Monday, June 17, 2013

ပြည်ထဲရေးရဲ့ ဗရမ်းဗတာကြောင့် အစိုးရထိုင်ခုံ လှုပ်နေရ

(စည်းလုံးခြင်းရဲ့အင်အား)

၂၀၁၂ ခုနှစ် ဇွန်လ စစ်တွေမြို့တွင်း လမ်းပေါ်မှ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ပြုပြင်ပြောင်းလဲရေးကို အစိုးရက တစိုက်မတ်မတ် လုပ်နေပေမဲ့ ပြည်ထဲရေးရဲ့ လုပ်ကိုင်ပုံကြောင့် ဗရမ်းဗတာ ဖြစ်နေရလို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူလူထုက အစိုးရကို ပြစ်တင် ဝေဖန်လျက်ရှိကြောင်း စစ်ဖက်နီးစပ်သူများက အခုလို တင်ပြလာပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး အဓိကရုဏ်းများနဲ့ လက်ပန်းတောင်းတောင် အရေးအခင်းများတွင် ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ မဆင်မခြင် လုပ်ရပ်များကြောင့် နိုင်ငံတကာရော ပြည်တွင်း ပြည်သူလူထုကပါ စိုးရိမ်စိတ်ဝင်လာကာ အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုဒါဏ်ကို အလူးအလဲ ခံနေရပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မွတ်ဆလင် ဘာသာရေး ဆရာများ အစုလိုက် အပြုံလိုက် အသတ်ခံရမှုနဲ့ စပ်လျဉ်းပြီး ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးစီးတဲ့ စုံစမ်းရေး ကော်မတီရဲ့ အစီရင်ခံစာဟာ ယနေ့ထိ ကွဲကွဲပြားပြား ပွင့်လင်းမြင်သာမှု မရှိသေးတာ တွေ့ရပါတယ်။ ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ဟာ D.S.A – 24 က ဖြစ်ပြီး တပ်မှာ နေထိုင်စဉ်က လူကြီးများကို အဖားတော်လွန်းလို့ ရာထူးတက်ရောက်လာသူ ဖြစ်ကာ အရည်အချင်း ပြည့်ဝမှုကြောင့် မဟုတ်ကြောင်း ထိပ်တန်း စစ်အရာရှိကြီး တစ်ဦးက ဤ၀က်ဘ်ဆိုဒ်မှာ တင်ပြခဲ့ဖူးပါတယ်။ သူ့ရဲ့အကြောင်း တင်ပြချက်ကို ဒီနေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။


ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်

တဖန် ရခိုင်ပြည် ဘင်္ဂါလီများ အရေးအခင်းမှာ ပြည်ထဲရေးဟာ တရားဥပဒေ စိုးမိုးရေးကို တိကျစွာ ကိုင်တွယ်ရေး  မလုပ်ဆောင်နိုင်ခဲ့လို့ စစ်တပ်ကို ခေါ်ယူရပြီး နိုင်ငံတကာကပင် မြန်မာအစိုးရကို မျက်စိထောင့်ဒေါက် ကြည့်ရှုနေတာကို ခံနေရဆဲ ဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဟာ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကို အဓိက ကိုင်တွယ်ရတဲ့ ဌာနဖြစ်ပြီး (တိုင်းဒေသကြီး၊ ပြည်နယ်) အဆင့်မှသည် ခရိုင်၊ မြို့နယ်အထိ ပါဝင်ကာ (တိုင်းဒေသကြီး၊ ပြည်နယ်) ၀န်ကြီးချုပ်များရဲ့ အတွင်းရေးမှူး တာဝန်ကို ရယူထားရပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးရှိ ဝန်ထမ်းများက ကွယ်ရာမှာ အထွေထွေကို အုပ်ထားတဲ့ ဌာနလို့ နောက်ပြောင် ခေါ်ဝေါ် ခံရလောက်အောင် နေရာတကာပါပြီး အစွမ်းထက်ပါတယ်။

ယခင် နအဖခေတ်က မဝတဥက္ကဋ္ဌ နေရာကို တပ်မှအရာရှိများက ဖယ်ပေးပြီးနောက် ထိုဥက္ကဋ္ဌ ရာထူးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိများက လွှဲပြောင်း ရယူခဲ့ပါတယ်။ ထိုဌာနမှ ဝန်ထမ်းအများစုဟာ အရက်လိုင်စင်ကဲ့သို့ အသေးအဖွဲ ကိစ္စကအစ လာဘ်ပေးလာဘ်ယူ ကိစ္စမျိုးတွေ အားလုံးမှာ ပါဝင် ပတ်သက်နေတာမို့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် နှောင့်နှေး ကြန့်ကြာစေပါတယ်။ တဖန် ပြည်ထဲရေး လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အများစုဟာ စစ်တပ်မှ အသွင်ပြောင်းပြီး လာကြသူများဖြစ်ကာ ရဲချုပ်မှသည် ဒုရဲအုပ်အထိဟာ ဂွင်ကောင်းလို့ဆိုကာ စစ်တပ်မှ ပြောင်းရွေ့လာခဲ့သူ အများစု ဖြစ်ကြပါတယ်။

