Thursday, September 26, 2013

အစိုးရနဲ့ လွှတ်တော် ပွတ်တိုက်မှု ဆွေးနွေးခန်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)
ဦးခင်အောင်မြင့်

မေး။ ။ မင်္ဂလာပါ အဘခင်ဗျား။ သူရဦးရွှေမန်း အနေနဲ့ လွှတ်တော်သက်တမ်း တစ်ဝက်လောက် ကျော်လာပြီးတဲ့ အချိန်မှာ အတွေ့အကြုံ အထိုက်အလျောက် ရရှိနေပြီး နိုင်ငံတကာကိုလည်း လေ့လာရေးခရီး ထွက်ခဲ့ပြီးပါပြီ။ သူ့ရဲ့ လှုပ်ရှားပြုမူ ဆောင်ရွက်ချက်တွေဟာ သံတမန် စကားလုံး အသုံးအနှုန်း ကြွယ်ဝပြီး တည်ငြိမ်ရင့်ကျက်တဲ့ ဥပဒေဘက်တော်သား ပါလီမန်ဥက္ကဋ္ဌ ဖြစ်လာပြီလို့ အဘအနေနဲ့ မြင်ပါသလား။


ဖြေ။ ။ တကယ်တော့ ကိုရွှေမန်းက စစ်သားကြီးပီပီ နိုင်ငံရေး သံတမန်စကားလုံး ပရိယာယ် နည်းဗျူဟာ မကျွမ်းကျင်ဘူးဗျ။ နိုင်ငံရေးပါး မဝဘူးလို့ ဆိုရမယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေရဲ့ အနှစ်သာရ၊ ဥပဒေရဲ့ အဓိပ္ပာယ် ကျယ်ဝန်းပုံတွေကို ဆပ်ကော်မတီတွေကိုသာ တာဝန်ပေး တင်ပြခိုင်းနေပြီး သူကိုယ်တိုင်က ကြေညက်အောင် နားလည်သဘောပေါက်ဟန် မတူဘူး။ ပါလီမန် အတွေ့အကြုံဆိုရင် ပိုတောင်ဆိုးပြီး စင်မြင့်ပေါ်မှာ ယခုမှ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် ကြုံတွေ့ရတာကိုးဗျ။ Right to Recall ကိစ္စမှာ မမျှော်လင့်ဘဲ တပ်မတော်သား ကိုယ်စားလှယ်တွေက ထပြီး ဆွေးနွေးလာတာကြောင့် အကြပ်ရိုက်သွားဟန်တူပြီး မဲခလုတ်တောင် နှိပ်ဖို့ မတောင်းဆို ဝံ့တော့ဘဲ ခဏနေဦးဆိုပြီး လက်တန်း လုပ်ချလိုက်ဟန် တူတယ်ဗျ။ ကိုခင်အောင်မြင့်တောင် ဂယောင်ချောက်ချားနဲ့ ဥက္ကဋ္ဌ လုပ်နေရင်း မဲခလုတ် နှိပ်လိုက်တယ် ကြားတယ်။ သူတို့ရဲ့ စစ်တပ် အခင်းအကျင်းနဲ့ စစ်သားဟန်ပန် ပုံသဏ္ဍာန်လိုမျိုး၊ ကက (ကြည်း) မှာ နေခဲ့တဲ့ အကျင့်စရိုက်မျိုးက ခေါက်ရိုးကျိုးနေတာမို့ မကြာခဏ ပေါ်လာတတ်တယ်။ ဥပမာ သိမ်းဆည်းမြေနေရာတွေကို လယ်သမားတွေထံ အမြန် ပြန်လုပ်ပေးဖို့ အစိုးရကို ဖိအားပေးတာ အားမရတဲ့အပြင် တစ်လတစ်ကြိမ် အစိုးရက လွှတ်တော်ကို ပြန်တင်ပြခိုင်းတာမျိုး လုပ်နေတယ်။ ဒါ မလုပ်သင့်ဘူးဗျ။ ဒါကို ကြည့်ရင် ဦးရွှေမန်းက စစ်တပ် ပုံစံမျိုး ခင်းနေတယ်။ အခြေခံ ဥပဒေအရ လုပ်ထုံးလုပ်နည်းထက် ကျော်လွန်နေတာကို မေ့သွားဟန် တူတယ်။ ပိုပြီး ဘဝင်မကျစရာက တော်လေးတော်ထဲမှာ အဖားတော် ကျွမ်းကျင်လှတဲ့ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တပ်မတော်မှ အရာရှိ (ဟောင်း) ဦးမောင်တိုးက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဆိုရင် မဲခွဲရန်ပင် မလိုဘဲ ခဏနေဦးဆိုပြီး တခါတည်း ဖြတ်ချလို့ ရတယ်လို့ ဆိုနေပြန်တယ်။ အန္တရာယ်ရှိတဲ့ စကားပေါ့။ တပ်မတော်က လွှတ်တော်မဟုတ် ဆိုတဲ့ ပုတ်ခတ်သွားတဲ့ သူ့ရဲ့စကားဟာ ပုတ်သင်ညိုလို အရောင်ပြောင်းသွားတဲ့ မဆလခေတ်က ပါတီဝင် တပ်မတော်သားဟောင်းတွေကို ပြေးမြင်မိတယ်။ စိတ်မကောင်းဘူး။ အခြေခံဥပဒေတွေဟာ နက်ရှိုင်းလှပြီး တစ်ခုနဲ့တစ်ခု ပြန်ထိန်းထားတာကို သူတို့ သဘောမပေါက်ဘူးဗျ။ ဒီကနေ့ သူတို့ကို ဘယ်ပုဒ်မဟာ ဘာကို ဆိုလိုတာလဲ၊ ဘယ်ဥပဒေဟာ နည်းဥပဒေ ထပ်ရှိမှ အသက်ဝင်မယ် ဆိုတာတွေကို စာမေးပွဲစစ်ရင် ကျရှုံးမှာချည်းဘဲ။ ဥပဒေကို အလွတ်ကျက် လေ့လာမယ် မစဉ်းစားဘူး။ အခြေခံဥပဒေ စာအုပ်ကို ခေါင်းခုပြီး လွှတ်တော်ထဲမှာ အဆီရစ် အိပ်ပျော်ကြတဲ့သူတွေ ရှိသေးတယ်။
 
