Monday, June 17, 2013

မြန်မာ ဝမ်ပေါင် ကုမ္မဏီတာဝန်ခံ ဖြေရှင်းချက် (အပိုင်း - ၃)

(VOA)

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ် တောင် (တောင်ပိုင်း) နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုကို၊ “မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်” Myanmar Economics Holding Ltd. (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံက လာရောက်ရင်းနှီး မြှုပ်နှံတဲ့ ကုမ္ပဏီကတော့ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်” Myanmar Wanbao Mining Copper Ltd. (MWMCL) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄)ရက်နေ့က၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖိတ်ခေါ်ချက်နဲ့ ဒီ ကြေးနီစီမံကိန်း လေးခုထဲက အကြီးဆုံးဖြစ်တဲ့ လက်ပံတောင်းတောင်က ကြေးနီသတ္ထုတူး ဖေါ်ရေး နယ်မြေရုံးမှာ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သွားရောက်ပြီး  ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi ကို
သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပ ဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဒီအစီရင်ခံစာအတိုင်း အကောင်အထည်ဖေါ်ရေး အစိုးရဖွဲ့စည်းပေးတဲ့ ကော်မီတီတစ်ရပ်လည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ “မြန်မာဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်”ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းဆောင် တာတွေနဲ့ ပတ်သက်ပြီး၊ Mr. Geng Yi နဲ့ တွေ့ဆုံမေး မြန်းခန်း (အပိုင်း - ၃) ကို၊ ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍကနေ ထုတ် လွှင့်ပေးလိုက်ပါတယ်။
ဦးရော်နီညိမ်း ။ ။ အခု ကျနော်တို့ ပြောနေတာက စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာကို မူတည်ပြီး ပြောနေတာဖြစ်တယ်။ ဒီ အစီရင်ခံစာ ထွက်ပြီးတဲ့နောက် အစိုးရက စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့တယ် မဟုတ်လား။ ကျနော်တို့ သတိထားမိတာက ဒီ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီကော်မတီဝင်တွေ ကြေးနီစီမံကိန်းရှိရာ ဒေသကိုသွားပြီးတော့ အစီရင်ခံစာမှာ အကြံပြုထားတဲ့အတိုင်း ဒေသခံတွေကို လျှော်ကြေးတွေတိုးပြီးပေးတာကို လုပ်ကြတယ်။ အဲဒါကလည်း ခင်များတို့ ဝမ်ပေါင်ကုမ္မဏီက တိုးပေးတဲ့လျှော်ကြေးတွေ။ အဲဒါပြီးတော့ ဘာတွေလုပ်ကြသလဲ။ ခင်များတို့နဲ့ ဘာတွေဆက်ပြီး ထိတွေ့ကြသလဲ။ အခု ခင်များတို့နဲ့ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော်ရေး ကော်မတီဟာ ဘာတွေလုပ်ကိုင်နေကြသလဲ။ နည်းနည်းလောက် ရှင်းပြပေးပါလား။