ယခုအခါ မြို့ပြအုပ်ချုပ်ရေး ကိစ္စတွေကို အထွေထွေ အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တို့က လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝ ရယူကာ လုံးဝနီးပါး ချုပ်ကိုင်ထားပြီး ဖြစ်ပါတယ်။ အရေးအခင်းများကို ရဲတပ်ဖွဲ့ဝင်များက နှိမ်နှင်း ရှင်းလင်းရာမှာ မိတ္ထီလာမြို့ အရေးအခင်းကို ကြုံတွေ့စဉ် အထက်အမိန့် စောင့်နေရတယ်ဆိုလို့ ဆုံးရှုံးမှု ကြီးမားသွားကာ အသံဗလံများ ပေါ်ထွက်ခဲ့ပါတယ်။ ဒါဟာ စစ်တပ်ရဲ့ အမိန့်ပေး စနစ်အရ အထက်အမိန့် မရဘဲ ဘာမှ မလုပ်ရဆိုတဲ့ မူဝါဒမျိုး ရဲတပ်ဖွဲ့ဝင်များအား ရိုက်သွင်းထားတာ ပေါ်လွင်နေပါတယ်။ မိတ္ထီလာဖြစ်စဉ် ဖြစ်ပွားပြီး မကြာခင် အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို အကြမ်းဖက် တိုက်ခိုက်မယ့် မွတ်ဆလင် အစွမ်းရောက် ဝါဒီများကို အင်ဒိုရဲတွေက ချက်ချင်း Action ယူ ဖေါ်ထုတ်ပြနိုင်ခဲ့လို့ မြန်မာရဲတွေ အရှက်ရစေပါတယ်လို့ ရဲဝန်ထမ်း တစ်ဦးက ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့ ၂၀၁၃ ခုနှစ် မိတ္ထီလာ အရေးအခင်း စတင် ဖြစ်ပွားရာ အိရွှေစင် စိန် ရွှေ ရတနာ ရောင်းဝယ်ရေး ဆိုင်ရှေ့ လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ

ရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးမှာ လက်ဦးမှု၊ ကြိုတင် သတင်းရရှိမှု၊ အမှုဂွင်းဆက်များ ဖေါ်ထုတ်မှု၊ သက်သေ အထောက်အထားများ ဆက်စပ် ရှာဖွေမှု၊ အမှုကို ခိုင်လုံအောင် တည်ဆောက်ပြီး တရားစွဲဆိုနိုင်အောင် စီမံမှု၊ ရဲလုပ်ထုံးလုပ်နည်း စတာတွေဟာ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်း အမိန့်ပေးစနစ်မျိုးနဲ့ ကိုင်တွယ်လို့ မရတာကို ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုတစ်ယောက် သဘောပေါက် နားလည်ခြင်း မရှိတာကိုက ရင်လေးဖွယ် ဖြစ်ပါတယ်။

လက်ပန်းတောင်းတောင် အရေးအခင်းမှာ စစ်တပ်ပုံစံမျိုး ရန်သူစခန်းကို Down Attack ဖြင့် ကျားထိုးသလို ဆန္ဒပြသပိတ်စခန်းအား တက်သိမ်းခိုင်းမိလို့ ရဟန်းသံဃာတွေ အတွင်းလူနာ ဖြစ်ကုန်လောက်အောင် ထိခိုက်ဒဏ်ရာ ရကုန်တာကြောင့် ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခံခဲ့ရပါတယ်။ ဒါနဲ့ဘဲ ဒုဗိုလ်ချုပ်ကြီးကိုကို ခမျာ ဒေါသူပုန်ထပြီး လက်အောက်ကို ဖိကြိမ်း ဆူပူငေါက်ငမ်းခဲ့တယ်လို့ ရဲချုပ်ရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာကြောင့် ပြည်ထဲရေး ဝန်ကြီးတစ်ယောက် အသက်ရှု ချောင်သွားရသလို သမ္မတဦးသိန်းစိန်ရဲ့ မဟာကရုဏာထားပြီး ကာကွယ်ပေးထားတာကြောင့်လည်း သက်သာခွင့် ရသွားတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို

ဦးနေဝင်း လက်ထက်တုံးက အချုပ်ကားပေါ်မှာ ကျောင်းသားတွေ အသက်ရှုကြပ်ပြီး သေဆုံးကုန်လို့ ပြည်ထဲရေးဝန်ကြီးကို တန်းဖြုတ်ခဲ့ ဖူးပါတယ်။ ဒုဗိုလ်ချုပ်ကြီးကိုကို D.S.A – 19 ဟာ ကက (ကြည်း) စစ်ဆင်ရေးမှာ စစ်ဦးစီး ဗိုလ်မှူးချုပ် (စစ်ဆင်ရေး) နဲ့ တပ်မ (၁၁) တပ်မမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကစထမှူး၊ အဲဒီနောက် ဒုတပ်ချုပ် အလျောင်းအလျာဖြစ်ခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဖယ်ရှားခံရလို့ သူပါ ရောထွေးပါကာ ပြည်ထဲရေးဆိုတဲ့ ငါးခြောက်ပုံပေါ် ရောက်သွားတာ ဖြစ်ပါတယ်။ သူတောင်ပိုင်းတိုင်း တိုင်းမှူး ဘဝတုန်းက တပ်ရင်းမှူးတွေကို စီမံချက်တင်ခွင့် အခွင့်အရေး မပေးဘဲ မြေပြင် မရောက်ဖူးတဲ့ အတွေ့အကြုံ နည်းပါးမှုကို လစ်လျူရှုကာ ဇွတ်အတင်း တက်ခိုင်းတာကြောင့် ဗျူဟာမှူးနဲ့ တပ်မမှူးတွေ ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒီလို ဇွတ်အတင်း လုပ်တတ်တဲ့ စရိုက်ကြောင့် သူ့အရည်အချင်းနဲ့ ပြည်ထဲရေးဝန်ကြီး ရာထူးကို ဆက်လက် ကိုင်ခွင့်ပြုထားတာဟာ အစိုးရထိုင်ခုံ လှုပ်ရုံသာမက ထိုင်ခုံကျိုးဖို့သာ ရှိနေကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။