Sunday, June 16, 2013

လိပ်ပေါက်တူးနဲ့တူတဲ့ နိုင်ငံတော်သမတကြီး ဦးသိန်းစိန် – အပိုင်း (၃)

(မိုးမခ)

အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ သမတကြီး ဦးသိန်းစိန်ဟာ စစ်သားလူထွက်ကြီးပီပီ သူ့စစ်တပ်နဲ့ သူဦးစီးနေတဲ့အရပ်သား တပိုင်းစစ်အစိုးရအတွက်လိမ်ညာ လှည့်ပတ်ပြီးပြောေ နတာတွေကိုပေါ်လွင်အောင် ဖေါ်ပြထားပြီး အခုနောက်ဆုံးပိုင်းမှာတော့ သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ပြောထားတဲ့စကားလက်ကျန်အချို့ကို ဆက်ပြီးရှင်းပြမှာဖြစ်သလို ဦးသိန်းစိန်ရဲ့ လိမ်ညာချင်တဲ့ ပင်ကိုယ်စိတ်ဗီဇကို ပိုမိုထင်ဟပ်စေဖို့ ပြည် သူအချို့ရဲ့ တုံ့ပြန်မှုများကိုပါ ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။


၁။ လက်ပံတောင်းတောင်ကိစ္စ
သမတဦးသိန်းစိန်က“ဒီမိုကရေစီ သက်တမ်းနုနယ်သေးချိန်ဖြစ်၍ လက်ပံတောင်းတောင်ကိစ္စဖြစ်ပေါ်မှု သည်မမျှာ်လင့်ဘဲဖြစ်ခဲ့ရကြောင်း”၊ နဲ့“ဆန္ဒဖေါ်ထုတ်ခွင့်များလည်းရှိပြီး တချို့ကိစ္စများတွင်အရေးယူရသည်များလည်း ရှိကြောင်း” လိမ်ညာပြီး ကိုယ်ရည်သွေးပြန်တယ်။ဒါဟာမိုကရေစီသက်တမ်းနုတာ၊ရင့်တာနဲ့ဘာမှမဆိုင်ဘူး၊မမျှော်လင့်ဘဲဖြစ်တာလည်းမဟုတ်ဘူး၊ တမင်သက်သက် ရည်ရွယ်ချက် ရှိရှိနဲ့လုပ်နေတာဖြစ်တယ်၊ တောင်သူလယ်သမားတွေအပေါ် စစ်အာဏာရှင်တွေ က အနိုင်ကျင့်လို့ရမှန်းသိလို့ ခုလည်း အနိုင်ကျင့်တာပဲ ဖြစ်တယ်၊ တောင်သူလယ်သမားထုတရပ်လုံးဟာ အနှိမ်ခံဘ၀ က ဒီနေ့ထိ မလွတ်မြောက်နိုင်သေးဘူး ဆိုတာအားလုံးအသိပါ။

၂။ ဒီမိုကရေစီသက်တမ်း နုရင့်
လက်နက်မဲ့ ရိုးသားတဲ့ တောင်သူလယ်သမားများအပေါ် အကြမ်းဖက်နှိမ်နင်းတာဟာ ဒီမိုကရေစီ သက်တမ်း နုတာ ရင့်တာနဲ့ဘာမှမဆိုင်ဘူး၊ အုပ်ချုပ်တဲ့လူတန်းစား ဘယ်လောက် ရိုင်းတယ် ယဉ်ကျေးတယ်၊ ဘယ်လောက် လူသားချင်းအပေါ် ကိုယ်ချင်းစာစိတ် ရှိတယ် မရှိဘူး ဆို တဲ့အပေါ်မှာ မူတည်နေပါတယ်။

ဦးသိန်းစိန်တို့လို အစိုးရမျိုးနဲ့ သူ့အသိုင်းအ၀ိုင်းက လူ့စိတ်မရှိ၊ လူသားချင်းအပေါ်ကိုယ်ချင်းစာစိတ် မရှိလို့ ခုလို ရိုးသားယဉ်ကျေးတဲ့ တောင် သူလယ်သမားများ အပေါ် မညှာမတာ ရိုင်းစိုင်းစွာ လက်နက်နဲ့ အနိုင်ကျင့်တာဖြစ်တယ်။

သမတက သူ့အကျိုး၊ သူ့ ဦးပိုင်အကျိုး၊ သူ့စစ်တပ်အကျိုးနဲ့ သူ့အသိုင်းအ၀ိုင်းမကျိုး ကိုသာကြည့်ပြီးလုပ်တယ်ဆိုတာ လက်ရှိ မြန်မာနိုင်ငံရဲ့ အဘက်ဘက်က ချွတ်ခြုံကျနေမှုက သက်သေပြနေပါတယ်။

သမတက ဒီလိုပြောတာကိုထောက်ရင် သူဟာအဖြစ်မှန်ကိုဖုံးကွယ်ပြီး လိပ်ပေါက်တူးပီပီ သူ့ဘက်သူယက်ပြီး သူ့စစ်တပ်ကို သူကာကွယ်ပြီး ပြောနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

