Monday, September 2, 2013

တပ်မတော်သားသမဂ္ဂ ထူထောင်ကြ

(စည်းလုံးခြင်းရဲ့အင်အား)

ရန်ကုန်တိုင်း တိုင်းမှူး (ဟောင်း) ဗိုလ်ချုပ် ထွန်းသန်းကို အမှတ် (၈၂) ခြေလျင်တပ်ရင်း တွေ့ဆုံပွဲတွင် တွေ့ရစဉ်

လက်ရှိတပ်မတော်တွင်းက စစ်သည်တွေရဲ့ဘဝ နုံချာစုတ်ပြတ်လွန်းပြီး အတွေးအခေါ်တွေ ဖျက်ဆီးခံထားရ တာမျိုး အနာဂတ်မြန်မာနိုင်ငံတပ်မတော်မှာ မဖြစ်ဖို့အရေးကြီးလှပါတယ်။ 

တပ်မတော်သားတွေ မတရားသွေးစုတ် ချယ်လှယ်ခံရတာ၊ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အဖြည့်ခံ အသုံးချခံဖြစ်ရတာမျိုးမဖြစ်ဖို့နဲ့ နိုင်ငံ ကာကွယ်ရေးမဟုတ်တဲ့ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးအတ္တလိုက်စားအကျင့်ပျက်မှုကို တိုက်ဖျက်ဖို့နည်းနာ တွေ ရှာကြံကျင့်သုံးရမှာဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်အတွက် နောင်တချိန် မြန်မာ့တပ်မတော်အတွင်းမှာ နိုင်ငံ တကာက လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေလို တပ်မတော်သားသမဂ္ဂ (ဝါ) စစ်အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထူထောင်ဖို့ စဉ်းစားသင့်ပါတယ်။


ယေဘုယျအားဖြင့် စစ်တပ်ဆိုတာ အမိန့်အာဏာနဲ့ အကြပ်ကိုင်မှုအပေါ် အခြေခံပြီး တည်ဆောက်ထားတာ၊ တဦးချင်း လွတ်လပ်ခွင့်တွေကို ဖျက်သိမ်းထားတာဖြစ်တယ်။ ‘အထက်မှအောက်’ ချုပ်ကိုင်မှုနဲ့ ဖွဲ့စည်းထားတဲ့စစ်တပ်ဟာ တကယ်တော့ ဒီမိုကရေစီရဲ့ အခြေခံမူတွေနဲ့ ကွဲလွဲနေပြီး အာဏာရှင်အဖွဲ့သဘောဖြစ်နေပါတယ်။

စစ်သားတယောက်ဟာ ပုဂ္ဂိုလ်ရေးကန့်သတ်ချုပ်ချယ်မှုတွေကို လက်ခံရတာ ဓမ္မတာပါဘဲ။ ဒါပေမဲ့ စစ်သား တယောက်ရဲ့ လွတ်လပ်ခွင့်တွေကို ကန့်သတ်ရာမှာ သူ့စစ်ရေးတာဝန်အရ လိုအပ်သလောက်ကိုဘဲ ကန့်သတ်သင့်ပါ တယ်။ ဒီကန့်သတ်ချုပ်ချယ်မှုတွေကိုလည်း ဥပဒေနဲ့ တိတိကျကျသတ်မှတ်ထားရပါမယ်။ အထက်အရာရှိတွေက စိတ်ထင်သလို အာဏာအလွဲသုံးစားပြီး ကန့်သတ်တာမျိုး မဖြစ်စေသင့်ပါ။ တနည်းအားဖြင့်ပြောရရင် တဦးချင်းအခွင့် အရေးတွေ ကာကွယ်စောင့်ရှောက်မှုကို စစ်စည်းကမ်း စစ်စွမ်းရည်ထက်မြက်မှုနဲ့ အကောင်းဆုံးပေါင်းစပ်ရမှာ ဖြစ်ပါတယ်။

