Friday, September 13, 2013

ဒေါ်လာ ၁၁ ဘီလီယံ ပြည်ပတွင် အပ်ထားမှုမရှိ၊ အချက်အလက်ခိုင်မာက အစိုးရ ဆက်လက် ဆောင်ရွက်မည်

ပြည်ပဘဏ်စာရင်း ငါးခုတွင် မြန်မာနိုင်ငံမှ အပ်နှံငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားမှု လုံးဝမရှိကြောင်းနှင့် ယင်းနှင့် ပတ်သက်၍ ခိုင်မာသည့် အချက်အလက် ပေးနိုင်ပါက အစိုးရက ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ပြန်ပြောကြားသည်။

အဆိုပါအပ်နှံငွေများကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများ ကို လျှော်မပေးခဲ့ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဆိုသူကို ကိုးကား၍ ပြည်တွင်းသတင်းဌာန တစ်ခုက ဖော်ပြမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ပြောကြားခြင်း ဖြစ်သည်။

အစိုးရက နိုင်ငံပိုင်ငွေကို ယင်းသို့ ပြည်ပတွင် အပ်နှံထားမှု လုံးဝမရှိကြောင်း၊ ဒေါ်လာ ၁၁ ဘီလီယံ အပ်ထားသည် ဆိုသည့် ငွေစာရင်းငါးခုနှင့် ပတ်သက်၍ ခိုင်မာသည့် အချက်အလက် ပေးနိုင်ပါက အစိုးရအနေနှင့် ဆက်လက်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ၄င်းက ဆိုသည်။

"ဒီလောက်များတဲ့ ငွေတွေ ပြည်ပဘဏ်တွေမှာ ရှိနေတာကို မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးနဲ့ ငွေကြေးပိတ်ဆို့မှု နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက မသိဘဲ နေပါ့မလား" ဟု ဦးရဲထွဋ်က မှတ်ချက်ပြုသည်။

ပြည်ပတွင်ငွေစာရင်းငါးခုဖြင့် ဒေါ်လာ ၁၁ ဘီလီယံ အပ်ထားသည် ဆိုရာတွင် အစိုးရကို ရည်ညွှန်းထားခြင်း မရှိကြောင်း၊ ယင်းသို့ ပမာဏများပြားသည့် ငွေကြေးဆိုင်ရာ စာရင်းအချက်အလက်များကို ပြည်သူက အထောက်အထားပေးရန် လုံးဝ မဖြစ်နိုင်သည့်အတွက် ဦးရဲထွဋ်၏ အဖြေမှာ ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေကြောင်း စင်ကာပူနိုင်ငံ ပင်နီဆူလာပလာဇာ တွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားလုပ်ငန်း ရှင်တစ်ဦးက ပြောကြားသည်။

"ဒီလိုကိစ္စ အထူးစုံစမ်းစစ်ဆေးရေးက စစ်ပါလား။ စင်ကာပူဘဏ် တွေမှာ ထည့်ထားတဲ့ ငွေစာရင်းတောင် ၁၁ ဘီလီယံ ကျော်ရင် ကျော်နေဦးမယ်" ဟု ၄င်းက ထောက်ပြသည်။

အဆိုပါသတင်းကို ထုတ်ဖော် ပြောကြားသူမှာ ကမ္ဘာ့ဘဏ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိဘဲ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးလည်း မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာလ ၁၂ ရက် နေ့တွင် ထုတ်ပြန်ကြေညာသည်။

ဒေါ်လာ ၁၁ ဘီလီယံ နိုင်ငံခြားငွေစာရင်း အမှန်တကယ်ရှိ မရှိကိုမူ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ကမ္ဘာ့ဘဏ် နှစ်ဖက်စလုံးမှ အတည်ပြုခြင်း မရှိသလို ငြင်းဆိုခြင်းလည်း မရှိပေ။
သို့သော် ကုန်သွယ်ရေးနှင့် ဝန်ဆောင် မှုဆိုင်ရာလုပ်ငန်းများ ချောမွေ့လွယ်ကူစေ ရန်နှင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းများ တည်ငြိမ်အောင် စီမံဆောင်ရွက်နိုင်ရန် နိုင်ငံရပ်ခြားဘဏ်စာရင်းများ ထားရှိခြင်းသည် အစိုးရများ၏ ပုံမှန်လုပ်ငန်းတစ်ရပ်ဟု ယူဆကြောင်း ကမ္ဘာ့ဘဏ်က ထည့်သွင်း ရှင်းလင်းထားသည်။

ယင်းပြည်ပ အပ်နှံငွေများကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီ ဒေါ်လာသန်းကိုးရာနီးပါး ကို ပေးလျှော်ခြင်း မပြုကြောင်း ပြည်တွင်းသတင်းတစ်ရပ် တွင် ဖော်ပြချက်ကို တာဝန်ရှိသူများက တိတိပပရှင်းလင်း ဖြေကြားသင့်ကြောင်း၊ လက်ရှိအချိန်အထိ အဆိုပါဒေါ်လာ ၁၁ ဘီလီယံ အမှန်တကယ်ရှိ မရှိကိုပင် ဖြေကြားနိုင်ခြင်း မရှိသဖြင့် သံသယ ပိုမိုကြီးထွားစေကြောင်း နိုင်ငံရေးနှင့် စီးပွားရေး စောင့်ကြည့် လေ့လာသူများက ဆိုသည်။

အစိုးရသစ်လက်ထက် ကမ္ဘာ့ဘဏ်၏ ကြွေးမြီဟောင်းများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရှင်းလင်းနိုင်ခဲ့ပြီးနောက် ပထမဆုံး နှစ်ရှည်အတိုးမဲ့ချေးငွေ ဒေါ်လာ သန်း ၂၆၀ ကျော်ကို ကမ္ဘာ့ဘဏ်က ပြန်လည် ထုတ်ချေးပေးရန် သြဂုတ်လအတွင်း ခွင့်ပြုထားပြီး သမဝါယမ ဝန်ကြီးဌာနအတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကိုလည်း တရုတ်နိုင်ငံထံမှ အတိုးနှုန်းမြင့်ဖြင့် ချေးယူရန် သဘောတူထားသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အထိရှိသည်ဆိုသော နိုင်ငံခြားငွေစာရင်း ငါးခုကို ပြည်ပဘဏ် များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခြင်း ဖြစ်ကြောင်း ဘဏ်များဆိုင်ရာ သတင်းအချက်အလက် စင်တာ (Bank Information Center - BIC) ၏ အာရှအစီအစဉ် မန်နေဂျာ Jelson Garcia ၏ ပြောဆိုချက် ကို ပြည်တွင်းသတင်းတစ်ရပ်က ဖော်ပြထားခြင်း ဖြစ်သည်။

BIC မှာ အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို စောင့်ကြည့်သောအဖွဲ့ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။