၃။ မျှော်လင့်ချက် ရှိရှိနဲ့
၎င်း လက်ပံတောင်းကိစ္စဟာ  “မမျှော်လင့်ဘဲဖြစ်ခဲ့ရတယ်လို့ ပြောတာဟာ သူသက်သက် လိမ်ညာပြီးပြောတါဖြစ်ပါတယ်။ အောက်ပါ သာ ဓကတွေကို သက်သေအဖြစ်ပြပါမယ်။

က။ ၎င်း ကြေးနီစီမံကိန်းလုပ်ဖို့ ၎င်းပတ်ဝန်းကျင်ရှိ ၀က်မှေး၊ ဆည်တည်း၊ ကန်တော၊ ဇီးတော စတဲ့ရွာပေါင်း (၂၆) ရွာက တောင်သူလယ် သမားပိုင် လယ်မြေဧကပေါင်း (၇၈၀၀) ကျော်ကို မတရားသိမ်းပိုက်ခံခဲ့ရတဲ့တောင်သူလယ်သမားတွေက ၎င်းစီမံကိန်းရပ်တန့်ဖို့အတွက် ပထမအဆင့်အနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီတို့က လက်မခံ၊ အစိုးရကလည်း မသိ ဟန်ဆောင်နေတယ်။ ဒုတိယအဆင့်အနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့တောင်းဆိုတာမရလို့ ဆန္ဒဖေါ်ထုတ်ဖို့ အကြိမ်ကြိမ် ခွင့်တောင်းတာလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ခွင့်မပြုသလို ဦးသိန်းစိန်အစိုးရကလည်း လျစ်လျှူရှုထားတယ်။ အဲလို ဘာမှလုပ်လို့မရတော့တဲ့အဆုံးမှ ၂၀၁၂-မေလ ကစပြီး သပိတ်စခန်းဖွင့်တယ်။ အဲဒီအချိန်အထိ ဦးပိုင်၊ ၀မ်ပေါင်နဲ့ အစိုးရတို့က ဥပက္ခာပြုခဲ့ကြတယ်။ အဲလိုနဲ့ ဆန္ဒပြသ ပိတ်စခန်း တခုကနေ ၆ ခုအထိ များလာတယ်။ ဒေသခံ တောင်သူလယ်သမားများသာမက အနီးပတ်ဝန်းကျင်ရှိ သံဃာတော်များကပါ ဒေသခံများဘက်က ရပ်တည်ပြီး သပိတ်စခန်းတွင်ပါဝင်လာခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီအချိန်အထိ ဦးပိုင်နဲ့ ၀မ်ပေါင်တို့က အပေါ်စီးရထားတာရယ်။ ၎င်းတို့နောက်ကွယ်မှာ အစိုးရရှိနေတာရယ်ကြောင့် သပိတ်စခန်း ဖွင့်တာကိုလည်း ဂရုမစိုက်သလို ဦးသိန်းစိန်အစိုးရကလည်း ကြားဝင် ဖျန်ဖြေညှိနှိုင်း ပေးခြင်းမပြု လျစ်လျူရှုခဲ့ကြပါတယ်။
ခ။ ၎င်းစီမံကိန်း ရပ်စဲပေးဖို့ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုမှုတွေပိုမို ကြီးမားကျယ်ပြန့်လာတဲ့အခါ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလည် ဒေါ်စန်းစန်းလှိုင်က ၎င်းကိစ္စကို ကော်မတီဖွဲ့ပြီး ဆက်လုပ်သင့် မသင့် စုံစမ်း၍ အဖြေရှာရန် ကြားဖြတ်အစီရင်ခံစာတစောင်ကို ၂၀၁၂-နိုဝင်ဘာလ-၂၃ ရက်နေ့တွင် လွှတ်တော်သို့တင်သွင်းရာ   လွှတ်တော်ကသဘောတူ အတည်ပြုခဲ့ပါတယ်။    (မှတ်ချက်-အဲဒီအချိန် အတွင်းမှာ စစ်ခေါင်းဆောင်ဟောင်းကြီးတဦးက အဆိုပါ ဆန္ဒပြတောင်းဆိုမှုတွေကို ဖြိုခွဲဖို့ လျှို့ဝှက်စီစဉ်နေပြီးဖြစ်ပါတယ်)
ဂ။ ၎င်းစီမံကိန်းပြေလည်စေဖို့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂- နိုဝင်ဘာလ-၂၉ ရက်နေ့တွင် ၎င်းဒေသသို့သွားရောက်၍ ညှိနှိုင်းဆွေးနွေး မယ်လို့ ကြေညာခဲ့ပါတယ် (ဧရာဝတီ၊ ၂၆-နိုဝင်ဘာလ-၂၀၁၂ )။

ဒါပေမယ့် လွှတ်တော်ရဲ့ စုံစမ်းရေးကော်မတီက မစုံစမ်းမီ၊ ဒေါ်အောင်ဆန်းစုကြည် ၎င်းဒေသကိုမရောက်မီအစိုးရရဲ့ မရိုးသားမှုတွေမပေါ်မီ၊ စီမံကိန်းရဲ့ မပွင့်မလင်းမှုတွေမပေါ်မီ လက်ဥင်္ီးမှုရအောင်၂၀၁၂-နိုဝင်ဘာလ-၂၈   ရက်နေ့ည ၁၂ နာရီ နောက်ဆုံးထားပြီး သပိတ်စခန်းများကနေ ဖယ်ပေးရမယ်။ ဖယ်မပေးပါက တည်ဆဲဥပဒေအရ အရေးယူမယ်ဆိုတဲ့အမိန့်ကို မြန်မာ့ရုပ်သံနဲ့ ရေဒီယို ကနေထုတ်ပြန်ခဲ့တယ်။