ဒါတွေကို ဖြစ်မြောက်စေဖို့အတွက် ၁၉၇ဝ ခုနှစ်များအစောပိုင်းကစပြီး ဥရောပတိုက်မကြီးက တပ်မတော်တွေ အတွင်း မှာ တပ်မတော်သားသမဂ္ဂတွေ စတင်ထူထောင်လှုပ်ရှားလာခဲ့ကြပါတယ်။ တပ်မတော်သားသမဂ္ဂကို လိုလားထောက်ခံသူတွေဘက်ကပြောတာက ဆုံးရှုံးလျော့ကျနေတဲ့ တပ်မတော်သားတဦး ချင်းရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့နဲ့ ကာကွယ်ဖို့ (တရားစီရင်ရေးစနစ်တိုးတက်စေဖို့၊ စစ်တရားရုံးမှာခုခံချေပခွင့် တိုးတက်စေဖို့၊ အခြေခံပြည်သူ့အခွင့်အရေးတွေ ကာကွယ်ဖို့)၊ လုပ်ငန်းခွင်အခြေအနေတိုးတက်ဖို့ (အလုပ်အကိုင် သတ်မှတ်ချက် သို့မဟုတ် တာဝန်ခွဲဝေမှု ရှင်းလင်းစေဖို့၊ အပိုအလုပ်ချိန်တွေလျှော့ချဖို့၊ အဓိပ္ပာယ်မဲ့ ဖက်တိတ်အလုပ် တွေ ဖျက်သိမ်းဖို့၊ ဘေးကင်းရေးနဲ့ ကျန်းမာရေးအချက်အလက်တွေ တိုးတက်စေဖို့)၊ ရုပ်ပိုင်းဆိုင်ရာခံစားခွင့်များ ကာကွယ်ဖို့ (လစာနဲ့ငွေကြေးခံစားခွင့်များ၊ အိုးအိမ်၊ အငြိမ်းစားကိစ္စ၊ သွားဖက်ဆိုင်ရာအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့လေ့ကျင့်ရေး၊ ခရီးစရိတ်၊ အပန်းဖြေအနားယူခွင့်၊ တပ်တွင်းသမဝါယမဆိုင်-သက်သာဆိုင် ခံစားခွင့်များ)၊ မူဝါဒနဲ့ရာထူးကိစ္စ (နိုင်ငံရေးအရ ကိုယ်စားပြုနိုင်ရေး၊ အထူးအကျိုးစီးပွားအုပ်စုအရ ကိုယ်စားပြုနိုင်ရေး၊ ရာထူးတိုးရေး၊ စစ်သားစုဆောင်းရေးစံနှုန်းများ၊ ယူနီဖောင်းဝတ်စားဆင်ယင်မှုစည်းမျဉ်းများ၊ အလုပ်အကိုင်အရည် အချင်းသတ်မှတ်ချက်များ၊ ထုံးတမ်းစဉ်လာများ၊ အထူးပင်ပန်းဆင်းရဲတာဝန်၊ ကိုယ်လက်ကြံ့ခိုင်ရေးစံနှုန်းများ၊ လစာ မညီမျှမှုများ၊ တပ်ထုတ်ခံရမှု၊ လုပ်သက်ခံစားခွင့်၊ လူမှုဖူလုံရေး)၊ ဘဝအရည်အသွေးတိုးတက်ရေး (အတူတကွ ဆုံးဖြတ်ဆောင်ရွက်ရေး၊ အလုပ်သမားဒီမိုကရေစီ၊ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာ၊ ဗျူရိုကရေစီယန္တရား လျှော့ချရေး၊ ဖြုန်းတီး လေလွင့်မှုလျှော့ချရေး၊ စစ်ဘက်နှင့်အရပ်ဘက် ပေါင်းစည်းရေး) တို့အတွက် သမဂ္ဂလိုအပ်တယ်လို့ ပြောကြပါတယ်။

မြန်မာ့တပ်မတော်အနေအထားအရပြောရရင် အခြေခံစစ်သည်အခွင့်အရေးတွေကာကွယ်ဖို့၊ တရားခံဘက်က သက်သေအထောက်အထား တင်ပြနိုင်အောင် အချိန်လုံလောက်စွာပေးဖို့၊ နအဖတပ်ရဲ့ အမြင်ကပ်ပုဒ်မ ၆၅ သို့မဟုတ် စစ်စည်းကမ်းဖောက်ဖျက်မှုပုဒ်မ သုံးစွဲမှုအား အထက်အရာရှိများက လိုရင်လိုသလို ဖိနှိပ်မှု မပြုလုပ်ဖို့၊ ပုဂ္ဂိုလ်ရေး အာဃာတတရားဖြင့် နှိပ်ကွပ်ခြင်းမပြုလုပ်ဘဲ သက်သေအထောက်အထားမခိုင်လုံပါက အမှုမှ ဂွင်းလုံးကျွတ်လွှတ်ကာ စွပ်စွဲခံရသူစစ်သည်အား လက်ရှိတပ်မှ ပြောင်းရွှေ့ခွင့်ပြုဖို့၊ ‘ဒါဘာ’ ခေါ် တပ်တွင်းဆန္ဒဖော်ထုတ်ပွဲတွေမှာ တဦးချင်း ကိုယ်ပိုင်နံပတ်ပြော သတင်းပို့ခြင်းထက် လျှို့ဝှက်ဆန္ဒ ရေးသားတင်ပြခွင့် ဖွင့်ပေးဖို့၊ ဆန္ဒဖော်ထုတ်ပွဲတွေက တင်ပြချက်တွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့၊ ကြံ့ဖွတ်လို နအဖဒေါက်တိုင်အဖွဲ့အစည်းတွေ၊ အရာရှိကြီးတွေက စစ်သည်လုပ်အားကို ညှစ်ထုတ်တဲ့ လုပ်အားပေးဖက်တိတ်တွေ ဖျက်သိမ်းဖို့၊ မီးဖွားခွင့်၊ ဆေးပင်စင်၊ ချပ်ဝတ်တန်ဆာနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ သတ်မှတ်ချက်နဲ့အညီ ရ မရ၊ သာမန်ရိက္ခာ တိုက်ခိုက် ရေးရိက္ခာ အပိုဆောင်းနို့ဆီ၊ အာမီရမ် ခွဲတမ်းအပြည့် တကယ်ရ မရ၊ ရေး-ထောက်ကိစ္စတွေကို လာဘ်မထိုးရဘဲ အမှန် အကန်ခံစားခွင့်ရဖို့တွေအတွက် သမဂ္ဂပုံစံနဲ့ လှုပ်ရှားအရေးဆိုဖို့လိုတယ်လို့ တပ်မတော်သားတွေက မြင်ကြပါတယ်။

တပ်မတော်သားသမဂ္ဂဖွဲ့စည်းရေး ဆန့်ကျင်သူတွေဘက်ကပြောတာကတော့ စစ်တပ်ရဲ့သဘာဝဖြစ်တဲ့ တဦးချင်း ထက် အဖွဲ့အစည်းကိုဦးစားပေးတာ ပျက်သွားမယ်၊ ယေဘုယျအားဖြင့် အလုပ်သမားသမဂ္ဂတွေဟာ ရန်လိုတဲ့သဘာဝ ရှိပြီး သပိတ်မှောက်ဆန္ဒပြတာတွေ အားသန်လာမယ်၊ သမဂ္ဂတွင်း ဗျူရိုကရေစီ ကြီးသလို သမဂ္ဂကြောင့် လုပ်ငန်းခွင် အတွင်းမှာကို ဗျူရိုကရေစီအဆင့်တွေပိုလာမယ်လို့ ဆိုပါတယ်။ နိုင်ငံရေးဂယက်အနေနဲ့ စစ်တပ်ဟာ နိုင်ငံရေး ဆံလာမယ်၊ အရပ်ဖက်အာဏာပိုင်ထိန်းချုပ်မှု ပျက်ယွင်းသွားမယ်၊ စုပေါင်းအရေးဆိုတာဖြစ်လာမယ်၊ ဘတ်ဂျက်နဲ့ ပရိုပိုဆယ် (ငွေရဖို့) အဓိကထားတာဖြစ်လာမယ်၊ တခြားအလုပ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ကုန်မယ်၊ အထူးအကျိုး စီးပွားအုပ်စုတွေကို တရားဝင်နေရာပေးတာဖြစ်သွားမယ်။ စစ်ရေးဂယက်အနေနဲ့ စစ်ရေးသတိရှိမှု ကျဆင်းမယ်၊ စည်းကမ်းလျော့လျဲလာမယ်၊ တပ်ဖက်နဲ့ သမဂ္ဂဖက်ဆိုပြီး အမိန့်ပေးကွပ်ကဲမှုနှစ်မျိုး စင်ပြိုင်ဖြစ်သွားမယ်၊ တရားဝင် အာဏာပိုင်ကို စိန်ခေါ်မှုတွေဖြစ်လာမယ်၊ သစ္စာရှိမှုတွေ ပြိုကွဲကုန်ပြီး အစွန်းနှစ်ဖက်ကွာဟလာမယ်၊ ရဲဘော်ရဲဘက် စိတ်လျော့နည်းလာမယ်၊ တပ်မတော်သားတွေကို အမြတ်ထုတ်အသုံးချဖို့ လွယ်လာမယ်၊ အုပ်ချုပ်ရေးနဲ့ လေ့ကျင့်ရေး စရိတ်စကတွေ များလာမယ်၊ ထုံးတမ်းစဉ်လာတွေ ပြောင်းလည်းကုန်မယ်လို့ ဆင်ခြေပေးကြပါတယ်။

အထက်အရာရှိတွေက တပ်ကိုဂရုမစိုက်ရင် သမဂ္ဂဖွဲ့တာအမှန်ဆုံးဖြစ်သလို အထက်အရာရှိတွေရဲ့ အာဏာအလွဲသုံးမှု တွေကို တိုက်ဖျက်ကန့်သတ်ဖို့လည်း သမဂ္ဂဟာ အသုံးကျပါတယ်။ ဒါပေမဲ့ သမဂ္ဂတွေဟာ စစ်ဆင်ရေးနဲ့ စစ်စည်းရုံးပြင်ဆင်ရေးကို အနှောင့်အယှက်မဖြစ်စေရဘဲ အရေးကြီးအခြေအနေ၊ အရေးပေါ်အခြေအနေ၊ စစ်ပွဲအခြေ အနေတွေမှာတော့ တပ်မတော်သားသမဂ္ဂလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားရမှာဖြစ်ပါတယ်။ ၁၉၈၄ ခု ဧပြီလမှာ ဥရောပပါလီမန်က စစ်သား၊ ရဲ၊ အကျဉ်းဦးစီးနဲ့ ပြည်သူ့စစ်တွေ ငြိမ်းချမ်းစဉ်ကာလမှာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်ကို တရားဝင်ချမှတ်ခဲ့တယ်။ ဒီအခွင့်အရေးရဲ့ အခြေခံသဘောထားက မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းပိုင်းနဲ့ လူမှုရေးပိုင်းအကျိုးစီးပွားတွေဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေထဲ ပါဝင်ဆွေးနွေးပိုင်ခွင့်ရှိရေး၊ မဝင်မနေရစနစ်နဲ့ စစ်သားကောက်ထားသည်ဖြစ်စေ၊ ဆန္ဒအလျောက် စစ်သားလုပ်သည်ဖြစ်စေ ဒီမိုကရေစီ လူ့ဘောင်နဲ့ ကင်းကွာမသွားစေရေး၊ မိမိတို့ကာကွယ်စောင့်ရှောက်နေတဲ့ ဒီမိုကရေစီကျင့်စဉ်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားကျင့်သုံးနိုင်ရေး၊ စစ်သားဆိုတာကို “ယူနီဖောင်းဝတ်ထားတဲ့နိုင်ငံသား” အဖြစ် သဘောထားရေး၊ သို့သော်လည်း စစ်သားတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းရာမှာ သပိတ်မှောက်နည်းကို မစဉ်းစားနိုင်စေရေး တို့ဖြစ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ သမဂ္ဂထူထောင်ရာမှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာ စာတမ်း၊ ဥရောပကောင်စီရဲ့ လူ့အခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့်များကာကွယ်စောင့်ရှောက်ရေး သဘောတူစာချုပ်၊ ဥရောပလူမှုပဋိညာဉ်တွေရဲ့ သက်ဆိုင်ရာပုဒ်မတွေကို ထည့်သွင်းစဉ်းစားဖို့လည်း ဥရောပပါလီမန်က တိုက်တွန်းခဲ့ပါ တယ်။

