Thursday, June 6, 2013

ကလေးကန့်သတ် ဒေသန္တရအမိန့် လုံးဝမရှိဟု ပြည်နယ်အစိုးရ ဆိုပြန်

(Mizzima)

လက်ရှိအစိုးရ လက်ထက်၌ ရခိုင်ပြည်နယ်တွင် ကလေးနှစ်ဦးထက်ပို မမွေးရန် ကန့်သတ် ထားသော ဒေသန္တရအမိန့် လုံးဝမရှိကြောင်း ပြည်နယ်အစိုးရ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ပြောဆိုလိုက်သည်။

ဇွန်လ ၆ ရက်နေ့ မနက် ၉ နာရီ ၃၀ က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ပြုလုပ်သော ပြည်နယ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲ၌ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။


“ကျနော် လေ့လာချက်အရ ဒီအစိုးရ လက်ထက်မှာ ဒီလို ကလေးနှစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ အမိန့်မျိုး လုံးဝ မရှိဘူး” ဟု ဥက္ကဋ္ဌ ဦးလှသိန်း က ပြောသည်။

တလင် တမယား စနစ်သာ ကျင့်သုံးရန်နှင့် သားသမီး နှစ်ဦးသာ ယူရန် ဒေသန္တရအမိန့်ကို ဘူးသီးတောင်နှင့်
မောင်တောမြို့နယ်များအတွက် မေလ တတိယအပတ်အတွင်းက ထုတ်ပြန်ထားပြီးဖြစ်ကြောင်း အဆိုပါ
ပြည်နယ်အစိုးရဖွဲ့ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဦးဝင်းမြိုင် က မေလ ၂၂ ရက်နေ့တွင် မဇ္ဈိမကို
ပြောဆိုခဲ့သည်။

“ကုန်ခဲ့တဲ့ ရက်ပိုင်းကပဲ မောင်တောခရိုင်မှာ ဒီအမိန့်ကို ထပ်မံ ထုတ်ပြန်လိုက်တာပါ။ ဒါက အခုမှ ပြဋ္ဌာန်းတဲ့ အမိန့် မဟုတ်ဘူး။ အရင်ကတည်းက ရှိပြီးသား ဖြစ်တယ်။ စုံစမ်းရေး ကော်မရှင်ကလည်း မောင်တောခရိုင်မှာ တရားမဝင် ကလေးပေါက်ဖွားနှုန်း အရမ်းများနေတာကို ထောက်ပြထားတာလည်း ရှိတယ်။ ဒီအမိန့်ကို အကောင်အထည်ဖော်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ဘူး” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင်မူ ဥက္ကဋ္ဌ ဦးလှသိန်းက “ကျနော်တို့ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောဆိုချက်တွေကို ကျနော် ဘာမှ မပြောလိုဘူး။ ကျနော်က အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်တာမို့တာဝန် ပိုရှိတယ်။ သေချာတာက ဒီအမိန့်နဲ့ အရေးယူခံထားရတာ တယောက်မှ မရှိဘူး” ဟု သတင်းထောက်များအား ပြောဆိုလိုက်သည်။

ထိုသို့ ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူများအကြား ကွဲလွဲစွာ သတင်းထုတ်ပြန်နေမှုများနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် အတွင်းရေးမှူး ဦးဝင်းမြိုင်သို့ မဇ္ဈိမက ဆက်သွယ်သော်လည်း မရရှိနိုင်သေးပေ။

မူဆလင် ဘာသာဝင်များ အများစု နေထိုင်ရာ မောင်တောခရိုင်တွင် အဆိုပါ ဒေသန္တရ အမိန့် ထုတ်ပြန်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် လူ့အခွင့်အရေးနှင့် နိုင်ငံရေး လှုပ်ရှားသူမျာအကြား ဂယက်များ ဖြစ်ပေါ် လာခဲ့သည်။

အကယ်၍ ထိုအမိန့်ထုတ်ပြန်ကြောင်း မှန်ကန်ပါက လူ့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်း NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ခဲ့သလို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း ဝေဖန်ခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ NLD များကမူ ထိုအမိန့်ကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို ဇွန်လ ၅ ရက်နေ့ကလည်း စစ်တွေမြို့တွင် ဒေသခံများနှင့် သံဃာတော်များ စုပေါင်းကာ အင်အား ၃,၀၀၀ ခန့်ဖြင့် ထောက်ခံဆန္ဒပြပွဲ ကျင်းပခဲ့ကြသည်။

နေပြည်တော်ရှိ ဗဟိုအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်းအမိန့်နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရန် ရှိကြောင်း ဗီအိုအေ အမေရိကန်အသံမှတဆင့် ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြင်ဆင်ပြောဆိုမှုမှာ ဖိအားတစုံတရာ မရှိခဲ့ကြောင်း ဥက္ကဋ္ဌ ဦးလှသိန်း က ပြောဆိုသွားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။