အဲလိုလက်ဦးမှုရအောင် သပိတ်စခန်းတွေကို ကြိုတင်ဖြိုခွဲနှင့်တာတွေကိုကြည့်ရင် သမတကြီးပြောသလို လက်ပံတောင်းကိစ္စဟာ မမျှော် လင့်ဘဲဖြစ်ခဲ့ရတယ်ဆိုတဲ့အပြောဟာ လုံးဝမှားနေပါပြီ။ သက်သက် လိမ်ညာပြောဆိုနေတယ်ဆိုတာ၊ သမတကြီးက လိပ်ပေါက်တူး စစ်စစ် အနေနဲ့ သူနဲ့သူ့ စစ်အစိုးရဘက်ကို ယက်ခါကာကွယ်ပြီး မုသားပြောနေတာ ထင်ရှားနေပါပြီ။

ဦးသိန်းစိန်ဟာ နိုင်ငံတော်သမတပီပီ တည်ကြည်မှန်ကန်တဲ့စကားတွေကိုသာပြောရမယ့်အစား နိုင်ငံတကာကိုလှည့်ပြီး လိမ်ညာနေတာ သူမို့မရှက်တာ။ အာဏာရှင် အာဏာရူးတွေဆိုတာ ဒီလိုအရှက်မဲ့ လူတန်းစားပဲ။

အဲလို အရှက်မရှိဘဲ ရောက်ရာနေရာတိုင်းမှာ သူနဲ့ သူ့အစိုးရ အာဏာတည်မြဲရေး လိမ်ညာနေတဲ့အတွက် ၂၀၁၃-ဇွန်လ-၅ ရက်နေ့ထုတ် မိုးမခအင်တာနက်စာမျက်နှာပါ တူမောင်ညိုရဲ့ဆောင်းပါးမှာဖေါ်ပြထားသလို ဦးသိန်းစိန် လိမ်နေသည်။ ဦးသိန်းစိန် ညာနေသည်။ ဦးသိန်း စိန်၏ ရေဒီယိုစကား မုသား မယုံလေနဲ့သတိထားဆိုတဲ့စာပိုဒ်အတိုင်း သွေးထွက်အောင်မှန်နေပါတယ်။

၎။ လူခင်ရင် မူပြင်၊လူမုန်းရင် မူသုံး၊
သမတဦးသိန်းစိန်က “ဆန္ဒဖေါ်ထုတ်ခွင့်လည်းရှိပြီး တချို့ကိစ္စများတွင် အရေးယူရသည်များလည်းရှိကြောင်း”  လိပ်ပေါက်တူးပီပီ သူ့ဘက် သူယက်ပြန်ပြီ။

ဆန္ဒဖေါ်ထုတ်ခွင့်ဆိုတာ ကမ္ဘာ့နိယာမတရားပါ။ ဘာမှဂုဏ်ဖေါ်နေစရာမလိုပါ။ လူတိုင်းမှာ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ ဆန္ဒဖေါ်ထုတ်ခွင့် ဆိုတာ နဂိုထဲက ရှိပြီးသားပါ။ ဒါ အဆန်းမဟုတ်ပါဘူး။ သူတို့ (စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်နဲ့ သူတို့အသိုင်းအ၀ိုင်း) က နိုင်ငံတော်ရဲ့ အာဏာကို လက်နက်နဲ့ ဓားပြတိုက်ယူပြီးကတည်းက ကမ္ဘာ့နိယာမတရားတွေကိုကျစ်ကျစ်ပါအောင် ချုပ်ကိုင်ထားကြတာ၊ အခု မတတ်သာတော့မှ ခွင့် ပြုလိုက်ရတာကို သူက ကြီးကြီးကျယ်ကျယ်ပြောနေတာကိုက ရွံစရာဖြစ်နေပြီ။

“တချို့ကိစ္စများတွင် အရေးယူရသည်များလည်းရှိကြောင်း ပြောပြန်တယ်” န၀တ၊ နအဖစစ်အစိုးရနဲ့ လက်ရှိအရပ်သားတပိုင်း စစ်အစိုးရ လက်ထက်များရဲ့ အရေးယူမှုတွေဟာ “လူခင်ရင် မူမသုံး၊ လူမုန်းရင် မူ ၂ ဆသုံး” အတိုင်းဖြစ်နေပြီ။ သူတို့လက်ထက်မှာ ပြဿနာတိုင်းမှာ အရေးယူတာ မယူတာ ရှိသလို၊ တိကျတာ မတိကျတာတွေလည်းရှိနေပြန်တယ်။  သာဓကအနေနဲ့ ပြရရင် လက်ပံတောင်းကိစ္စနဲ့ပတ်သက်လို့ အရေးယူတဲ့နေရာမှာ လူခင်ရင် မူမသုံးတာ မျက်ဝါးထင်ထင်တွေ့မြင်ရပါတယ်။

ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ အဓိကတရားခံကို မဖေါ်ထုတ်၊ အရေးမယူဘဲ ပြန်ပြောခွင့် ပြန်ငြင်းခွင့်မရှိတဲ့၊ အမိန့်ကိုမလွန်ဆန်ရဲတဲ့ အောက်ခြေက၀န်ထမ်းတွေကိုသာ အရေးယူတာတွေ့ရတယ်။ အဲဒီ အဓိကညွှန်ကြားသူ တရား ခံဟာ နေပြည်တော်ရှိ စစ်အရာရှိဟောင်းကြီးဖြစ်တယ်ဆိုတာ RFA သတင်းအရ သိရှိရပါတယ်။

အဆိုပါသတင်းကို ကောကှ်ုတ်တင်ပြရရင်-၂၀၁၂-နိုဝင်ဘာလ-၂၉ ရက်နေ့က လက်ပံတောင်းကြေးနီစီမံကိန်းတွင် ဆန္ဒပြသူတွေကိုဖြိုခွင်း ရာမှာ “စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်မဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက်ညွှန်ကြား ချက်ဖြစ်တယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ရဲ့အတွင်းရေးမှူး ဗိုလ်မှူးကြီးယုလွင် ကို RFA သတင်းဌာနက သီးသန့်ဆက်သွယ်မေးမြန်းရာမှာ၎င်းကပြောကြားခြင်းဖြစ်ကြောင်း သိရပါတယ်။ (RFA. 2012-Nov-29)

၅။ သပိတ်စခန်းကို ဘယ်သူဖြိုခွဲ
လက်ပံတောင်း သပိတ်စခန်းကို ဖြိုခွဲဖို့ ညွှန်ကြားသူဟာ နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဖြစ်တယ်လို့ ဟစ်တိုင်သတင်းဌာန ရဲ့ ၂၀၁၃ မတ်လ-၁၃ ရက်နေ့ထုတ် ဆောင်းပါးရှင် မန်းလုလင်က ဖေါ်ထုတ်ထားပါတယ်။

၎င်းက အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်-
က။ ကြေးနီစီမံကိန်း လုံးဝရပ်စဲရေးအတွက် ဖွင့်ထားတဲ့သပိတ်စခန်းတွေကို ဖြိုခွဲဖို့အမိန့်ပေးသူမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ဖြစ် ကြောင်း၊ ၎င်းအခင်းဖြစ်သောနေ့မတိုင်မီ (၉) ရက်အလိုတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက လက်ရှိပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုအားခေါ်ယူပြီး သပိတ်စခန်းတွေကို ပြတ်ပြတ်သားသား နှိမ်နင်းပစ်ရန် အမိန့်ပေးခဲ့ကြောင်း၊
ခ။ ဒုဗိုလ်ချုပ်ကြီးကိုကိုကတဆင့် သမတဦးသိန်းစိန်ကို တာဝန်ယူဖို့ပြောတဲ့အခါ ဦးသိန်းစိန်က သဘောမတူဘဲ “မင်းကိုခိုင်းတာ မင်းလုပ် ပေါ့။ ငါ့ကိုခိုင်းတာမှမဟုတ်ဘဲ” ဟု ငြင်းဆိုလိုက်ကြောင်း၊
ဂ။ တဖန် ဒုဗိုလ်ချုပ်ကြီး ကိုကိုက ရဲမှူးကြီးသွင်ကိုကိုအားခေါ်ပြီး အဆိုပါသပိတ်စခန်းကို ဖြိုခွင်းဖယ်ရှားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် မ ရောက်လာမီ အပြီးဆောင်ရွက်ဖို့ ထပ်ဆင့်အမိန့်ပေးမှာကြားလိုက်ကြောင်း သိရပါတယ်။ (မှတ်ချက်- ရဲမှူးကြီး သူရသွင်ကိုကိုသည် စစ် ကိုင်းတိုင်းရဲတပ်ဖွဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဖြစ်သည်)

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ခုလို သပိတ်စခန်းကိုဖြိုခွဲပစ်ရန် အမိန့်ပေးရသည့်အကြောင်းရင်းကို မန်းလုလင်က ဆက်လက်ဖေါ်ပြရာ မှာ-

က။ ကြေးနီထုတ်လုပ်မှု စီမံကိန်းအား အိုင်ဗင်ဟိုးကုမ္ပဏီမှ ၀မ်ပေါင်ကုမ္ပဏီသို့ လုပ်ငန်းလွှဲပြောင်းစဉ်ကာလ ည ၁၂ နာရီအချိန်က ကြေးနီ တန် (၃၀၀) ခိုးထုတ်မှုကြီး ပေါ်ပေါက်ခဲ့ကြောင်း၊
ခ။ ၎င်းကြေးနီတန် (၃၀၀) မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစုအတွက် ခိုးထုတ်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊
ဂ။  ကြေးနီတူးဖေါ်ရေးလုပ်ငန်း အမြတ်မှ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအတွက် အချိုးကျရှယ်ယာခွဲပေးရကြောင်း၊
ဃ။ အကယ်၍ စီမံကိန်း ရပ်တန့်ရေးတောင်းဆိုမှု ပြင်းထန်လာပြီး ၀မ်ပေါင်ကုမ္ပဏီအကျပ်ဆိုက်ရင် ကြေးနီထုတ်လုပ်မှုကိစ္စ၊ သန်းရွှေ မိသားစုက လက်ဆောင်ရယူထားသည့်ကိစ္စများ ဇယ်ဆက်သလိုပေါ်လာမှာစိုးသောကြောင့် ခုလို စောစောစီးစီး ဖြိုခွဲပစ်ရန် ညွှန်ကြားခြင်းဖြစ် ကြောင်း ၎င်းဆောင်းပါးတွင်ပါရှိပါတယ်။
(မှတ်ချက်- စာဖတ်ပရိသတ်များ ပိုမိုသိလိုပါက www.hittai.net သို့ဝင်ပြီး သူ့အတွေးအမြင်များကဏ္ဏစာမျက်နှာ [2]  2013-March-13 ရှိ မန်းလုလင်ရဲ့ “လက်ပံတောင်း သပိတ်စခန်းဖြိုခွဲမှု နောက်ကွယ်မှ စီစဉ်ညွှန်ကြားသူ အဓိကတရားခံ” အမည်ရှိဆောင်းပါးကို ဖတ်ကြည့်ပါ)

