပါ။  မှန်ပါတယ်။  စီးပွားရေး လုပ်ငန်းကြီးတွေက စင်္ကာပူ တရုတ်။ မလေး တရုတ် နဲ့ ဒုတိယ မလေး လူမျိုးတွေ ကြီးစိုးလို့ သူတို့ လူမျိုးတွေဟာ လုပ်ငန်းခွင်မှာ ပထမဦးစားပေး ဖြစ်နေတာမျိုးတွေ ရှိတယ်။  ဒါပေမယ့် တိုင်းပြည်တခုလုံးရဲ့ စနစ်၊ အဖွဲ့အစည်း အနေနဲ့ ခြုံကြည့်ရင် လူမျိုး၊ ဘာသာ မကွဲ အားလုံးဟာ တရားဥပဒေ အောက်မှာ တပြေးညီပါပဲ။ 
ဒီလို စနစ်၊ ဒီလို သဘောတွေကြောင့်သာ စင်္ကာပူ လူ့အဖွဲ့အစည်းမှာ လူအုပ်စုပေါင်းစုံဟာ သဟဇာတဖြစ် ညီညွတ် သမမျှတ နေထိုင်နိုင်နေတာဖြစ်ပြီး တိုင်းပြည်ဟာလည်း လွတ်လပ်ရေးယူ စတင် ပြန်လည်ထူထောင်ခဲ့တဲ့ ဆယ်စုနှစ် ငါးခု မပြည့်တဲ့ အချိန်တိုလေးအတွင်းမှာ ကမ္ဘာအလည် ပေမီ၊ ဒေါက်မီ ခေါင်းမော့၊ ရင်ကော့ နေနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံစာရင်းဝင် သွားခဲ့တယ်။ 