အခုအခါ ဂျာမဏီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ ဆိုက်ပရပ်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂရိ၊ အိုင်ယာလန်၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ နော်ဝေး၊ သြစတြေးလျနဲ့ တောင်အာဖရိက၊ ကွန်မြူနစ်ဟောင်းအရှေ့ဥရောပ နိုင်ငံတွေထဲမှာတော့ ဘူလ်ဂေးရီးယား၊ ချက်၊ မက်ဆီဒိုးနီးယား၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ ပိုလန်၊ ရုရှား၊ ဆလိုဗက်၊ ဆလိုဗေးနီးယား နဲ့ ယူကရိန်းတို့မှာ လွတ်လပ်တဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ စစ်အလုပ်သမားသမဂ္ဂ (ဝါ) တပ်မတော်သားသမဂ္ဂတွေ တရားဝင်ထူထောင်ထားပါတယ်။ တောင်အာဖရိကနိုင်ငံဟာ ၁၉၉၄ ခု အသားအရောင် ခွဲခြားရေးလူဖြူအာဏာရှင်စနစ်ဖျက်သိမ်းလိုက်ပြီး မင်ဒဲလားတို့အာဏာရတဲ့အခါကျမှ တပ်မတော်သားသမဂ္ဂကို စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ စစ်သားသမဂ္ဂ မရှိပါ၊ ဒါပေမဲ့ ဗြိတိသျှစစ်တပ်တွင်းက ဓနသဟာယနိုင်ငံသားလူမည်းစစ်သား တွေက လူမျိုးခွဲခြားဆက်ဆံမှု၊ လူမှုဖူလုံရေးချို့တဲ့မှု၊ မမျှတတဲ့ဆက်ဆံမှုတွေကို ရင်ဆိုင်နိုင်ဖို့ (သပိတ်မှောက်ခွင့်၊ အရေးဆိုခွင့်မရှိတဲ့) သမဂ္ဂကို ၂ဝဝ၇ မတ်လအတွင်း ဖွဲ့စည်းခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း စုပေါင်း အရေးဆိုခွင့်ရှိတဲ့၊ လက်ရှိစစ်မှုထမ်းဆဲတပ်မတော်သားတွေရဲ့သမဂ္ဂတွေ ဖွဲ့ခွင့်မရဘဲ စစ်ပြန် သို့မဟုတ် အရံစစ်သား အသင်းအဖွဲ့တွေသာ ဖွဲ့ခွင့်ရှိပါတယ်။ အမေရိကန်တပ်မတော်တွင်း သမဂ္ဂဖွဲ့စည်းခွင့်ကို ကွန်ဂရက်လွှတ်တော်က ၁၉၇၈ ခုမှာ တရားဝင်ပိတ်ပင်ခဲ့ပါတယ် (အမေရိကန်ပုလိပ်တွေကတော့ သမဂ္ဂဖွဲ့ခွင့်ရှိတယ်)။ ဒါပေမဲ့ အမေရိကန် တပ်မတော်သားတွေဟာ တိုင်းရင်းသားလူနည်းစုအရေး၊ အမျိုးသမီးအခွင့်အရေး၊ မိန်းမရှာ-ယောက်ျားရှာအခွင့် အရေး၊ ဘာသာရေး၊ မြစိမ်းရောင်ဝါဒီပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ အထူးအကျိုးစီးပွားအသင်းအဖွဲ့တွေနဲ့ ပုံစံအမျိုး မျိုးဆက်စပ်နေကြပြီး ထိရောက်တဲ့လော်ဘီလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ကြတယ်။ ဥရောပစစ် တပ်တွေဟာ အရွယ်အစားသေးငယ်ပြီး ကမ္ဘာလုံးဆိုင်ရာတာဝန် (ဝါ) မဟာဗျူဟာတာဝန် ကျဉ်းတာကြောင့် ပြဿနာ မရှိနိုင်တာဖြစ်တယ်၊ အမေရိကန်တပ်မတော်လို အရွယ်ကြီးပြီး မဟာဗျူဟာတာဝန် ကျယ်ပြန့်မြင့်မားရင် စစ်သား သမဂ္ဂဖွဲ့လို့ ထိခိုက်မှုရှိနိုင်တယ်လို့ အမေရိကန်တပ်တွင်းသမဂ္ဂဖွဲ့ရေးဆန့်ကျင်သူတွေက ဆိုနေပါတယ်။