သူရဦးရွှေမန်း

ကိုရွှေမန်းက ရှမ်းပြည်နယ်သွားပြီးတော့ နယ်မြေစည်းရုံးရေး၊ ပြည်သူ့အကျိုးအတွက် ပြည်သူ့အသံ နားထောင်ပြီး လုပ်ကိုင်ပေးတာ ကောင်းပါတယ်။ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ တွေ့ဆုံပြီး အကျောမာတဲ့ UWSA လို သန်းခေါင်စာရင်း စစ်ဆေးခွင့် ကိစ္စလိုမျိုးတွေကို ထိတွေ့ စည်းရုံး ပြောဆိုပေးတာကိုတော့ ကြိုဆိုရမှာပါ။ ဒါပေမဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို တင်ပြခိုင်းတာတွေ၊ တင်ပြချက်တွေဟာ ယေဘုယျဆန်လို့ သတိပေး ငေါက်ငမ်းတာတွေကတော့ မလုပ်သင့်ဘူး။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ခမျာ မူးယစ်ဆေးဝါးဆိုတာကို ယေဘုယျသာ တင်ပြလို့ရပြီး ကျယ်ပြန့် နက်ရှိုင်းတာကြောင့် ဗဟိုအစိုးရနဲ့ လွှတ်တော်မှာသာ တာဝန်ရှိပါတယ်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ရဲ့ အထက်ဌာနဟာ နိုင်ငံတော်သမ္မတ ဖြစ်တာမို့ အထက်အောက် Line Position အရ မသင့်တော်တာကို သူရဦးရွှေမန်း သတိပြုသင့်တယ်။ ဒီကြားထဲ အမကြီး ဒေါ်ခင်လေးသက်ကလည်း သူ့ယောင်္ကျား တစ်ခုခု ကျွံမှာစိုးလို့ အခမ်းအနားတွေမှာ ပါလေရာငပိချက် ဆိုတာမျိုး တွေ့နေရတော့ အမြင်မလှဘူးပေါ့ဗျ။