အမုန်း နိဂုံးချုပ်နိုင်ဖို့ …
စင်္ကာပူ အဲဒီလို ကမ္ဘာတန်းဝင်သွားတဲ့ နှစ်ပေါင်း ငါးဆယ် အတွင်းမှာပဲ ဗမာပြည်ဟာ စစ်အာဏာရှင် စနစ် နဲ့ အတူ အမျိုးသားရေး မှိုင်းလုံးတွေ၊ လူမျိုးရေး ပဋိပက္ခတွေ၊ လူမျိုးစုကြား ပြည်တွင်းစစ်တွေ နဲ့ ကမ္ဘာ့အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံစာရင်းကို ဝင်သွားခဲ့တယ်။  သင်ခန်းစာ ဆိုတာ ယူတတ်ရပါမယ်။  သမိုင်းဆိုတာ ပြန်လည်လေ့လာသုံးသပ်ပြီး အမိုင်းအမှားဆိုရင် ထပ်မဖြစ်ဖို့ ဆင်ခြင်တတ်ရပါမယ်။ မိမိလူ့အဖွဲ့အစည်းမှာ ဘယ်လို သဘောတွေ၊ ဘယ်လို စနစ်တွေကြောင့် ဘယ်လို ဆိုးကျိုးတွေ ခံစားနေရသလဲဆိုတော့ ဘာပရောဂမှမပါ၊ ဘာအစွဲမှ မရှိဘဲ အမြင်ရှင်းရှင်း၊ ကျယ်ကျယ်ပြန့် တွေးခေါ်မျှော်မြင်၊ စဉ်းစားဆင်ခြင် ပြီး ပြင်ဆင်သင့်တာတွေကို အမြန်ဆုံး ပြင်ဆင်၊ ပြုပြင်သင့်တာတွေကို အမြန်ဆုံး ပြုပြင် ရပါမယ်။
နိဂုံးချုပ်ရရင် မိမိလူမျိုး၊ မိမိ ဘာသာ ကို ဘာသာရေး/လူမျိုးရေး ခေါင်းဆောင်တွေ၊ စိတ်အားထက်သန်တဲ့ နောက်လိုက်တွေ ကာကွယ်လိုတာ၊ စည်ပင်ဝပြော ရှင်သန်လိုတာဟာ ဖြစ်သင့်ပါတယ်။  တရားပါတယ်။ မျှတပါတယ်။  ဒါပေမယ့် ဒီလို စည်ပင် ဖွံ့ဖြိုးဖို့ ကြံဆောင်ရာမှာ သူတပါး ဘာသာတခုခု၊ လူမျိုးတခုခုကို ဖိနှိပ်ခြင်း၊ တရားမဲ့ပြုကျင့်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း ပြုချင်လို့တော့ မရပါဘူး။  သူတို့က “သားဖောက် သာသနာပြုနေတာလေ” လို့တော့ တရားဟောလို့ မရပါဘူး။  သူတို့က အမျိုးယုတ်တွေလို့ ဆိုချင်လို့ မရပါဘူး။ 
လူမျိုး၊ ဘာသာအချင်းချင်းကြား နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှု လျော့ပါး၊ အမုန်းတရားပွားများအောင် သူတပါး လူမျိုး၊ ဘာသာနဲ့ ပတ်သက်လို့ မမှန်အချက်အလက်၊ လိုသလို ပုံဖျက်၊ အနက်ကောက်ထားတဲ့ အမှန်တဝက် အချက်တွေနဲ့ လူအများကြား ဝါဒဖြန့် စည်းရုံးချင်လို့တော့ မရပါဘူး။
မိမိယုံကြည်ရာကို လွတ်လာစွာ ပြောဆိုခွင့်မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ် တာဝန်တွေ ရှိတယ်။  လိုက်နာရမယ့် စည်းကမ်းတွေ ရှိတယ်။  သူတပါးရဲ့ သိက္ခာ၊ လွတ်လပ်ခွင့်၊ အခွင့်အရေးကို ထိပါးချင်လို့ ဒီမိုကရေစီ အသိုက်အဝန်းရဲ့ စနစ်အဖွဲ့အစည်းက ခွင့်မပြုရပါဘူး။
 လွတ်လပ်စွာ ပြောဆိုခွင့် “Free Speech” ကနေ လူအများကြား အမုန်းတရာ ပွားစေတဲ့ အမုန်းစကား “Hate Speech” အဖြစ်ကို ပြောင်းမသွားစေဖို့  ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းမှာ ကန့်သတ်ထားတဲ့ ဥပဒေတွေ၊ ချမှတ်ထားတဲ့ စံနှုန်းတွေ ရှိတယ်။  ဒီမိုကရေစီ စနစ်ကိုသွားနေတယ်ဆိုရင် ဒီလို လူများစု၊ လူနည်းစု၊ လူတဦးချင်း အားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေး၊ လွတ်လပ်မှု နဲ့ လူ့ဂုဏ်သိက္ခာ ကို တပြေးညီ အာမခံတဲ့ သဘောတွေ၊ စနစ်တွေ တိုင်းပြည်မှာ ဖန်တီး စီမံ ဖော်ဆောင်နိုင်ဖို့ မဖြစ်မနေ အလေးထား ရပါမယ်။  ဒီလို သဘော၊ အကျင့်၊ အကြံ နဲ့ အတွေးအခေါ် တွေကို ဆောင်းပါး မှာ ဆွေးနွေးခဲ့တဲ့ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံမှာ သွတ်သွင်းရပါမယ်။
  “Hate Group” တွေရဲ့ “Hate Speech” တွေကို ဆွေးနွေးခဲ့သလို ထိထိရောက်ရောက် တားမြစ်ရပါမယ်။  ဒါမှသာ “Hate Group” တွေဟာ ဗမာပြည်မှာ “နောက်လိုက်အများဆုံး ဖြစ်လာနိုင်တဲ့ အုပ်စု” လက်ရှိ အနေအထားကနေ အမေရိကားမှာလို “လူမုန်းအများဆုံး မိသားစု” အဖြစ်ကို ပြောင်းလဲပြီး တိုင်းပြည်ရဲ့ အနာဂတ်လည်း တည်ငြိမ်၊ သာယာ၊ အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်တဲ့အကြောင်း မိုးမခကနေတဆင့် ဆွေးနွေးတင်ပြ အကြံပြုလိုက်ပါတယ်။
ငြိမ်းချမ်းအေး

၁၄ ၊ ဇွန် ၊ ၂၀၁၃

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။