မော်စီတုံး

တရုတ်ပြည်က ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင်လည်းဖြစ်၊ စစ်ပါရဂူတွေလည်းဖြစ်တဲ့ ကွယ်လွန်သူဥက္ကဋ္ဌကြီး မော်စီတုန်းနဲ့ မာရှယ်ချူတေးတို့ကလည်း တပ်မတော်သားတွေရဲ့ အခွင့်အရေးကာကွယ်ဖို့နဲ့ စစ်ရေး၊ သက်သာချောင် ချိရေး၊ နိုင်ငံရေးစွမ်းရည်တွေ မြှင့်တင်နိုင်ဖို့အတွက် တပ်တွင်းမှာ “တော်လှန်ရေးတပ်သားကော်မတီ”တွေဖွဲ့စည်းဖို့ ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကတည်းက မူချဆောင်ရွက်ခဲ့ပါတယ်။ တပ်မတော်တခုလုံးကိုလွှမ်းခြုံတဲ့ အသင်း သို့မဟုတ် သမဂ္ဂတော့မဟုတ်ဘဲ တပ်ခွဲအလိုက်သာ ဖွဲ့စည်းစေပါတယ်။ ဒီတပ်သားကော်မတီတွေမှာ တပ်ခွဲနိုင်ငံရေးမှူး သို့မ ဟုတ် တပ်ခွဲမှူးက ကော်မတီအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး တပ်သားထုထဲက ရွေးကောက်တဲ့ကိုယ်စားလှယ်တွေ ပါဝင်တယ်။ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုတဲ့ တပ်တွင်းဒီမိုကရေစီသုံးရပ်ကို ‘တစုံတရာအတိုင်းအတာအထိ’ ကျင့် သုံးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ 'စီးပွားရေးဒီမိုကရေစီ' ဆိုရာမှာ တပ်ခွဲထောက်ပံ့ရေးနဲ့ စားသောက်ရေးမှာ တပ်သား ကိုယ်စားလှယ်တွေက ပါဝင်ကူညီခွင့်၊ စာရင်းအင်းတွေ အများသိအောင်ကြေညာခွင့်နဲ့ အပန်းဖြေပျော်ရွှင်ရေးတွေ ဖြစ်ပြီး 'စစ်ရေးဒီမိုကရေစီ' ကတော့ စစ်လေ့ကျင့်ရာမှာ တပ်မှူးကတပ်သားကိုသင်၊ တပ်သားကတပ်မှူးကိုသင်၊ တပ်သား အချင်းချင်းသင်တာ၊ စစ်မတိုက်မီ၊ တိုက်နေစဉ်နဲ့ တိုက်ပြီးနောက် တပ်ခွဲလိုက်အစည်းအဝေးတွေလုပ်ပြီး တိုက်ခိုက်ရေးတာဝန်အောင်မြင်ဖို့နဲ့ ချို့ယွင်းချက်တွေသုံးသပ်ဖို့ ဆွေးနွေးတာတွေလုပ်ပါတယ်။ 'နိုင်ငံရေးဒီမိုကရေစီ' ကတော့ အစည်းအဝေးတွေ လွတ်လွတ်လပ်လပ်လုပ်ခွင့်၊ စစ်အရာရှိဆိုးတွေရဲ့ အမှားတွေ ပြစ်မှုတွေကို ဝေဖန်ဖွင့်ချ တိုက်ပွဲဆင်ခွင့်၊ ‘အလွန်လိုအပ်တဲ့အခါ’ ‘အောက်ဆင့်အရာရှိငယ်’တွေကို တပ်သားထုထဲမှ ရွေးကောက်တင်မြှောက် ခွင့်တွေဖြစ်ပါတယ်။ ဒါ့အပြင် တပ်တွင်းရိုက်နှက်ဆဲဆိုမှုတွေ ဖျက်သိမ်းရေး၊ ဇီဇာကျယ်တဲ့ အဆောင်အယောင်အပြု အမူတွေဖျက်သိမ်းရေးတွေကိုလည်း တောင်းဆိုတိုက်ပွဲဝင်ကြတယ်။

နိုင်ငံတကာမှာတည်ရှိနေတဲ့ စစ်သားသမဂ္ဂတွေကိုကြည့်ရင် တချို့က အခြားအဆင့်တွေအတွက်ဖြစ်ပြီး တချို့ကတော့ အရာရှိအဆင့်တွေအတွက်၊ တချို့ကတော့ စစ်သားအားလုံးအတွက်ဖြစ်သလို၊ စစ်တက္ကသိုလ်ဗိုလ်လောင်းတွေ အတွက် သီးသန့်သမဂ္ဂတွေလည်း ရှိပါတယ်။ 

စစ်ပြန်စစ်မှုထမ်းဟောင်းသမဂ္ဂတွေကတော့ ပဌမဆုံးစပေါ်ခဲ့တာဖြစ်ပါ တယ်။ ဥရောပတိုက်က တပ်မတော်သားသမဂ္ဂတွေမှာ ပုံစံနှစ်မျိုးတွေ့ရပါတယ်။ တမျိုးက တပ်မတော်သား ရာထူး အဆင့်လိုက် သီးခြားသမဂ္ဂတွေ ထားရှိတာဖြစ်ပြီး နောက်တမျိုးကတော့ ကောက်ယူစစ်သားနဲ့ စေတနာစစ်သား အတွက် ခွဲခြားဖွဲ့စည်းထားတဲ့ သမဂ္ဂတွေဖြစ်ပါတယ်။ အကြီးတန်းအရာရှိတွေ၊ အငယ်တန်းအရာရှိတွေနဲ့ ပြန်တမ်းမဝင် အရာရှိတွေအတွက် မတူကွဲပြားတဲ့အဖွဲ့အစည်းတွေလည်း တည်ရှိကြတယ်။ တချို့နိုင်ငံတွေမှာတော့ လုပ်ငန်းအလိုက် (အင်ဂျင်နီယာ၊ ဆက်သွယ်ရေး၊ ခြေလျင်၊ ယန္တရား စသဖြင့်) ဖွဲ့စည်းသလို၊ ဘာသာရေးတူညီမှုအရ သို့မဟုတ် နိုင်ငံ ရေးသဘောထားအရ ဖွဲ့စည်းတာလည်းရှိတယ်။ စေတနာစစ်သားသမဂ္ဂတွေက ကောက်ခံစစ်သားသမဂ္ဂတွေထက် အရေအတွက်ပိုများပြီး အင်အားပိုကြီးပါတယ်။ တပ်မတော်သားသမဂ္ဂတွေဟာ အရပ်ဖက်အလုပ်သမားသမဂ္ဂတွေနဲ့ လည်း တိုက်ရိုက်ချိတ်ဆက်ထားကြတယ်။ ဒါကြောင့် အင်အားကြီးတဲ့ အရပ်ဖက်အလုပ်သမားသမဂ္ဂတွေက တပ်မ တော်သားသမဂ္ဂတွေအတွက် အရေးဆိုပေးတာ ဆွေးနွေးညှိနှိုင်းပေးတာတွေ လုပ်ကြပါတယ်။ အလုပ်ရှင်-အလုပ် သမား (ဝါ) အစိုးရ-တပ်မတော်သား သဘောတူညီချက်စာချုပ်တွေကို ပုံမှန်အားဖြင့် နှစ်နှစ်တကြိမ် ချုပ်ဆိုကြတယ်။
ဥရောပတလွှား နိုင်ငံပေါင်း (၂၂)နိုင်ငံက စစ်ဖက်ဆိုင်ရာသမဂ္ဂတွေနဲ့ အသင်းအပင်းတွေ (၃၄)ဖွဲ့ကို စုစည်းထားတဲ့ လွတ်လပ်တဲ့ ‘ဥရောပ စစ်ဘက်အသင်းအပင်းများအဖွဲ့’ (EUROMIL) ကို ၁၉၇၂ ခုကတည်းက ဖွဲ့စည်းခဲ့ပြီး စစ်သား ငါးသိန်းကျော်ပါဝင်နေပါတယ်။ စစ်အေးတိုက်ပွဲပြီးတဲ့နောက်မှာတော့ ဒီအဖွဲ့ကြီးဟာ အရှေ့ဥရောပနဲ့ အလယ်ဥရောပ က စစ်ဘက်သမဂ္ဂတွေကိုပါ လက်ခံခဲ့ပါတယ်။ 