ကဲ ခုလောက်ဆို လိပ်ပေါက်တူး ဦးသိန်းစိန်ဟာ သူနဲ့ သူ့စစ်တပ်၊ သူ့ပထွေးတွေအတွက် သူဘယ်လောက် အကာအကွယ်ပေးသလဲဆိုတာ ယုံကြည်လောက်ပါပြီ၊ သူ့အရေးယူမှုဟာ “လူခင်ရင် မူပြင်တယ်၊ လူမုန်းရင် မူသုံးတယ်”ဆိုတာထက် အဆပေါင်းများစွာပိုဆိုးတဲ့ “လူခင်ရင် မူ မသုံး၊ လူမုန်းရင် မူ ၂ ဆသုံး” ဖြစ်နေပါတယ်။ သူ ဒီမူသုံးတာ အခု လက်ပံတောင်းတောင်ကိစ္စ တခုသာမကပါ။ ကြာလှပါပြီ။ များလှပါပြီ။ လူတွေ မသိလိုက်ကြတာ အများကြီး-အများကြီးရှိပါသေးတယ်။ သူတင်မက သူ့အစိုးရ အဖွဲ့ဝင်အားလုံးနီးနီးနဲ့ လွှတ်တော်အမတ်အများစု ဟာ သူ့လိုပဲ အရာရာတိုင်းမှာ သူတို့အာဏာတည်မြဲဖို့အတွက် လိမ်ညာကောက်ကျစ် လက်တလုံးခြား ညစ်ပတ်နေကြတာပဲ။

၆။ ဝေဖန်ကြပြီ လူလိမ် လူညာကြီးကို
က။  သမတဆိုတဲ့ ဦးသိန်းစိန်ဟာ လိပ်ပေါက်တူးအဖြစ် သူ့ဘက်သူယက်ရင်း သူနဲ့သူ့စစ်တပ် သူ့အစိုးရ သူ့ပထွေး တွေ  ကို ကာကွယ်ဖို့ နဲ့ သူတို့အာဏာတည်မြဲဖို့အတွက် မြန်မာသာမက ကမ္ဘာကိုပါ လိမ်ညာလှည့်ဖျားနေတာကို စာဖတ်သူတို့ ယုံကြည်လောက်ပါပြီ။ ခု သူနောက် ဆုံး အမေရိကသွားပြီး လိမ်ညာလှည့်ဖျားတဲ့အခါ အမေရိကရောက်မြန်မာများက သူ့ရဲ့လှည့်စားမှုကို ဆန္ဒပြမှုနဲ့တုံ့ပြန်ပြီး အရှက်ခွဲလိုက်ကြတယ်၊။
၂၀၁၃-မေလ-၁၉ ရက်နေ့က ၀ါရှင်တန်မြို့ရှိ VOA သတင်းဌာနတွင်ပြုလုပ်တဲ့ နယ်ပယ်စုံက မြန်မာများနဲ့ တွေ့ဆုံမေးမြန်းစဉ် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက “လက်ရှိပြုပြင်ပြောင်းလဲရေးကို စစ်မှန်သည့်ပြုပြင်ပြောင်းလဲရေး၊ စစ်မှန်တဲ့ ပြုပြင်ပြောင်လဲရေးတွေ အမြန်ဆုံးပြု လုပ်ရေး၊ လိမ်ညာမှုများကို ရပ်တန့်ရေး စသည်များဖြင့်” ကြွေးကြော်ကန့်ကွက်ကြောင်း ဆန္ဒပြရာတွင်ပါဝင်တဲ့ ကိုဇော်ဝင်းကပြောကြောင်း သိရပါတယ် (ဧရာဝတီ၊ ၂၀-မေလ-၂၀၁၃ )။
ခ။ သမတဦးသိန်းစိန်ရဲ့ အမေရိကခရီးစဉ်အတွင်း “ဆန္ဒပြသူများသည် ကျပ် ၃၀၀၀၊ ၅၀၀၀ ယူ၍လုပ်ဆောင်နေကြောင်း” ဟူ ၍ပြော သောစကားကို မကျေနပ်သဖြင့် ဒီမိုကရေစီအရေးနဲ့ အမျိုးသမီးကွန်ယက်အဖွဲ့နဲ့ အခြားဒီမိုကရေစီ အဖွဲ့တွေပူးပေါင်းပြီး တာမွေလမ်းဆုံမှစ၍ မင်္ဂံလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင် မြို့နယ်များသို့ဖြတ်၍ “နေ့စားဆိုတာ မုသားပါ” ဟူသော ဆိုင်းဘုတ်များကိုင်ကာ လမ်း လျှောက် ဆန္ဒပြကြကြောင်း၊ ဆန္ဒပြသူများထဲက ဒေါ်နော်အုန်းလှ က “ကျမတို့က သမတပြောသလို နေ့စားခယူပြီး ဆန္ဒပြနေတာမဟုတ်၊ ကျမတို့နိုင်ငံက သယံဇာတတွေ မဆုံးရှံးစေရန် ဆန္ဒထုတ်ဖေါ်နေကြောင်းနဲ့ သမတကိုရှုတ်ချကြောင်း၊ ဒါ့ပြင် ကြေးနီတောင်စီမံကိန်း ရပ်ဆိုင် ရေး၊ ပုဒ်မ ၁၄၄ ရုပ်သိန်းရေး၊ ဖမ်းထားသူများ၊ ၀ရမ်းထုတ်ထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း” သိရပါတယ်။ ( Mizzima, BBC – 23 May 2013)
ဂ။ ဝေဖန်ကြပြန် လူုလိမ် လူညာကြီးကို၊
သမတဦးသိန်းစိန်ဟာ မြန်မာပြည်ပြန်ရောက်ပြီး သူစကားအပြောမှားလို့ ပြည်တွင်း ပြည်ပက ဆန္ဒပြ ရှုတ်ချသံတွေ နားထဲကထွက်လို့ မ ကုန်သေးဘူး နောက်ထပ် ဝေဖန် ရှုတ်ချသံတွေနဲ့ ထပ်ရင်ဆိုင်ရပြန်ပါတယ်။

