Friday, September 6, 2013

ကိုထင်ကျော်၏ ဆန္ဒပြမှုကြောင့် တာဝန်ရှိသူများကို စစ်ဆေးခဲ့သော အစီရင်ခံစာ (၂၀၀၇ ခုနှစ်)

(Burma VJ Media)
မိုးဇေညိမ်း
ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော်ဟာ ခရိုနီအိုက်လင်း ကို ပြည်ထဲရေးမှ ဖမ်းဆီးအရေး ယူပေးဖို့ ပြီးခဲ့တဲ့မေလက မြောက် ဥက္ကလာပမြို့နယ်တရားရုံးရှေ့မှာ ဆန္ဒပြနေ စဉ် အဖမ်းဆီးခံခဲ့ပါတယ်။ ယခု ကိုထင်ကျော်ကို အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၀)၊ ပုဒ်မ (၅၀၅)(ခ) တို့နဲ့ တရားစွဲဆို စစ်ဆေးလျှက်ရှိပါတယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့စွဲဆိုထားတဲ့ ပုဒ်မ(၅၀၅)(ခ)ကို အာမခံပေးလို့ရပေမဲ့ တရားသူကြီးက အာမခံမပေးတာ ကြောင့် အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ ကိုထင်ကျော်ဟာ ဂရိတ်နိုင်း ကျောက်မျက်ကုမ္ပဏီပိုင်ရှင်ဦးအိုက်လင်းမှ မရမ်းကုန်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေများ သိမ်းယူမှု၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက်က မြေတွေကို စစ်တပ်က သိမ်းဆည်းမှုတွေအတွက် မြေပိုင်ရှင် ပြည်သူများ မြေပြန်လည်ရရှိရေးတိုက်ပွဲဝင်နေစဉ်အတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
 
ယခင် မေလ ၉ ရက်နေ့ကလည်း ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတား မြို့နယ်အတွင်းမှာ တကိုယ်တော် လမ်းလျှောက် ဆန္ဒပြမှု ပြလုပ်ခဲ့တဲ့အတွက်လည်း ခေတ္တ ထိန်းသိမ်းခံခဲ့ရပါတယ်။ ကိုထင်ကျော်ဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင်ကလည်း အကြိမ်ကြိမ်ဆန္ဒပြခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့နဲ့ ဧပြီလ (၂၂) ရက်နေ့ တွေမှာ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့က ရန်ကုန်မြို့၊ သိမ်ကြီးဈေးရှေ့မှာ လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို ဖြေရှင်းပေးဖို့ ထပ်မံတောင်းဆိုဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၁၂) နှစ်ခွဲ ကျခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ (၁၃) ရက်မှာ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ တချိန်က နိုင်ငံတော်ရဲ့အဆီအနှစ်တွေကို စစ်အစိုးရနဲ့ဝေစားမျှစားလုပ်ခဲ့တဲ့ ခရိုနီတွေကို မကြောက် မရွံပဲ တစိုက်မတ်မတ်ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ ခရိုနီတွေထဲမှာ ယခင်နအဖခေတ်က စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အများအပြားရှိပါတယ်။ ကိုထင်ကျော်ကို အခုလိုဖမ်းဆီးအရေးယူထောင်ချတာဟာ ခရိုနီတွေကို အကာအကွယ်ပေးခြင်းဖြစ်သလို စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အကျိုးစီးပွားကို ထိပါးလာမှာစိုးရိမ်တဲ့အတွက် နှိပ်ကွပ်လိုက် ခြင်းပဲဖြစ်ပါတယ်။

ယခင်ကလည်း ကိုထင်ကျော်ရဲ့ ဆန္ဒပြမှုတစ်ခုကြောင့် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတွေ ခုံရုံးဖွဲ့စစ်ဆေးခံရဖူးပါတယ်။ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ကိုထင်ကျော်အပါအ၀င် ကျား (၁၅) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၁၇) ဦးဟာ ကုန်ဈေးတန်းလမ်းထောင့်မှာ ဆန္ဒပြခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကို လုံခြုံရေး အဖွဲ့အစည်းတွေမှ သတင်းကြိုတင် မရရှိခဲ့မှု၊ တားဆီးနှိမ်နှင်း ဖမ်းဆီးရန်နှောင့်နှေးခဲ့မှုတွေကြောင့် ပြည်သူတွေအကြား သတင်းပြန့်နှံ့သွားခဲ့ပါတယ်။ 
ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒေါသထွက်နေပေမဲ့ စစ်အစိုးရကို မဆန့်ကျင်ရဲခဲ့တဲ့ ပြည်သူတွေအတွက် ဒီသတင်းဟာ အားတက်စရာဖြစ်သွားပါတယ်။ ဒါ့ကြောင့်မို့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို တမခ (၇၇) မှ တပ်မမှူးကိုယ်တိုင် ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ခုံရုံးဖွဲ့ စစ်ဆေးခဲ့ပါတယ်။ အဲဒီ့ခုံရုံးရဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံကို ပြည်သူများ လေ့လာနိုင်အောင် ဖော်ထုတ်တင်ပြပေးလိုက်ပါတယ်။

မူရင်းလင့် (Click Here)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။