မေး။ ။ အဘခင်ဗျား…. Right to Recall ကိစ္စမှာ သူရဦးရွှေမန်းဟာ ဘာကြောင့် ဆိုင်းငံ့လုပ်လိုက်တယ်လို့ ထင်မြင်ပါသလဲ။ Right to Recall ကိစ္စနဲ့ စပ်လျဉ်းပြီး ကျွန်တော်တို့ ကြားထားတဲ့ အတွင်းရေး ဇာတ်လမ်းတစ်ခု ရှိပါတယ်။ လွှတ်တော်မှာ လက်ရှိ အခြေခံ ဥပဒေအရ White Card ကိုင်ဆောင်ခွင့် ရသူများကို မဲပေးခွင့်၊ ပါတီ တည်ထောင်ခွင့်ပြုတဲ့အပေါ် ဥပဒေ ပြန်ပြင်ခိုင်းတဲ့ ကိစ္စနဲ့ ဆက်စပ်မှု ရှိနိုင်သလား၊ နောက်ကွယ်မှာ ဇာတ်လမ်း တစုံတရာ ရှိနိုင်သလား။
ဖြေ။ ။ ရှိနိုင်တာပေါ့ဗျာ။ ရခိုင် လွှတ်တော် အမတ်တွေက White Card ရတဲ့ သူတွေဟာ နိုင်ငံသား အခွင့်အရေးမပေးသင့်ကြောင်း၊ မဲပေးခွင့်၊ ပါတီတည်ထောင်ခွင့် မပြုသင့်ဘူးလို့ အဆို တင်သွင်း သွားခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးက လွှတ်တော်အမတ် Bullet ဦးလှဆွေက ထွက်ပေါက် ပေးသင့်တယ်။ မပေးရင် အစွန်းရောက်သွားနိုင်တာမို့ အကြမ်းဖက် ဖြစ်သွားနိုင်တယ်လို့ တင်ပြသွားတယ်လေ။ ဒီလို ခုခံနေရတာမျိုးဟာ ထူးဆန်းနေသလိုဘဲ။ Right to Recall ကို ဦးရွှေမန်း ဆိုင်းငံ့လုပ်တာဟာ နောက်ကွယ်မှာ ဇာတ်လမ်းတွေ ရှိနိုင်တယ်။ ရခိုင်ပြည်နယ် နပခ တိုင်းမှူးနဲ့ ပြည်ထဲရေးဝန်ကြီး လုပ်သွားတဲ့ ယခု ပြည်သူ့လွှတ်တော်မှာ ကော်မတီ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေတဲ့ ဦးမောင်ဦးဟာ ဘင်္ဂလီတွေနဲ့ ဂွင်ရိုက်ပြီး White Card ထုတ်ပေးခဲ့တယ်လို့ အင်တာနက်မှာ ဖတ်လိုက်ရတယ်။ ကြံ့ခိုင်ရေးဟာလည်း မဲများများနဲ့ လွှတ်တော် ကိုယ်စားလှယ် များများရဖို့ လိုနေတာကိုးဗျ။ ဒါကြောင့် Right to Recall ဆက်ပြီး ဖွင့်လိုက်ရင် ကော်မရှင်က ကိုင်တော့မယ်။ ဒါဆိုရင် ဇာတ်လမ်းအထုတ် ရှိခဲ့ရင် ဗူးပေါ်သလို ပေါ်ကာ ကြံ့ခိုင်ရေး သိက္ခာကျမယ်။ ဒီထက် ဆိုးသွားနိုင်တာက မြန်မာနိုင်ငံသားတွေဟာ အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်နေတာမို့ ကြံ့ခိုင်ရေးမဲ ရရှိဖို့ တခါတည်း ပြိုဆင်းသွားနိုင်တယ်။ ဒီအလားအလာတွေ မြင်နိုင်တာကြောင့် ကိုရွှေမန်း အချိန်ဆွဲလိုက်ဟန် တူတယ်။ တကယ်တော့ Right to Recall ကိစ္စမှာ ၁ ရာခိုင်နှုန်း တိုင်ကြားခဲ့ရင်တောင် စွပ်စွဲခံရသူက ခုခံချေပခွင့်၊ ကာကွယ်ခွင့် (ရှေ့နေငှားရမ်းခွင့်)၊ မမှန်ရင် စွပ်စွဲသူကို ပြန်လည် အရေးယူခွင့်၊ ရာခိုင်နှုန်းနည်းနေရင် တိုးမြှင့်ဖို့ လွှတ်တော်မှာ ဆွေးနွေး တောင်းဆိုလို့ ရတာဘဲဗျာ။ ကိုယ်တိုင် လိပ်ပြာသန့်ဖို့နဲ့ မှန်နေဖို့၊ ပြည်သူတွေကို မလိမ်ဖို့၊ မညာဖို့ အရေးကြီးတာဘဲ။ အဲဒီ ဥပဒေဟာ တစ်နှစ်နီးပါးတောင် ကြာပြီဆိုတော့ ဆိုင်းငံ့ဆိုပြီး ထပ်မလုပ်သင့်တော့ဘူး။
 
ဗိုလ်ချုပ် (ဟောင်း) မောင်ဦး

မေး။ ။ နှစ်ဘက် ပွတ်တိုက်မှု ဖြစ်လာရတဲ့ အဓိက အကြောင်းရင်းကို အဘအနေနဲ့ အချုပ် ရှင်းပြပေးပါဦး။
ဖြေ။ ။ အဓိက အခြေခံ ဥပဒေရဲ့ အားနည်းချက်ဘဲ။ လွှတ်တော်ကို အစိုးရထက် အာဏာနဲ့ လုပ်ပိုင်ခွင့် ပိုပေးထားတဲ့ အချက် တစ်ချက်ရှိတယ်။ လွှတ်တော် တင်လိုက်တဲ့ မည်သည့် ဥပဒေကြမ်းမဆို သမ္မတက သဘော တူတူ မတူတူ နှစ်ပတ်အတွင်း အတည်ဖြစ်ရမယ် ဆိုတာကြောင့် ကိုရွှေမန်း တစ်ယောက် လေကျယ်နေတာမို့ ပွတ်တိုက်မှု ဖြစ်တာပေါ့ဗျာ။ အုပ်ချုပ်ရေး အဖွဲ့အစည်းကို ဥပဒေပြုရေး လွှတ်တော်က လိုအပ်တာထက် ပိုပြီး လွှမ်းမိုးချုပ်ကိုင် စွက်ဖက်လာတာကြောင့် ပွတ်တိုက်မှု ဖြစ်လာတာပေါ့ဗျာ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။