Thursday, June 20, 2013

လျစ်လျူရှုခံခဲ့ရသည့် အခြေခံဥပဒေ

(Mizzima)

မိမိတို့ မြန်မာနိုင်ငံသားများသည် ယခုအခါ နိုင်ငံ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ် ယခင်ကထက်ပိုပြီး အာရုံစိုက်မှု ရှိလာနေကြသည်ကို တွေ့မြင်လာရသည်။ အခြေခံ ဥပဒေအတည်ပြုခါစ ၂ဝဝ၈ ခုနှစ်ဝန်း ကျင်တွင် အဓိကပါတီကြီးတစ်ပါတီက ယင်းအခြေခံဥပဒေကို လက်မခံဟု ထုတ်ဖော်ပြောဆိုခဲ့ကာ အခြားသော နိုင်ငံရေးအင်အားစု အများအပြားကလည်း အခြေခံဥပဒေကို လျစ်လျူရှုခဲ့ကြသည်။

၂ဝ၁၁ ခုနှစ်နောက်ပိုင်းတွင် ယခင်က လုံးဝငြင်းပယ် လျစ်လျူရှုထားသည့် နိုင်ငံရေးအင်အားစုများက ၂ဝဝ၈ အခြေခံဥပဒေကို ရှေ့ဆက်ရမည့် လမ်းခရီးတွင် စီးနင်းစရာယာဉ်အဖြစ် သဘောထားကာ ယင်းဘောင်ထဲမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆီ ဆက်လက်တက်လှမ်းဖို့ စဉ်းစားလာကြသည်။ ထို့ပြင် ယမန်နှစ်က ၂ဝဝ၈ အခြေခံဥပဒေကို ရေးဆွဲပြင်ဆင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များသည်ပင်လျှင် ၎င်းတို့ ဥပဒေ ကိုပြင်ဆင် ဖြည့်စွက်ရန်လိုသည်ဆိုသည့်အချက်ကို လက်ခံကာ ဆွေးနွေးကြရန် သဘောတူခဲ့သည်။


မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့သည် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအချို့ကို မလွဲမသွေ ပြင်ဆင်ဖို့ လိုအပ်သည်ဟူသည့် အခြေခံသဘောထားအပေါ်တွင်မူ တူညီသည့် သဘောထား ရှိနေကြပြီဆိုသည့် အချက်ကမူ ကျေနပ်ဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။ ထိုအချက်ကြောင့် ယခုအခါ လူထုလူတန်းစားကို အခြေခံသည့် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား အဖွဲ့အစည်း အမျိုးမျိုးတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် ယခင်ကထက် ပိုပြီး အလေးထား ပြောဆိုဆွေးနွေးလာကြသည်ကို တွေ့မြင်လာရသည်။

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းဖွင့်ပေးမည့် ဥပဒေများ ထပ်မံပြဌာန်းရန် အပူတပြင်း လိုအပ်နေသည်ဟူသောအချက်ကို ပြည်သူများ သိရှိရိပ်မိလာ
သောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်မှ ပြန်ကြည့်လျှင်မူ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ဥပဒေတချို့သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်နေစေသည်ဟူသော အဓိပ္ပာယ် လည်း ဖြစ်စေနေပြန်သည်။ ထိုအခါ မိမိတို့ အနေနှင့် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတချို့ကို မလွဲမသွေ ပြင်ဆင်ခြင်းနှင့် ဥပဒေ အသစ်တချို့ ပြဌာန်းဖြည့်စွက်ခြင်းများ ပြုလုပ်ကြရမည်မှာ အသေအချာ ပင် ဖြစ်သည်။

လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတချို့ ပြင်ဆင်ရန်မှာ ပြောသလောက် မလွယ်ဟုလည်း နိုင်ငံရေး
လေ့လာသူများက ပြောဆိုဝေဖန်နေကြသည်။ အခြေခံအားဖြင့် အုပ်စုနှစ်စုခွဲထားပြီး ပထမအုပ်စုထဲတွင် ပါဝင်သည့် အခြေခံဥပဒေအပိုဒ်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းအထက်
ထောက်ခံမှုရပါက ပြင်ဆင်နိုင်မည်ဖြစ်ကာ ဒုတိယအုပ်စုထဲတွင် ပါဝင်သည့် အပိုဒ်များကို ပြင်ဆင်လိုပါက အထက်ကလို ၇၅ ရာခိုင်နှုန်း နှင့် မပြီးတော့ပဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပါ လုပ်ဆောင်ရမည်ဟု ပြဋ္ဌာန်း ထားကြောင်း တွေ့ရသည်။

လူအများစိတ်ဝင်စားသည့် သမ္မတအဖြစ် အရွေးချယ်ခံခွင့်ရှိသူ၏ အရည်အချင်း သတ်မှတ်ချက်ဥပဒေလိုမျိုးမှာ ဒုတိယအုပ်စုတွင် ပါဝင်သကဲ့သို့ တိုင်းရင်းသား လူမျိုးစုများနှင့် သက်ဆိုင်သည့် နယ်မြေပိုင်းခြားခြင်းဆိုင်ရာ ကိစ္စရပ်များမှာလည်း ယင်းဒုတိယ အုပ်စုထဲတွင် ပါဝင်နေခြင်းဖြစ်သည်။

မှန်ပါသည်။ မိမိတို့သည် လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အချက်အချို့ကို မလွဲမသွေ ပြင်ဆင်ကြ ရမည်သာဖြစ်သည်။ အခြေခံရမည့် သဘောထားမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုသည်မှာ လူတစ်ဦး တစ်ယောက်အကျိုး၊ လူတစ်စုအကျိုးကို ကိုယ်စားပြုသည့် ဥပဒေမဖြစ်စေဘဲ မိမိတို့ပြည်သူအားလုံး၏အကျိုးကို ကိုယ်စားပြုသည့်ဥပဒေများ ဖြစ်ဖို့သာ အရေးကြီးပေသည်။

လတ်တလော မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ချောချောမောမော ရှေ့သို့ တက်လှမ်းနိုင်ရေး
ပြည်သူပြည်သားများ လိုလားသည့် မတူကွဲပြားသည့်အမြင် ရှိသည့်တိုင်စည်းလုံးမှုရှိစွာ တိုးတက်မှုသို့ တက်လှမ်းနိုင်ရေး၊ နိုင်ငံတကာ အသိုင်းအဝန်းကလည်း မုဒိတာပွားနိုင်မည့်ရလဒ် ပေါ်ထွန်းရေးမှာ အခြေခံ ဥပဒေကို အောင်မြင်စွာ ပြုပြင်နိုင်ရေး ဖြစ်သည်ဟုဆိုလျှင် မှားအံ့မထင်ပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။