ယူရိုမင်းလ်ရဲ့ အခြေခံမူကတော့ ‘ယူနီဖောင်းဝတ်နိုင်ငံသား’ ဆိုတဲ့မူ ဖြစ်ပြီး စစ်သားတွေဟာ ယူနီဖောင်းမဝတ်တဲ့ သာမန်နိုင်ငံသားတွေနဲ့တန်းတူအခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ခံစားစေရမယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် စစ်ရေးတာဝန်ထမ်းဆောင်မှုကြောင့် မလွဲမရှောင်သာဖြစ်လာရတဲ့ ပြည်သူ့အခွင့်အရေး-လူမှုရေးအခွင့်အရေး ကန့်သတ်ချုပ်ချယ်ထားမှုတွေကလွဲရင် တခြားမဆီမဆိုင်ကန့်သတ်ချုပ် ချယ်မှုအားလုံး ဖျက်သိမ်းဖို့ ယူရိုမင်းလ်က ဥရောပနိုင်ငံအစိုးရတွေကို တောင်းဆိုတိုက်ပွဲဝင်ပါတယ်။

EUROMIL ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်

ယူရိုမင်းလ် (EUROMIL) ရဲ့ ရည်မှန်းချက်တွေကတော့ (၁) တပ်မတော်သားတွေရဲ့ နေထိုင်ရေးနဲ့ လုပ်ငန်းခွင်အခြေ အနေတွေ တိုးတက်ကောင်းမွန်ရေး၊ လုံခြုံစိတ်ချရရေး (၂) ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အနိမ့်ဆုံးလူမှုဖူလုံရေး စံနှုန်းတွေကို တပ်မတော်သားတွေအနေနဲ့ ခံစားနိုင်ရေး (၃) တပ်မတော်များအတွင်း လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်များ လေးစားလိုက်နာရေးတို့ဖြစ်ပြီး အသေးစိတ်ပေါ်လစီတွေအဖြစ် လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ ဥရောပလူ့အခွင့်အရေးသဘောတူစာချုပ်၊ ဥရောပလူမှုပဋိညာဉ်၊ အီးယူအခြေခံ အခွင့်အရေးများပဋိညာဉ်၊ ဥရောပဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥရောပယူနီဖောင်းဝတ်နိုင်ငံသားအယူအဆ၊ ပါဝင်ဆွေးနွေး ဆောင်ရွက်ပိုင်ခွင့်တို့ကို အကောင်အထည်ဖော်ကျင့်သုံးရေး၊ လူမှုရေးနဲ့အရပ်ဖက်ဆိုင်ရာ စေ့စပ်ဆွေးနွေးရေး၊ လုပ်ငန်းခွင်ကျန်းမာရေး၊ ဘေးကင်းရေးနှင့် သက်သာချောင်ချိရေး၊ စစ်ပြန်-စစ်ပြီး (လူမှုရေး-ကျန်းမာရေး၊ စိတ်ဓာတ် ရေး စိတ်ဒဏ်ရာ) ပြဿနာများ၊ အလုပ်ချိန်ကိစ္စ၊ ပင်စင်ကိစ္စ၊ လူနည်းစုပြဿနာ၊ ကျား-မတန်းတူရေး၊ နိုင်ငံတကာ တာဝန်များ-မူဝါဒများ-ဖွဲ့စည်းမှုများ ပညာပေးမိတ်ဆက်ပေးရေးနဲ့ ပြဿနာတွေဖြေရှင်းပေးရေး၊ ခေါင်းဆောင်မှုနဲ့ လေ့ကျင့်ရေး၊ အသွင်ပြောင်းရေး၊ အရပ်ဖက်လုပ်အားဈေးကွက်အတွင်း ပြန်လည်ပေါင်းစည်းရေး၊ ပုဂ္ဂလိက စစ်လုပ် ငန်း (ကြေးစားစစ်သားလုပ်ငန်း)၊ နိုင်ငံတကာစစ်ဘက်ဥပဒေ၊ ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေး၊ စစ်တပ်နဲ့ရဲ ဆက်ဆံရေး၊ မီဒီယာလုပ်ငန်း၊ ပြည်သူ့ဆက်ဆံရေး၊ ဥပဒေရေးရာအကြံပေးမှု၊ ပြန်ကြားရေး၊ စာကြည့်တိုက်၊ ဘတ်ဂျက်နဲ့ ဘဏ္ဍာရေးစီမံကိန်းဆွဲခြင်း၊ စာရင်းကိုင် စာရင်းစစ်၊ စီမံခန့်ခွဲရေး စတာတွေကို ကိုင်တွယ်ပါတယ်။

ဒီလုပ်ငန်းတွေလုပ်ဖို့အတွက် ယူရိုမင်းလ်ဟာ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ဥရောပပါလီမန်၊ ဥရောပကော်မရှင်၊ ဥရောပကောင်စီ၊ နေတိုးအဖွဲ့၊ တခြားအလုပ်သမားသမဂ္ဂတွေနဲ့ အနီးကပ်ဆက်သွယ်မှုတွေ၊ ကိုယ်စားလှယ်စေလွှတ်ပါဝင်မှုတွေရှိတယ်။
ယေဘုယျအားဖြင့် စစ်သားသမဂ္ဂ (ဝါ) စစ်မှုထမ်းသမဂ္ဂ လေးမျိုးတွေ့ရပါတယ်။
ပထမအမျိုးအစားက တပ်တွင်းမှာ အလုပ်သမားသမဂ္ဂ ဖွဲ့ခွင့်မပြုပေမဲ့ တခြားအသင်းအပင်းတခုခုဖွဲ့ခွင့် ပါဝင်ခွင့် ရှိတယ်။ ဥပမာ၊ ဂျာမဏီနိုင်ငံ။ အကန့်အသတ်နဲ့ ညှိနှိုင်းဆွေးနွေးခွင့်ရှိပြီး စုပေါင်းအရေးဆိုခွင့်မရှိ၊ တခြားအရပ်ဖက် အလုပ်သမားသမဂ္ဂတွေနဲ့ စည်းရုံးရေးအရ ချိတ်ဆက်ခွင့်မရှိ။
ဒုတိယအမျိုးအစားက တပ်တွင်းအလုပ်သမားသမဂ္ဂဖွဲ့ခွင့်ရှိပေမဲ့ စုပေါင်းအရေးဆိုခွင့်၊ သပိတ်မှောက်ခွင့်မရှိ။ တိုင်ပင် ညှိနှိုင်းခွင့်ဘဲ ရှိတယ်။ စစ်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ စွက်ဖက်ခွင့်မရှိ။ ဥပမာ- နယ်သာလန်၊ ဂျာမဏီ။ တတိယအမျိုးအစားက စုပေါင်းအရေးဆိုခွင့်ရှိပေမဲ့ သပိတ်မှောက်ခွင့်မရှိ။ စစ်မှုထမ်းအခြေအနေတွေ၊ အခွင့်အရေး တွေနဲ့ပတ်သက်လို့ အရေးဆိုခွင့်ရှိ။ အရပ်ဖက်အစိုးရဝန်ထမ်းတွေနဲ့ အခွင့်အရေးတူဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အရပ်ဘက်အစိုးရဝန်ထမ်းတွေလည်း သပိတ်မှောက်ခွင့်မရှိဘဲ သမဂ္ဂဖွဲ့ခွင့်နဲ့ အရေးဆိုခွင့်တော့ရှိတယ်။ ဥပမာ-ဒိန်းမတ်၊ တောင်အာဖရိက။

စတုတ္ထအမျိုးအစားက စုပေါင်းအရေးဆိုခွင့်၊ သပိတ်မှောက်ခွင့်ရှိတယ်။ ဥပမာ-ဆွီဒင်နိုင်ငံဟာ ကမ္ဘာမှာ စစ်သားတွေ သပိတ်မှောက်ခွင့်ရှိတဲ့ တခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဆွီဒင်တပ်မတော်သားသမဂ္ဂစနစ်ဟာ ဥရောပတိုက်မှာ အဆင့်အမြင့်ဆုံး အာဏာအရှိဆုံးဖြစ်ပြီး တပ်မတော်သားတွေရဲ့ တဦးချင်းအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက် ရာမှာ ရှေ့တန်းအရောက်ဆုံးဖြစ်ပါတယ်။

အင်အားအကောင်းဆုံး တပ်မတော်သားသမဂ္ဂတွေကို ဆွီဒင်၊ ဂျာမဏီနဲ့ နယ်သာလန်မှာတွေ့ရပါတယ်။ ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယမ်၊ ဂျာမဏီနဲ့ နယ်သာလန် ခြောက်နိုင်ငံမှာ တပ်မတော်သားအသင်းအပင်းပေါင်း (၆ဝ) ကျော်ရှိတယ်။ စကင်ဒီနေးဗီးယားနိုင်ငံတွေမှာဆိုရင် အရာရှိ ၁ဝဝ% သမဂ္ဂဝင်တွေဖြစ်ကြတယ်။ ဒါပေမဲ့ တက်ကြွလှုပ်ရှားမှုအရှိဆုံး တပ်မတော်သားသမဂ္ဂတွေကတော့ အရာခံဗိုလ်တွေ၊ ဒုအရာခံဗိုလ်တွေနဲ့ တပ်ကြပ်ကြီး တွေရဲ့ သမဂ္ဂတွေဖြစ်ပါတယ်။ 
ဂျာမန်တပ်မတော်သားအသင်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးစစ်သားအသင်းအဖွဲ့ဖြစ် ပါတယ်။