ရှေးဦးစွာ ဝေဖန်သူမှာ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးဖြစ်ပါတယ်။ သူက သမတရဲ့ ၀ါရှင်တန်တွင်ပြောခဲ့တဲ့ “ မြန်မာ့တပ်မတော်ဟာ နိုင်ငံရေးနဲ့ကင်းကွာလို့မရဘူး၊ လွှတ်တော်တွင်း ၂၅% တပ်မတော်သားကိုယ်စားလည်များဆက်ရှိသင့်တယ်” ဆိုတဲ့ တပ်မတော်ကိုကာကွယ်ပြီးပြောတဲ့စကားကို ဦးခွန်ထွန်းဦးက “သမတစကားဟာ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ခက် ခဲနိုင်ကြောင်း” “ဒီမိုကရေစီစစ်စစ်နဲ့ဝေးသွားနိုင်ကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားတွေအတွက် ပိုဆိုးနိုင်ကြောင်း” ဝေဖန်ထောက်ပြ ထားပါတယ်။ ( BBC,21-5-2013 )၊

ဒုတိယဝေဖန်သူက NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး သူက “ဦးသိန်းစိန်က မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ပြောင်း လဲကျင့်သုံး နေပြီး အခက်အခဲတွေကိုရင်ဆိုင်ရင်း ပြုပြင်ပြောင်လဲရေးလမ်းကို ဆက်လျှောက်မယ်” လို့ သမတအိုဘားမားနဲ့ တွေ့ဆုံရာမှာ ပြောကြားတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “သမတအနေနဲ့ ပြောနေရုံနဲ့မပြီး၊ အလုပ်နဲ့ပါ သက်သေပြဖို့သင့်ပြီဖြစ်ကြောင်း” “၊ “ပြောစကား တွေထက် အလုပ်ကိုနည်းနည်းပြဖို့ လိုလာပြီးဖြစ်ကြောင်း” “ပြုပြင်ပြောင်းလဲရေးလုပ်တာ (၃) နှစ် ပြည့်တော့မယ်၊ ရေတိုအကျိုးစီးပွါး တွေ ကိုမြင်ဖို့လိုလာပြီ၊ ဘာလုပ်နိုင်လဲ၊ ဘာလုပ်ခဲ့လဲဆိုတာကို ပြဖို့အချိန်ရောက်လာပြီ ဖြစ်ကြောင်း” ၊“ပိတ်ဆို့မှုတွေကို ဖယ်ရှားတာလည်း ကောင်းပါတယ်။ ဒါပေမယ့် တကယ့်ပြုပြင်ပြောင်းလဲရေးရဲ့ ရလဒ်တွေကိုပြည်သူတွေ မခံစားရသေးပါဘူး။ ခံစားလို့ရအောင်လုပ်ဖို့ အစိုးရမှာ လိုနေသေးကြောင်း” ဝေဖန်ထောက်ပြထားပါတယ်။ (အာအက်ဖ်အေ၊ ၂၂-၅-၂၀၁၃)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝေဖန်မှုတွေကိုကြည့်ရင် သမတဦးသိန်းစိန်ရဲ့စကားဟာ အဆန်မပါတဲ့ သင်္ကြံန်အမြောက်သံဖြစ်နေပြီ။ သမတ ပြောခဲ့တဲ့စကားတွေကို ခြုံငုံကြည့်ရင် သူနဲ့ သူ့အစိုးရ၊ သူ့ပထွေးတွေ အာဏာတည်မြဲရေးနဲ့ သူတို့တအုပ်စုလုံး ချမ်းသာကြွယ်ဝရေးအတွက် လိပ် ပေါက်တူး ပီပီ သူ့ဘက်ယက်ခါ ကာကွယ်ပြီးပြောနေတယ်ဆိုတာ ဖုံးကွယ်လို့မရအောင် ပေါ်လွင်ထင်ရှားနေပါတယ်။