Mr. Geng Yi ။ ။ အလုပ်သဘော အကြောင်းတချက်အနေနဲ့ ကျနော်ဟာ အကောင်အထည်ဖော်ရေးအဖွဲ့ရဲ့  အဖွဲ့ဝင်တဦးပါ။ ဒါဟာ ကျနော့်အတွက် ဂုဏ်ယူစရာ ဖြစ်သလို၊ ဖိအားတရပ်လည်း ဖြစ်နေပါတယ်။ ဒါဟာ ကျနော်ကိုယ်တိုင် အလုပ်အကျွေးပြုမှုတခု ဖြစ်သလို၊ ကျနော့်ကုမ္မဏီကိုလည်း ကျနော်ကိုယ်စားပြုနေချင်ပါတယ်။ ဒီကုမ္မဏီဟာ တာဝန်သိ သတ္တုထုတ်ဖော်ရေးကုမ္မဏီပါ။ ကျနော်တို့ဟာ စုံစမ်းရေးကော်မရှင်ရဲ့  အကြံပေးချက်တွေကို အပြည့်အဝ လေးစားသလို။ ကျနော်တို့ဟာ တိုးတက်ရေး ရရှိရေး ဖြစ်လာရမယ့် တာဝန်တရပ်ကို ကျေပြွန်ရစေအောင် အကောင်းဆုံး ကြိုးစားနေပါတယ်။ ဒီ အကောင်အထည်ဖော်ရေး ကော်မတီဆိုတာ မြန်မာအစိုးရနဲ့ စုံစမ်းရေးကော်မရှင်ကို ကိုယ်စားပြုနေသလို။ တိုးတက်မှုရရှိရေး တာဝန်တွေ ထမ်းဆောင်နေကြရာမှာ ပံ့ပိုးမှုတွေ ပေးရမှာဖြစ်သလို၊ ကြီးကြပ်ရမှာလည်း ဖြစ်ပါတယ်။ အခု အကောင်အထည်ဖော်ရေး ကော်မတီမှာ အစိုးရအဖွဲ့ဝန်ကြီးတွေပါတယ်။ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေပါတယ်။ သူတို့က ကျနော်တို့ကို ကူညီဆောင်ရွက်လုပ်ကိုင်ပေးနေတယ်။ ပြီးတော့လည်း တိုးတက်မှုရှိလာမယ့် တာဝန်တွေအားလုံးအတွက်လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။

ဦးရော်နီညိမ်း ။ ။ ခင်များတို့ အကောင်အထည်ဖော်ရေး ကော်မတီဝင်တွေ ပုံမှန်ထိတွေ့မှု ရှိနေကြတယ်လို့ ဆိုလိုတာလား။
Mr. Geng Yi ။ ။ သိပ်ကို မကြာခဏ တွေ့ကြပါတယ်။ တကယ်တမ်းမှာ ကျနော်တို့တတွေ တယောက်နဲ့တယောက် သိပ်ကိုနီးနီးကပ်ကပ်နဲ့ အလုပ်အတူတူ လုပ်နေကြပါတယ်။

ဦးရော်နီညိမ်း ။ ။ ကျနော် ဆိုလိုတာက ခင်များတို့တတွေ ပုံမှန် အချိန်ဇယားနဲ့ တပတ်ကိုတခါ၊ ဒါမှမဟုတ် တပတ်ကိုနှစ်ခါမျိုး ဒီအကောင်အထည်ဖော်ရေး ကော်မတီနဲ့ ဘယ်လိုထိတွေ့နေကြသလဲ ဆိုတာပါ။
Mr. Geng Yi ။ ။ ပုံမှန်အနေနနဲ့ အပတ်တိုင်းမှာ အစည်းအဝေး ရှိပါတယ်။ တိုးတက်မှုရရှိရေး တာဝန်ထမ်းဆောင်မှုတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်တွေရဲ့  တိုးတက်မှုတွေကို စောင့်ကြည့်မှုဆိုင်ရာ ဆွေးနွေးကြတဲ့ အပတ်စဉ် အစည်းအဝေး ဖြစ်ပါတယ်။ သူတို့ ကော်မတီဝင်တွေ နေပြည်တော်မှာ ထိုင်နေကြမယ့်အစား