လစ်ဘရယ်ဒီမိုကရေစီ အားကောင်းတဲ့နိုင်ငံတွေမှာ စစ်တပ်အလုပ်ကို အသက်မွေးဝမ်းကျောင်းပညာတရပ် profession မဟုတ်ဘဲ အသက်မွေးအလုပ်အကိုင်တခု occupation အဖြစ်သာ ရှုမြင်ကြပါတယ်။ ဒါကြောင့်လည်း စစ်တပ်တွင်းသမဂ္ဂဖွဲ့ရေးကို ထောက်ခံကြတာဖြစ်ပါတယ်။ 
ဥရောပတပ်မတော်သားသမဂ္ဂတွေဟာ စီးပွားရေးပိုင်းနဲ့ လုပ်ငန်းပိုင်းအကျိုးစီးပွားတွေကို အဓိကထားကြတယ်။ လုပ်ခလစာနဲ့အခွင့်အရေး ပိုရရေးဟာ ဘုံရည်မှန်းချက်ဖြစ် တယ်။ ဒါနဲ့ဆက်စပ်ပြီး အလုပ်ချိန်ကန့်သတ်ရေးနဲ့ အချိန်ပိုလုပ်ခရရေးကို ဆောင်ရွက်ကြတယ်။ တချို့နိုင်ငံတွေမှာ တပ်မတော်သားသမဂ္ဂတွေကြောင့် စစ်သားတွေအတွက် တပတ်အလုပ်ချိန် နာရီ(၄ဝ) ရခဲ့တယ်။ နယ်သာလန် စစ်သားသမဂ္ဂတွေဟာ ဆံပင်ရှည်ထားခွင့်ကိစ္စ၊ ချိုးနှိမ်ရာရောက်တဲ့ အလေးပြုခြင်းကိစ္စနဲ့ တပ်တွင်းဆင်ဆာကိစ္စတွေ မှာ တိုက်ပွဲအောင်မြင်ခဲ့ကြတယ်။ ဒါ့အပြင် အိုဗာတိုင်ကြေးရဖို့၊ စစ်ဘက်ပြစ်မှုဥပဒေ ပြင်ဆင်ဖို့၊ လစာတိုးဖို့၊ ခံစားခွင့်တွေပိုရဖို့၊ မလိုအပ်တဲ့ တန်းစီတပ်စုဝေးမှုနဲ့ တပ်စစ်ဆေးမှုတွေ ပယ်ဖျက်ရေးမှာလည်း အောင်မြင်ခဲ့တယ်။

တပ်မတော်သားသမဂ္ဂတွေဖွဲ့စည်းထားတာ နှစ်ပေါင်း ၂ဝ-၃ဝ ရှိနေပြီဖြစ်တဲ့ ဥရောပဒီမိုကရေစီနိုင်ငံတွေမှာ ဒီသမဂ္ဂ တွေကြောင့် စစ်တပ် သို့မဟုတ် အစိုးရအပေါ် ကြီးကြီးမားမား ဗယုတ်သုက္ခဖြစ်စေတာ မတွေ့ရပါဘူး။ လက်ရှိ အီရတ်မှာ တပ်မတော်သားသမဂ္ဂမရှိတဲ့ အမေရိကန်-အင်္ဂလိပ်စစ်တပ်ရော၊ တပ်မတော်သားသမဂ္ဂရှိတဲ့ ဥရောပ စစ်တပ်တွေပါ တိုက်နေကြရာမှာ သမဂ္ဂရှိလို့ စစ်ရေးစွမ်းဆောင်ရည်ကို ထိခိုက်တာမရှိပါဘူး။ ဒါပေမဲ့ စစ်သားသမဂ္ဂ မရှိတဲ့ အမေရိကန်စစ်တပ်တွေကတော့ အဘူဂရစ်အကျဉ်းသားနှိပ်စက်မှု၊ ဟာဒီသာမြို့လူသတ်ပွဲလို နာမယ်ပျက်တွေ ပေါ်ထွက်ခဲ့ပါတယ်။ 
ဒါကြောင့် မြန်မာနိုင်ငံလို စစ်အာဏာအလွဲသုံးစားမှု မြင့်မားအားကြီးတဲ့နိုင်ငံမှာ နိုင်ငံတော်ကာ ကွယ်ရေးတာဝန် မထိခိုက်စေဘဲ စစ်ခေါင်းဆောင်တွေ ကိုယ်ကျိုးကြည့်မှုကို တိုက်ဖျက်ဟန့်တားကာကွယ်ပြီး အောက် ခြေတပ်မတော်သားတွေရဲ့ ရသင့်ရထိုက်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ လူ့အခွင့်အရေးတွေ အမှန်တကယ်ရရှိစေဖို့ အတွက် ဒီမိုကရေစီဖက်ဒရယ်ခေတ်ရောက်တဲ့အခါ တပ်တွင်းဒီမိုကရေစီ အာမခံနိုင်မယ့် တပ်မတော်သားသမဂ္ဂတွေ ဖွဲ့စည်းသင့်ကြောင်း အလေးအနက်အဆိုပြုလိုက်ရပါတယ်။
 
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။