၇။ တပ်မတော်နဲ့ နိုင်ငံရေးကင်းကွာမှုနဲ့ မကင်းကွာမှုခြားနားချက်အကျဉ်း
မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ နိင်ငံရေးကင်းကွာမှုကြောင့် တိုးတက်ပုံနဲ့တပ်မတော်နဲ့ နိုင်ငံရေးမကင်းကွာမှုကြောင့်ဆုတ်ယုတ် ပုံတို့ရဲ့ဖြစ်စဉ် ကိုကြည့်ရင်-

က။ တပ်မတော်နဲ့ နိုင်ငံရေးကင်းကွာမှု
၁၉၆၂ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံဟာ အာရှစပါးကျီလို့ တင်စားခြင်းခံခဲ့ရသလို နိုင်ငံလည်းတကယ်ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်၊ ဘာကြောင့် လဲဆိုတော့ ဒီမိုကရေစီစနစ်ထွန်းကားတာရယ၊် တက်မတော်နဲ့ နိုင်ငံရေးကင်းကွာနေတာကြောင့်ရယ် ဖြစ်တယ်။
ခ။ တပ်မတော်နဲ့ နိုင်ငံရေး မကင်းကွာမှု
ဗိုလ်ချုပ်နေ၀င်း အုပ်ချုပ်တဲ့ (၂၆) နှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံဖြစ်သွားတာဟာ ဒီမိုကရေစီစနစ်ဆိပ် သုဉ်းသွားတာရယ်၊ စစ်အုပ်ရေးရယ်၊ တပ်မတော်နဲ့ နိုင်ငံရေး မကင်းကွာမှုများရယ်ကြောင့် ဖြစ်တယ်။
ဂ။ ဗိုလ်ချုပ် စောမောင် ၊ ဗိုလ်ချုပ်သန်းရွှေ  တို့လက်ထက် (၂၃) နှစ်ကာလအတွင်းမှာလည်း ဒီမိုကရေစီစနစ် ဆက်လက်ဆိပ်သုဉ်းနေတာရယ်၊ စစ်အုပ်ချုပ်ရေး ဆက်လက်ရှင် သန်နေတာရယ်၊ တပ်မတော်နဲ့ နိုင်ငံရေး မကင်းကွာတာရယ်ကြောင့် ဖြစ်တယ်။ ဒါ့ပြင်  အစိုးရနဲ့ စစ်တပ်များရဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တာရယ်၊ လယ်ယာဥယျာဉ် ခြံမြေ အိုးအိမ် ပစ္စည်းများကို မတရား လုယက် သိမ်းပိုက်၊ လုယက်ဖျက်ဆီး စတာတွေကြောင့် နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူခံရတာတွေကြောင့် တိုင်းပြည်မှာအဘက် ဘက် က ဦးနေ၀င်းလက်ထက်ကထက် ဆက်လက်ဆုတ်ယုတ် ကျဆင်းနေတယ်။
ဃ။   သမတ ဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်း စစ်အစိုးရ ဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်း စစ်အစိုးရလက်ထက် (၂) နှစ်ကျော်ကာလအတွင်း နိုင် ငံမှာ ယခင်စစ်အစိုးရများ လက်ထက်ကထက် အဘက်ဘက်က ဆင်လက် ဆုတ်ယုတ် ကျဆင်းဆဲဖြစ်လို့ သမတကြီး ဦးသိန်းစိန် ကိုယ် တိုင် နိုင်ငံတကာထွက်ပြီး ဟိုဟာပေးပါတောင်း ဒီဟာပေးပါတောင်းနဲ့ သူတောင်းစားကြီးဖြစ်နေတယ်၊ ဒါဟာ အဓိကကတော့ တပ်မတော်နဲ့ နိုင်ငံရေး မကင်းကွာလို့ ဒီလိုဖြစ်ရတာပါ။

ခုဆိုရင် ဆောင်းပါးရှင်အပါအ၀င် ပြည်တွင်း ပြည်ပက စာရေးဆရာများ၊ ဆောင်းပါးရှင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးသမားကြီး ငယ်များနဲ့ နိုင်ငံတကာ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများက  ဦးသိန်းစိန်ကို အမျိုးမျိုးဝေဖန် ထောက်ပြကြ၊ ကန့်ကွက် ရှုတ်ချကြ၊ အကြံပေးတောင်းဆိုနေကြတယ်၊ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ တပ်မတော်နဲ့နိုင်ငံရေး မကင်းကွာမှုကြောင့် တရားဥ ပဒေစိုးမိုးမှု ပိုကင်းမဲ့လာတယ်၊ ခြစားမှု၊ အဂတိ လိုက်စားမှုပိုများလာတယ်၊ လူတွေပို အကျင့်ကျက်လာတယ်၊ စစ်တပ်ရဲ့ပြည်သူလူထုအပေါ် အနိုင်ကျင့်မှုပိုများလာတယ်…စတဲ့ လူ့အခွင့်အရေးတွေ အရင်ကထက်ပိုမို ချိုးဖေါက်လာတာတွေ့ရတယ်။

ဒါတွေဟာ တပ်မတော်နဲ့ နိုင်ငံရေး မကင်းကွာလို့ဖြစ်ပေါ်လာရတဲ့ ရလဒ်ဆိုးတွေဖြစ်တယ်။ ဦးသိန်းစိန်က တဘက်က  “သူ့အစိုးရဟာ အရပ် သားအစိုးရ” လို့ ပါးစပ်က တဖွဖွ ပြောနေပေမယ့် အခြားတဘက်မှာ “မြန်မာ့တပ်မတော်ဟာ နိုင်ငံရေးနဲ့ ကင်းကွာလို့မရဘူး “၊ “ လွှတ် တော်တွင်းမှာ ၂၅% တပ်မတော်သားကိုယ်စားလှယ်တွေဆက်ရှိသင့်တယ်”၊ “မြန်မာနိုင်ငံမှာ တပ်မတော်ကိုပစ်ပယ်ထားလို့မရဘူး“ လို့ ပြောတယ်။

ကဲ သမတတယောက်တည်းက စကား ၂ မျိုးပြော၊ ပြောတဲ့စကားက ရှေ့နောက်မညီဘူး၊ ကောင်းသေးရဲ့လား၊ သမတ လုပ်နေပြီး သမတ အင်္ဂါံရပ်များနဲ့အညီ အများရိုသေလေးစားအောင်တည် ကြည်မှန်ကန်စွာပြောဖို့သင့်တယ်။

တဖန် မြန်မာနိုင်ငံမှာ  “ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးနေပြီ” “စည်းကမ်းနဲ့အညီ ဆန္ဒဖေါ်ထုတ်ခွင့်ရပြီလို့လည်းပြောတယ်၊ ဒါပေမယ့် တကယ် ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းတော့ ခွင့်မပေးဘူး၊ ဒါဘာသဘောလဲ? ဥပမာ-

က။ လက်ပံတောင်းတောင် တောင်သူလယ်သမားတွေက ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ၎င်းတို့ဆန္ဒဖေါ်ထုတ်ဖို့ ခွင့်ပြုချက် အကြိမ် ကြိမ်တောင်းတယ်၊ သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့်မပြုဘူး။
ခ။ ၂၀၁၃ ဇွန်လ ၂ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်ရှိ အများပိုင်ပန်းခြံတခုကို ကြံ့ခိုင်ရေးပါတီကသိမ်းယူပြီး ကွန်ဒိုအိမ်ရာဆောက် လုပ်မှုအပေါ် ကန့်ကွက်ဆန္ဒပြဖို့ ဆန္ဒပြပွဲဖြစ်မြောက်ရေးဦးဆောင်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆန္ဒပြခွင့် တောင်းတဲ့အခါ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့က အထူးလုံခြုံရေးကာလကြောင့်ဟုအကြောင်းပြကာ ဆန္ဒပြခွင့်မပြု၊ (ဧရာဝတီ၊ ၃၀-၅-၂၀၁၃)

အထက်ပါ ဖြစ်ရပ်တွေကိုကြည့်ရင် သမတရော၊ ပါတီရော၊ အစိုးရကပါ သူတို့အာဏာတည်မြဲရေး အတွက်   သက်သက်ပဲလုပ်နေတယ်ဆိုတာ ထင်ထင် ရှားရှားပေါ်လွင်နေပါပြီ။ အကယ်၍ ဦးသိန်းစိန်ပြောသလို အစိုးရကို စစ်မှန်သောအရပ်သားအစိုးရ ဖြစ်စေလိုလျှင်၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်စေလိုလျှင်၊ အဘက်ဘက်က တိုးတက်ဖွံ့ဖြိုး၍ ခေတ်မီသော ဒီမိုကရေစီနိုင်ငံတော်ကြီး တကယ် အစစ်အမှန် ဖြစ်စေလိုလျှင်-

က။ သမတကြီး ဦးသိန်းစိန်ကိုယ်တိုင်က အရပ်သားစစ်စစ်စိတ်မွေးပြီး စစ်သားစိတ်ဖျောက်ပါ။
ခ။  တရားဥပဒေ စိုးမိုးရေးကို တိကျမှန်ကန်စွာ လုပ်ဆောင်ပါ။
ဂ။  လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ်အားလုံးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနအားလုံးရှိ စစ်ဗိုလ်များကို အမြန်ဆုံးဖယ်ရှား ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအသီးသီးရောက် မြန်မာနိုင်ငံသားများထဲက မျိုးချစ်စိတ်ရှိ လူငယ် လူလတ် ပညာတတ်မျာကို အစားထိုး ခန့်အပ် ထားပေးဖို့ လေးနက်စွာမေတ္တာရပ် တိုက်တွန်းလိုက်ရပါကြောင်း။

စာဖတ်သူများသို့ မိမိတို့၏ အမိမြန်မာနိုင်ငံ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီ၍ ခေတ်မီသော ဒီမိုကရေစီနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ရှိလာစေရန် မည်သို့ ပါဝင်ပြုလုပ်သင့်သည်များကို စဉ်းစားကြပါရန်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။