အပတ်စဉ် ကျနော်တို့ရဲ့  လက်ပံ့တောင်းတောင် ကြေးနီတူးဖော်ရေး နယ်မြေကိုလာဖို့ ကြိုးစားကြပါတယ်။ လာနိုင်တဲ့ ကော်မတီဝင်တွေ အပတ်စဉ် လာကြပါတယ်။ ဒီမှာ ကျနော်တို့ ကုမ္မဏီက တင်ပြမှုတွေ အပါအဝင် စုံစမ်းရေးကော်မရှင်ရဲ့  အကြံပေးချက်တွေကို ဆောင်ရွက်ရာမှာ တချက်ချင်း အချိန်တိုင်းမှာ တိုးတက်မှုတွေ၊ အခက်အခဲတွေကို ဆွေးနွေးကြသလို။ အကောင်အထည်ဖော်ရေး ကော်မတီရဲ့  လမ်းညွှန်းမှုတွေ၊ ပံ့ပိုးမှုတွေကိုလည်း ကျနော်တို့ ရရှိခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ပုံမှန်အားဖြင့် ဒီ ကော်မတီကို ဘယ်သူ ဦးဆောင်ပြီး လာပါသလဲ။ ဘယ်သူတွေ လာပါသလဲ။
Mr. Geng Yi ။ ။ ကော်မတီဥက္ကဋ္ဌကိုယ်တိုင် လာနေပါတယ်။

ဦးရော်နီညိမ်း ။ ။ ကော်မတီဥက္ကဋ္ဌက ဘယ်သူပါသလဲ။
Mr. Geng Yi ။ ။ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းပါ။

ဦးရော်နီညိမ်း ။ ။ အမှန်က ပြည်ထောင်စုသမ္မတရုံး ဝန်ကြီးဦးလှထွန်းပေါ့။
Mr. Geng Yi ။ ။ သူက စုံစမ်းရေးကော်မရှင်ရေး အကြံပေးချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌပါ။ အလုပ်တွေ သိပ်များကြပေမယ့် ဒီ ကော်မတီအဖွဲ့ဝင် တခြားဝန်ကြီးတွေ ဖြစ်ကြတဲ့ သတ္တုတွင်းဝန်ကြီး ဒေါက်တာမြင့်အောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီး ဦးဝင်ထွန်း။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို တို့နဲ့ သာသနာရေး၊ လယ်ယာဆည်မြောင်းတို့က ဒုတိယဝန်ကြီးတွေလည်း လာကြပါတယ်။ သူတို့ဟာ သူတို့ရဲ့  ပင်မတာဝန်တွေနဲ့ အလုပ်များနေကြပေမယ့် ဒီ စုံစမ်းရေးကော်မရှင်ရဲ့  အကြံပေးချက်တွေကို အကောင်အထည်ဖော်ရေး စီမံချက်အပေါ်မှာ စံပြနမူနာတခုအဖြစ် သဘောထားပြီးတော့ တခြားလုပ်ငန်းတွေအတွက် ဦးစားပေး ဆောင်ရွက်လုပ်ကိုင်ပေးနေပါတယ်။ ဒါဟာ ကျနော်တို့ကို သိပ်ကိုအထောက်အကူ ဖြစ်စေတယ်လို့လည်း ခံစားရပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒါပေမဲ့ ပြီးခဲ့တဲ့ တပတ်လောက်တုန်းက နောက်ဆုံးဖြစ်ပျက်ခဲ့တာ ရှိပါတယ်။ ခင်များတို့က ဘယ်လောက်ကြိုးစားလုပ်ကိုင်နေကြတယ် ဆိုပေမယ့် ဒေသခံရွာသားတချို့ ကို တက်ကြွလှုပ်ရှားသူတချို့ က ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မှုတွေ ရှိနေပါတယ်။ ခင်များတို့ ကြေးနီစီမံကိန်းအတွက် ဒေသခံတွေဆီက သိမ်းထားတဲ့ မြေပေါ်မှာ ဒေသခံရွာသားတချို့  ထွန်းယက်မှုတွေ ဝင်လုပ်ကြပြီးတော့ သူတို့ရဲ့  ဆန္ဒကို ဖော်ထုတ်ကြတယ်။ ခင်များတို့က ဘယ်လောက်ပဲ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးပေမယ့် သူတို့က ခင်များတို့ရဲ့  ကြေးနီစီမံကိန်းကို လုံးဝရပ်စေချင်တယ်။ ဒီမြေပေါ်မှာ မိရိုးဖလားအတိုင်း စိုက်ပျိုးလုပ်ကိုင်ချင်ကြတယ်။ အခု သူတို့ဟာ ခင်များတို့ ကြေးနီစီမံကိန်း မြေထဲကို ကျူးကျော်ဝင်ရောက်သူတွေဆိုပြီးတော့ သူတို့ရဲ့  ခေါင်းဆောင်တချို့ ကို ထိန်းသိမ်းထားလိုက်တယ်။ အဲဒီတော့ စုံစမ်းရေးကော်မရှင်ရဲ့  အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး။ ခင်များတို့က အပြင်းအထန် အလုပ်လုပ်နေကြပေမယ့် ဒီလိုတွေ ဖြစ်နေတာတွေအတွက် ခင်များရဲ့  အမြင်သဘောထားက ဘယ်လိုရှိပါသလဲ။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ။ ကျနော် ဘယ်သူကိုမှ အပြစ်ပြောတာ မဟုတ်ပါဘူး။ ခင်များရဲ့  အမြင်သဘောထားကို သိချင်တာသက်သက်ပါ။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာပါသလဲ။
Mr. Geng Yi ။ ။ ပထမဦးဆုံးအနေနဲ့ ကျနော်တို့ ကုမ္မဏီကစပြီး ပြောချင်တာက ဘယ်လိုအကြမ်းဖက်မှုမျိုးအတွက်မဆို ကျနော်တို့က အမြဲတမ်းပဲ ဝမ်းနည်းစိတ်မကောင်းပါဘူး။ ခင်များပြောတဲ့အတိုင်းပါပဲ ကျနော်တို့အတွက် တဖတ်ဖတ်ကို အပြစ်တင်ဖို့ သိပ်ကိုခက်ခဲပါတယ်။ ဒီ ကြေးနီစီမံကိန်းဒေသမှာ ထိခိုက်အနာတရတွေ ဖြစ်နေသမျှ၊ ကျနော်တို့က စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့  ဂုဏ်ဆောင်အမျိုးသမီးကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာရှိပါတယ်။ မတူကွဲပြား ခြားနားကြတဲ့ ဘယ်လိုအယူအဆကိုမဆို၊ ဘယ်လို အငြင်းပွားမှုကိုမဆို၊ ဘယ်လို နားလည်းမှုလွဲမှားခြင်းမဆို ခင်မင်ရင်းနှီးစွာနဲ့ ဆွေးနွေးညှိနှိုင်းရမယ်ဆိုတာပါ။ ဒီနည်းလမ်းက ထိတွေ့ဆက်ဆံမှုမရှိဘဲ ဆန္ဒပြနေတာထက် အများကြီးပိုကောင်းတယ့် နည်းလမ်းပါ။ ခင်များပြောတဲ့ အဖမ်းအဆီးကိစ္စမှာ ကျနော်တို့ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ သတင်းစာဖတ်ရလို့ တချို့ သော အချက်အလက်တွေ သိထားတာပဲရှိပါတယ်။ ဒီလိုတွေ ဖြစ်နေရတဲ့အပေါ်မှာ ကျနော် နားလည်းသဘောပေါက်နေတာကတော့ ထိတွေ့ဆက်ဆံမှု မရှိသေးတာပါပဲ။ ကျနော်တို့ ဘာလုပ်သင့်သလဲဆိုတော့ ကျနော်တို့ ကုမ္မဏီဘက်ကနေ ဆက်ဆံရေးကို စတင်ဖို့ပါပဲ။ မြန်မာအစိုးရနဲ့ ကျနော်တို့ရဲ့  partner ဦးပိုင်လီမီတက်ကရော ကြိုးစားလုပ်ကိုင်နေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီ ကြေးနီစီမံကိန်းအပေါ်မှာ ကျနော်တို့နဲ့ မတူကွဲပြားတဲ့အမြင်ရှိတဲ့ ဒေသခံတွေရဲ့ အဖွဲ့ဟာ သိပ်မကြီးမားဘူးလို့ ယုံကြည်နေပြီးတော့ သူတို့နဲ့ ထိတွေ့ဆက်ဆံသွားဖို့ ကျနော် အပြင်းအထန် ကြိုးစားလုပ်ကိုင်သွားမှာပါ။ သူတို့ရဲ့  လိုလားချက်တွေကို ကျနော် နားလည်းချင်ပါတယ်။ သူတို့ရဲ့  စိုးရိမ်ပူပန်မှုတွေကိုလည်း နားလည်းနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဟာ တရုတ်လူလတ်တန်းစား မိသားစုက ပေါက်ဖွားကြီးပြင်းလာတာပါ။ အခု ကျနော် ၃၇ နှစ် ရှိပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ - ကျနော် ၆ နှစ်၊ ၇ နှစ် ပထမတန်း ကျောင်းသားဘဝတုန်းက တရုတ်ပြည်အနောက်ပိုင်းက ပြည်နယ်တခုဖြစ်တဲ့ ကွေ့ဂျိုးပြည်နယ်ထဲက တောရွာလေးတရွာမှာ ကြီးပြင်းခဲ့ပါတယ်။ ကွေ့ဂျိုးပြည်နယ်ဟာ အခုလဲပဲ တရုတ်ပြည်ရဲ့  ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနဲ့ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်နေတုန်းပါ။ ခင်များ မှန်းကြည့်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ က ကျနော်တို့က ကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ကျနော် မိဘတွေက အဲဒီတုန်းက စက်ရုံတရုံမှာ အလုပ်လုပ်ခဲ့ကြတာကို ကျနော် သေချာမှတ်မိနေပါတယ်။ စက်ရုံက အားလုံးသော မိသားစုတွေဟာ ကြက်သားဟင်းတခွက်ကို ဝေမျှစားသောက်ကြရပါတယ်။ စားပွဲပေါ်မှာ ဒီတနှပ်အတွက် ဟင်းတခွက်ကို တွေ့ရပြီးနောက်မှာ နောက်တနှပ်ကို ဘယ်လိုစားကြရမလဲဆိုတာကို ကျနော်တို့ မသိကြပါဘူး။ ထမင်း နောက်တနှပ်အတွက် စိုးရိမ်ပူပန်နေကြရပါတယ်။ ဒါကြောင့် အခုအခါမှာ ကြေးနီစီမံကိန်းကြောင့် လူထုတွေက သူတို့ရဲ့  အနာဂတ်နေစဉ်ဘဝတွေအတွက် စိုးရိမ်ပူပန်နေကြတာကို ကျနော် နားလည်းသဘောပေါက်ပါတယ်။ ဒီတိုင်းပြည်ရဲ့  မြို့ ပြစီမံကိန်းတို့ စက်မှုစီမံကိန်းတို့ကို အကောင်အထည်ဖော်ကြတဲ့နေရာမှာ တချို့ သော စီမံကိန်းတွေဟာ ဒေသခံ လူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေပါတယ်။ ရေတိုမှာ ထိခိုက်နစ်နာမှုတွေကြောင့် ဒေသခံလူထုတွေရဲ့  လူနေမှုဘဝတွေ ပြောင်းလဲသွားနိုင်ပါတယ်။ အပြောင်းအလဲတွေ လုပ်ကြတဲ့နေရာမှာ ပိုပြီးကောင်းလာလေမလား၊ အဆိုးဆုံးကို ဖြစ်လာလေမလားလို့ သာမန်လူထုတွေ စိုးရိမ်ပူပန်နေကြမှာကို ကျနော် နားလည်းနိုင်ပါတယ်။ ဒီအတွက် ဖြတ်သန်းကြရမယ့်အချိန် လိုအပ်တယ်လို့ ကျနော် ထင်ပါတယ်။ နှစ်ပေါင်း ၃၀ ကြာလာတဲ့အခါမှာ ကျနော်ဟာ လူကြီးတယောက် ဖြစ်လာခဲ့ပါပြီ။ အဲဒီအချိန်မှာ တရုတ်ပြည်ဟာ ဖွံ့ဖြိုးတိုးတက်လာနေတာကြောင့် ကျနော်အတွက် ပညာရေးအခွင့်အလမ်းတွေ ပိုပြီးရရှိလာခဲ့ပါတယ်။ ကျနော်ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးရရှိခဲ့ပါတယ်။ တရုတ်ပြည်ဟာ တံခါးကိုစပြီး ဖွင့်လိုက်တာ လွန်ခဲ့တဲ့ အနှစ် (၃၀) ကပါ။ အဲဒီအချိန်ကစလို့ တရုတ်ပြည်ဟာ လမ်းကြောင်းအမှန်ပေါ် ရောက်ရှိလာခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကြာလာပြီးနောက် နိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်နေစဉ်မှာ အခုလိုပဲ တတွဲတွဲဖြစ်ပေါ်နေတဲ့ ပြဿနာတွေ၊ စိုးရိမ်ပူပန်မှုတွေ အတော်များများကို ဖြေရှင်းပြေလည်သွားစေခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း ဒီလိုပဲ ဖြစ်လာမယ်လို့ ကျနော် ခံစားနားလည်းနေပါတယ်။

ဦးရော်နီညိမ်း ။ ။ ဝမ်ပေါင်သတ္တုတူးဖော်ရေးကုမ္မဏီဟာ ကမ္ဘာတဝှမ်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေတဲ့ တရုတ်ပြည်ရဲ့  နိုင်ငံတကာအဆင့်မှီ ကုမ္မဏီကြီးတခုဖြစ်တယ်။ ဒါပေမဲ့ မြန်မာပြည်မှာက နှစ်ပေါင်း ၂၀ လောက် တရုတ်ပြည်ရဲ့  နိုင်ငံတကာအဆင့်ထက်နှိမ့်တဲ့ ဒေသခံအဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်စတဲ့ တရုတ်ပုဂ္ဂလိကကုမ္မဏီတွေက အများဆုံး စီးပွားရေး လာရောက်လုပ်ကိုင်နေကြတော့ မြန်မာလူထုရဲ့  အမြင်မှာ တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ သိပ်အမြတ်ထုတ်လွန်းတယ်။ မြန်မာပြည်က ရှိသမျှအကုန် ခွါယူတယ်။ ဘာမှမကျန်အောင်ပဲဆိုတဲ့ ခံစားမှုတွေ ဖြစ်ပေါ်နေတာကို အခု ကျနော် နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက် မြန်မာပြည်ကို ပြန်ရောက်လာတဲ့အခါ တွေ့မြင်နေရပါတယ်။ ဝမ်ပေါင်လို နိုင်ငံတကာအဆင့် တရုတ်ကုမ္မဏီက ဒီလိုအချိန်မှာမှ ကြေးနီစီမံကိန်းကို မြန်မာပြည်မှာ လာလုပ်မိတာ လွှဲမှားတဲ့အချိန်၊ လွှဲမှားတဲ့အဖြစ်အပျက်တွေ ရှိနေတဲ့နေရာမှာ လာပြီးလုပ်သလို ဖြစ်နေပါသလား။ ဝမ်ပေါင်ဟာ မြန်မာပြည်ထဲက တခြားသော အဆင့်နှိမ့် ပုဂ္ဂလိကလုပ်ငန်းတွေလို မဟုတ်ဘူး။ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် လုပ်ကိုင်ဆောင်ရွက်နေတာပါလို့ ခင်များတို့ မြန်မာလူထုကို ဘယ်လိုပြသမလဲ။
