Friday, September 13, 2013

မေးချင်ပါသည်...မေးသင့်ပါသည်

(စည်းလုံးခြင်းရဲ့အင်အား)
ဗိုလ်ချုပ် တင်ငွေနဲ့ ဗိုလ်ချုပ် ထွန်းသန်း
ဆောင်းပါးရှင် - ဗိုလ်မှူး မျိုးသူရ

မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်သည် လွန်စွာ အရေးပါကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးဆွဲစဉ် ကတည်းက ပြောလာခဲ့သည်မှာ ၄င်းဖွဲ့စည်းပုံ အသက်ဝင်ကာ ပြည်ခိုင်ဖြိုး အစိုးရတက်လာပြီး ရက်ပေါင်း (၁၀၀) ကျော်သည့်တိုင် ပြောနေကြဆဲ ဖြစ်ပါသည်။
မဆီမဆိုင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေးက ၁၇-၇-၂၀၁၁ က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင်လည်း ထပ်ပြောပြန်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာပြည်သူအားလုံးသည် (တပ်မတော်သားများ၊ မိသားစုများ အပါအ၀င်) အပြောင်းအလဲကို ရင်ခုန်စွာ မျှော်လင့်ခဲ့ကြပါသည်။ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများကို နားထောင်ရင်း အများကြီး မဟုတ်သည့်တိုင် ပြောင်းလဲမှုတချို့ကို မြင်တွေ့ရပြီဟု ထင်မြင်ယူဆခဲ့ကြပါသည်။ ထို့အတူ ထင်ရာစိုင်းနေခဲ့သော စစ်အာဏာရှင်ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ တပ်၏ ထိပ်ပိုင်းနေရာမှ ဖယ်သွားပြီဖြစ်သဖြင့် တပ်၏ အရေးကိစ္စများ ပိုမိုချောမွေ့ အဆင်ပြေလာလိမ့်မည်ဟု တပ်တွင်းတွင် မျှော်လင့်နေခဲ့ကြပါသည်။

သို့သော်လည်း ပြင်ပ နိုင်ငံရေးအခြေအနေတွင် ယခင် ဦးသန်းရွှေ လက်ထက်ကလိုပင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ မရှိပါဟု တွင်တွင်ငြင်းနေသလို၊ မည်သည့်အခြေအနေတွင် ဖြစ်စေ ပြည်သူများက ထောက်ခံနေသော ဒေါ်အောင်ဆန်းစုကြည်အား သာမန်ပြည်သူဟုသာ သတ်မှတ်သည်ဟု စစ်ဗိုလ်ချုပ်များက မျက်နှာပြောင်တိုက် ကြွေးကြော်နေသည့် မူဝါဒများကြောင့် ထူးမခြားနားဖြစ်ခဲ့ရပါသည်။ တပ်တွင်းမိသားစုများအတွက် အကျိုးမရှိသည့်အပြင် ၀န်ထုတ်ဝန်ပိုးပါ ဖြစ်စေသော စည်း/ကော်၊ စည်း/ထိန်း မူဝါဒများ မပြောင်းလဲသည့်အပြင် ဆက်လက် တိုးပွားလုပ်ကိုင်ခိုင်းနေသည့် မူဝါဒများ၊ တပ်ချုပ်ဖြစ်လာသော ကာလတိုလေးအတွင်းမှာပင် အရာရှိများ ဆာဖာရီ ၀တ်စုံများအား အင်္ဂါနှင့် ကြာသပတေးနေ့များတွင် ၀တ်ရမည် ဆိုသော အမိန့်ကို ထုတ်လိုက်၊ အဆင်မပြေသော တပ်များစွာမှ အသံများ ထွက်လာသောအခါ မဖြစ်မနေ ၀တ်ရန်မဟုတ် ဟူသော ပြင်ဆင်သည့် အမိန့်ကို ထုတ်လိုက် စသော ရှုံ့ချည်နှပ်ချည် အစီအစဉ်မကျသည့် ဆောင်ရွက်မှုများကြောင့် အရာရှိစစ်သည်များအားလုံး စိတ်ပျက်ခဲ့ရပါသည်။

တိုင်းမှူးနှင့် ကစထမှူး အားလုံးနီးပါးသည် ယခင် ဦးသန်းရွှေ၏ နအဖ လက်ထက်ကတည်းက ဒေသအာဏာပိုင်များအဖြစ် လုပ်ပိုင်ခွင့်များ၊ စီးပွါးရေးပတ်သက်မှုများ အဂတိလိုက်စားမှုများ ရှိခဲ့သည်ကို လူတိုင်းသိနေသော်လည်း ဗိုလ်ချုပ် ထွန်းသန်း၊ ဗိုလ်ချုပ် တင်ငွေ စသော သူများကိုသာ သီးခြား အရေးယူခဲ့ခြင်းတို့အပေါ် တပ်မိသားစုများက သဘောပေါက်နေကြပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို အရေးမယူဘဲ ဗိုလ်ချုပ်ထွန်းသန်းနှင့် ဗိုလ်ချုပ် တင်ငွေတို့အပေါ် အရေးယူခြင်းဟာ တရားမျှတမှု မရှိကြောင်း ရန်ကုန်တိုင်းအတွင်းရှိ အရာရှိ စစ်သည်တစ်ချို့က ရင်ဖွင့်ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေသည် တိုင်းမှူးဘ၀တာဝန်ထမ်းဆောင်ခဲ့တုန်းက တယက အစည်းအဝေးများတွင် ဘုန်းကြီးကျောင်း မြေဂရမ်ကိစ္စများ ပိုင်ဆိုင်မှုအပေါ် ဆုံးဖြတ်ရာမှာ အမျိုးမျိုး ဆုံးဖြတ်ခဲ့သည့်အပေါ် တယကရုံး စစ်ဦးစီးရုံးအဖွဲ့က စိတ်ပျက်ခဲ့ရဖူးပါသည်။

အထူးသဖြင့် လေတပ်သားများသည် သတင်းအချက်အလက် သိရှိမှုလွယ်ကူသော အခြေအနေများရှိသဖြင့် ပြင်ပလောကတွင် ဖြစ်ပျက်နေသော နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အခြေအနေများအပေါ် မျက်ခြေမပြတ် ရှိနေကြပါသည်။ ထို့အတွက်ကြောင့်လည်း မပြောင်းလဲသော နိုင်ငံရေး လှည့်ကွက်များအားလည်းကောင်း၊ အခွင့်ထူးခံများ ဆက်လက်ရှိနေဆဲ စီးပွါးရေး ကျားကွက် အားလည်းကောင်း၊ ပိုမိုကျပ်တည်းကာ ဆင်းရဲချမ်းသာ ကွာဟလာသော လူမှုေ၇း အခြေအနေ များကိုလည်းကောင်း ရင်တမမနှင့်ကြည့်ရင်း မိမိတို့ တပ်တွင်းအခြေ အနေများနှင့် ချိန်ဆ သုံးသပ် နေကြပါသည်။

၂၂- ၈ -၂၀၁၁ တွင် လွှတ်တော်အသီးသီး၏ ဒုတိယ ပုံမှန်အစည်းအဝေးများ စတင်တော့မည် ဖြစ်ပါသည်။ ပထမ အစည်းအဝေးတွင် အစိုးရဖွဲ့ခြင်းသာ ထူးခြားခဲ့သည်ဟု ဆိုနိုင်ပြီး၊ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုခြင်းကို နအဖ ၀န်ကြီးများက ