Monday, June 24, 2013

မြန်မာစစ်တပ်အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၁၁)

(စည်းလုံးခြင်းရဲ့အင်အား)

နိုင်ငံတစ်ခုရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုရာမှာ နိုင်ငံရေး လုပ်ငန်းစဉ်အရ ပြုပြင်ပြောင်းလဲခြင်းနှင့် စစ်တပ် ပြုပြင်ပြောင်းလဲရေးဆိုပြီး အခန်းကဏ္ဍ နှစ်ရပ်ရှိနေရာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး စာဖတ် ပရိတ်သတ်များ အနေနဲ့ လေ့လာ သုံးသပ်နိုင်ရန် ဆက်လက် တင်ပြလိုက်ရပါတယ်။

အင်ဒိုဗိုလ်ချုပ်ကြီးက ဆက်လက် ဆွေးနွေးရာမှာ နောက်တစ်ချက်က ဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲရေးနဲ့ တရားရုံးတွေကို ပိုမိုအားကောင်းအောင် ပြုလုပ်ရမယ်၊ ရွေးကောက်ပွဲ ဥပဒေအရ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ရန်လိုတယ်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲ တရားမျှတတယ်လို့ အစိုးရက ကြွေးကြော်နေပေမဲ့ တပ်မတော်သားတွေ USDP ကို အတင်းအကြပ် ဝင်ခိုင်းလိုဝင်ခိုင်း၊ USDP ကို မဲမထည့် မနေရအမိန့် မထုတ်ရုံတမယ် ဖိအားပေး စီမံတာမျိုး မလုပ်သင့်ဘဲ တပ်က ဘယ်ပါတီကိုမှ ထောက်ခံ အားပေးတာမျိုး မလုပ်ဘဲ ရှောင်ရှားသင့်တယ်။ အင်ဒိုမှာ စစ်တပ်ဟာ ယခုဆိုရင် ဘယ်ပါတီရဲ့ သြဇာလောင်းရိပ်မှ မရှိဘဲ လွတ်ကင်းနေပြီ ဖြစ်တယ်။ အခြေခံ ဥပဒေအရ ၅ (ည) နှင့် ၁၇ (၁) လိုမျိုး လိုသလို ဆွဲစိလို့ရတဲ့ ဥပဒေမျိုးကို ပြင်သင့်တယ်။



စစ်တပ်ရဲ့ တရားစီရင်ရေးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရားစီရင်မှုဟာ အပြီးပြတ် ဖြစ်တယ်ဆိုတဲ့ ဥပဒေမျိုး ဖြစ်သင့်တယ်။ နယ်ဘက်မှာ အမှုဖြစ်တဲ့ စစ်သည်၊ အရာရှိတွေရဲ့ အမှုအပေါ် တပ်က စီရင်ချက်တွေဟာ တရားမျှတမှု မရှိရင် တရားရုံးချုပ် အမြင့်ဆုံးက တောင်းဆို ပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့် ပေးသင့်တယ်။ တရားရုံးတွေကိုလည်း အားကောင်းဖို့ လုပ်သင့်တယ်။ လက်နက်ကိုင်တဲ့ တပ်ဖြစ်ဖြစ်၊ ရဲဖြစ်ဖြစ် လက်နက်ဖြင့် ပြည်သူလူထုအပေါ် အနိုင်ကျင့်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ရင် လူ့အခွင့်အရေး၊ တရားရုံးလိုမျိုး သီးသန့်ထားရှိပြီး တိုင်တန်းခွင့် ဖွင့်ပေးသင့်တယ်။ ဒီနေရာမှာ ယခင်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဖြစ်စဉ်များ ရှိသူများဟာ အပြစ်ကို ဝန်ခံခြင်း၊ ကျူးလွန်ခံရမှုများကို တောင်းပန်ခြင်း၊ လျော်ကြေးပေးခြင်း ဖြစ်စဉ်မှန်ကို ဖေါ်ထုတ်တာတွေ လုပ်သင့်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး သွားမည်ဖြစ်လို့ ဖြစ်စဉ်မှန်ကိုသာ ဖေါ်ထုတ် သင့်ပါတယ်လို့ ဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့ပါတယ်။


လက်ရှိ အခြေခံ ဥပဒေအရ ၂၅% ရယူထားတဲ့ တပ်မတော်သားများဟာ ရွေးကောက်ပွဲ တစ်ခုပြီးတိုင်း ဒီမိုကရေစီ ပန်းတိုင်နှင့် နီးကပ်ပါက စစ်တန်းလျား ပြန်သင့်၊ မသင့် ရာခိုင်နှုန်း လျော့သင့်၊ မသင့် လွှတ်တော်များမှာ ထောက်ပြ ဆွေးနွေးပြီး ဥပဒေ ပြင်သင့်ပါတယ်။ အလားတူ တပ်တွင်း စစ်တရားရုံးတွေဟာ တပ်ရင်းမှူး၊ တိုင်းမှူးကဲ့သို့ ခေါင်းဆောင်တွေရဲ့ လိုလားချက်၊ အာဃာတ တရားတွေကြောင့် ဥပဒေနဲ့ ညီ မညီ၊ ခိုင်မာမှု မရှိဘဲ လက်အောက်ငယ်သားများအား အရေးယူတဲ့ ဖြစ်စဉ်တွေကို ကကဥ (စစ်ဥပဒေချုပ်)၊ ကကစစ် (တပ်မတော်စစ်ဆေးရေး အရာရှိချုပ်) က ထောက်ပြသင့်ပါတယ်။ မတရား စွပ်စွဲခံရတဲ့ တရားခံ၏ ရှေ့နေရဲ့ တင်ပြချက်ကို အလေးထား သင့်ပါတယ်။ သက်သေ အထောက်အထား ရှာဖွေမတွေ့ရင် စစ်စည်းကမ်း ဖေါက်ဖျက်မှု အမြင်ကပ် ပုဒ်မ (၆၅) နဲ့ နှိပ်ကွပ်ခံရတာမို့ အဲဒီပုဒ်မကို ပြန်လည်စဉ်းစား ပြင်သင့်ပါတယ်။

စစ်တပ် ပြုပြင်ပြောင်းလဲရေး နောက်တစ်ခုက ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်း၊ တာဝန်ဝတ္တရားနဲ့ စပ်လျဉ်းပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လွှဲပြောင်းပေးရေး ဖြစ်ပါတယ်။ စစ်ဆင်ရေးနှင့် ကာကွယ်ရေးဘတ်ဂျက် အကောင်အထည်ဖေါ်ရေး အပိုင်းမှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လုပ်ရမှာ ဖြစ်ပေမဲ့ လွှတ်တော်မှာ ကာကွယ်ရေး ဘတ်ဂျက်ရေးဆွဲရေးနှင့် တောင်းခံရေး တာဝန်၊ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ မူဝါဒ ရေးဆွဲတဲ့ တာဝန်ကိုတော့ ကာကွယ်ရေး ဝန်ကြီး ဌာနက လုပ်ရမယ့်တာဝန် ရှိပါတယ်။ ယခု ကကဝယ်က ကိုင်တွယ်နေတဲ့ စစ်လက်နက် ပစ္စည်း ဝယ်ယူရေး အပိုင်းကိုလည်း ဝန်ကြီးကဘဲ လုပ်ဆောင်သင့်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ရွေးချယ် ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် အရပ်သားတွေက ကာကွယ်ရေး ဝန်ကြီး ဖြစ်တာ အများ သိထားပေမဲ့ ယနေ့ အင်ဒိုမှာလည်း စစ်တပ်က လူတွေဘဲ အရပ်သား ဝန်ကြီးကို ပံ့ပိုးနေရတုန်း ဖြစ်ပါတယ်။ အရပ်သား ကာကွယ်ရေးဝန်ကြီးကို အထောက်အကူ ပေးမဲ့ စစ်တပ်က အရာရှိများပါတဲ့ ရုံးအဖွဲ့၊ အတွင်းရေးမှူး၊ ဒုဝန်ကြီး တစ်ဦးဦးက ကျားကန်ပေးဖို့ လိုပါတယ်။ အချိန်တော်တော်ယူရမှာ ဖြစ်ပါတယ်လို့ ဆွေးနွေးသွားပါတယ်။


အရေးပါတဲ့ နောက်တပ်ပြုပြင် ပြောင်းလဲရေး တစ်ခုကတော့ လွှတ်တော်က တပ်ကို ထိန်းကျောင်း နိုင်တဲ့ အခန်းကဏ္ဍအား တိုးမြှင့်ပေးရမယ်လို့ ဆိုပါတယ်။ လွှတ်တော်တွေမှာ စစ်ဘက်နှင့် လုံခြုံရေး ဆိုင်ရာ ကော်မတီကို ဖွဲ့စည်းထားပြီး စစ်ရေး လုပ်ဆောင်မှုနှင့် စပ်လျဉ်းတဲ့ အစီရင်ခံစာ၊ အသုံးစရိတ်၊ ဘတ်ဂျက်၊ လှုပ်ရှား ဆောင်ရွက်မှုတွေအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်တပ် အရာရှိကြီးတွေက အဲဒီ ကော်မတီရုံးထဲမှာ လာရောက် ရှင်းလင်းခြင်း၊ ကြားနာပွဲ၊ ဖြေရှင်းခြင်းများ ပြုလုပ်ရပါတယ်။ ကော်မတီကလည်း စစ်ဆေးပိုင်ခွင့်၊ ဘတ်ဂျက်ကို တိုးမြှင့်မည်၊ ဖြတ်တောက်မည် စတာတွေ ပြုလုပ်နိုင်ပြီး လွှတ်တော်ကို ပြန်လည် တင်ပြရပါမယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ် ဘတ်ဂျက်ကိစ္စကို ဘယ်သူမှ မမေးရဲဘဲ ဖြစ်နေကာ ပြည်သူလူထုအား တစုံတရာ အတိုင်းအတာအထိ ပွင့်လင်းညင်သာမှု ရှိသင့်ပါတယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာဖို့ သိမ်မွေ့ ညင်သာပြီး အချိန်ယူရမယ်လို့ ဆွေးနွေးသွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။