Mr. Geng Yi ။ ။ မြန်မာပြည်သူလူထုရဲ့  ခံစားမှုကို ခင်များလိုပဲ ကျနော်တို့ နားလည်းပါတယ်။ တချို့ သော ဒီလို ခံစားမှုတွေကို ကျနော်တို့က ဂရုတစိုက် ရှိရပါမယ်။ ဥပမာအားဖြင့် ဒေသခံလူထုရဲ့  အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြပါတယ်။ အလုပ်အကိုင်တွေအတွက် ပူပန်နေကြပါတယ်။ ကျနော်တို့ဟာ သတ္တုတူးဖော်ရေး ကုမ္မဏီအနေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေး စီမံချက်တွေအပေါ်မှာ အထူးပြုလုပ်ဆောင်ပါတယ်။ ကျနော်တို့ဟာ စီးပွားရေးအရ တွက်ခြေကိုက်ရေး တခုတည်းမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် မထိခိုက်၊ မပျက်စီးရေး၊ လူနေမှုဘဝတွေအရေးတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။ ဒေသခံလူထုတွေက အနာဂတ်အတွက် ပူပန်မယ်။ သူတို့ရဲ့  ခလေးတွေ ရှေ့ ရေးကို စိုးရိမ်ကြမယ်။ ကျနော်တို့က အဲဒီလို အားလုံးသော စိုးရိမ်ပူပန်မှုတွေကို နားထောင်ကြရပါမယ်။ ဒီလို စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးရေး၊ ဒေသခံလူထုတွေနဲ့ တိုင်ပင်ဆွေးနွေးကြရပါမယ်။ ကျနော်တို့က ဖြေရှင်းမှုတွေ ရရှိလာပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက် မပျက်စီးရေးနဲ့ လူနေမှုဘဝအရေးတွေအတွက် ဖြေရှင်းနိုင်မယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။ ကျနော်တို့မှာ နည်းပညာရှိတယ်။ အတွေ့အကြုံရှိတယ်။ ကျနော်တို့ရဲ့  ရင်းနှီးမြှုပ်နှံမှုလည်းရှိတယ်။ ကျနော်တို့ရဲ့  ရင်းနှီးမြှုပ်နှံမှုဟာ ဒီကြေးနီစီမံကိန်းတခုတည်းအတွက် မဟုတ်ဘူး။ ဒီဒေသတခုလုံးနဲ့ ဒေသခံလူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖြစ်တယ်။ ဒါတွေဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုရဲ့  လုပ်ထုံလုပ်နည်းတွေလည်း ဖြစ်တယ်။ ကျနော်တို့က နိုင်ငံတကာ လုပ်ထုံလုပ်နည်းတွေကို လိုက်နာတဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံတဲ့ စိတ်ရှည်သည်းခံစွာ အလုပ်လုပ်တဲ့ တရုတ်အစိုးရပိုင် သတ္တုတူးဖော်ရေးကုမ္မဏီ ဖြစ်ပါတယ်။ ရှေ့ ဆက်ပြီးတော့ ဒေသခံလူထုနဲ့ ကျနော်တို့ အလုပ်လုပ်ရပါမယ်။ တချို့ တွေလည်း သယံဇာတကြိမ်စာဆိုတာကို ပြောကြပါတယ်။

ဦးရော်နီညိမ်း ။ ။ ရှေ့ သတင်းပတ် တနင်္ဂနွေနေ့ ညချမ်းနဲ့ တနင်္လာနေ့ မနက်ခင်းတွေမှာ မြန်မာဝမ်ပေါင် ကြေးနီကုမ္မဏီ လီမီတက်ရဲ့  ဦးဆောင်ညွှန်ကြားရေးမှူး Mr. Geng Yi နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း အပိုင်း(၄)ကို ဆက်လက်ထုတ်လွှင့်သွားပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။