Thursday, June 6, 2013

ဇူလိုင် ၇ အရေးတော်ပုံကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံးစမ်းပေးပါ” ဦးလှရွှေ ပြော

(Mizzima)

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ စစ်အစိုးရ အုပ်ချုပ်စဉ် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြနေသည့် ကျောင်းသားများကို အစိုးရတပ်မှ အကြမ်းဖက် ပစ်ခတ်ခဲ့သည့်
ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ ဖော်ထုတ်ပေးရန် ယင်းကာလက ကျောင်းသားခေါင်းဆောင် ဦးလှရွှေ က တောင်းဆိုလိုက်သည်။

၁၉၇၄ အလုပ်သမားအရေးအခင်းနှင့် ၁၉၇၄၊ ၇၅၊ ၇၆ ခုနှစ် ကျောင်းသား အရေးအခင်းများ၏ အောက်မေ့ဖွယ်အဖြစ် ရန်ကုန်မြို့တွင် ဇွန်လ ၆ ရက်နေ့က ပြုလုပ်သည့် အထိမ်းအမှတ် အခမ်းအနားတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။



“ဇူလိုင် ၇ လိုမျိုး အကြီးအကျယ် သတ်ဖြတ်ခံရတဲ့ သပိတ်မျိုး နောက်ထပ် ဒီလို မဖြစ်တော့ဘူးလို့ ဘယ်သူ တာဝန်ခံမလဲ။ ဒါကြောင့် ဇူလိုင် ၇ အရေးတော်ပုံကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံးစမ်းပေးပါ” သူက ဆိုသည်။

ထိုနေ့က အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကျောင်းသား ၆၈ ဦး ဆေးရုံတင်ခဲ့ရပြီး ၁၆ ဦး သေဆုံးခဲ့ကြောင်း အရေးအခင်းပြီး နောက်တနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန် ဆေးရုံအုပ်ကြီးက တရားဝင် ပြောကြားခဲ့သည်။

သို့သော်ကျောင်းသား ထောင်နှင့်ချီ ရှိသော ကျောင်းသားများကို လက်နက်ကိုင် ၅၀၀ ခန့်က ဝိုင်းဝန်း အကြမ်း ဖက်ခြင်းဖြစ်၍ တရားဝင် ထုတ်ပြန်သည့် ဦးရေထက် အသေအပျောက်နှင့် ဒဏ်ရာရသူ ပိုများမည်ဟု ထိုအဖြစ် အပျက်ကို ကိုယ်တိုင်ကြုံခဲ့သည့် ကျောင်းသားအများစုက ယုံကြည်ကြသည်။

“ဘယ်လောက် သေတယ်ဆိုတာ မသိဘူး။ ကျောင်းသားတွေ ထင်တာကတော့ ရာကျော်လောက် သေတယ်လို့ မှန်းတယ်” ဟုလည်း ဦးလှရွှေ က ဆိုသည်။

ထိုသို့ ကျောင်းသားဆန္ဒပြပွဲများကို ပစ်ခတ်နှိမ်နင်းပြီး နောက်တနေ့ ဇူလိုင် ၈ ရက် နံနက် မလင်းမီ အချိန်တွင် လွတ်လပ်ရေးတိုက်ပွဲဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦအား ဒိုင်းနမိုက် များဖြင့် ဖြိုချဖျက်ဆီးပစ်ခဲ့သည်။

ဇူလိုင် ၇ အရေးအခင်းသည် ၁၉၆၂ မတ်လတွင် ပါလီမန် အစိုးရထံမှ စစ်တပ်က အာဏာ သိမ်းလိုက်သည်ကို ဆန့်ကျင်သည်မှ အစပြုခဲ့ပြီး ဇူလိုင် ၂ ရက်တွင် တက္ကသိုလ် စည်းကမ်းများ ထပ်မံထုတ်ခြင်းကို ကျောင်းသားများက မကျေနပ်သဖြင့် အတိအလင်းသပိတ်မှောက်မှုများကြောင့် စစ်အစိုးရက နှိပ်ကွပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကျောင်းသားဆန္ဒပြမှုအား ပစ်ခတ်နှိမ်နင်းကာ ကျောင်းသားသမဂ္ဂ အဆောက်အဦအား မိုင်းခွဲဖြိုချပြီးနောက် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်သို့ “ဒါး ဒါးချင်း - လှံ လှံချင်း” ဟု သမိုင်းဝင်မိန့်ခွန်း
ပြောကြားသွားခဲ့သည်။ ကျောင်းသား သမဂ္ဂမှာ ထိုစဉ်က လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသော ကွန်မြူနစ်များ၏ မြေပေါ်အင်အားစုဟု စစ်အစိုးရ သတ်မှတ်ချေမှုန်းခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေဝင်းမှ ဦးနေဝင်း အဖြစ် ၂၆ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံ သပိတ်များကြောင့် ရာထူးမှ ဆင်းပေးရမည့် နောက်ဆုံးမိန့်ခွန်းတွင် “စစ်တပ်ဆိုတာ မိုးပေါ်
ထောင်မခြောက်ဘူး။ ပစ်ရင် တည့်တည့် မှန်အောင် ပစ်တယ်” ဟူသော နောက်တဖန် သမိုင်းဝင်မိန့်ခွန်း မြွက်ကြား ကာ အာဏာမှ ဆင်းသွားခဲ့သည်။

ဇူလိုင် ၇ ရက်နှင့် သမဂ္ဂ မိုင်းခွဲမှု လုပ်ရပ်များတွင် မည်သူ အမိန့်ပေး၍ မည်သူ အကောင်အထည် ဖော်ခဲ့သည်နှင့် ပတ်သက်၍ ကိုယ်တွေ့မှတ်တမ်းများ ရေးသားအစီရင်ခံရန် ထိုစဉ်က ပါဝင်ပတ်သက်သူများကို ဗိုလ်ချုပ်ကြီးနေဝင်း က စေခိုင်းခဲ့ပြီး ထိုမှတ်တမ်းများ လမ်းစဉ်ပါတီ ဌာနချုပ်တွင် သိမ်းဆည်းထားသည်ဟု သတင်းထွက်ပေါ်မှုများ လည်း ရှိသည်။

၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ဗိုလ်မှူးချုပ် အောင်ကြီး၏ အိတ်ဖွင့်ပေးစာတွင်လည်း ထိုအဖြစ်အပျက်များ
ပြန်ပေါ်လာခဲ့သည်။

ယခုအချိန်တွင် ကျောင်းသားလှုပ်ရှားမှု သမိုင်းစာအုပ်များလည်း ပြည်ပတွင် ထုတ်ဝေထားရှိပြီး ဖြစ်ကာ ၁၉၆၂
ကျောင်းသားသမဂ္ဂ မျိုးဆက်များလည်း သက်ရှိထင်ရှား ကျန်သူများလည်း ရှိနေဆဲဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။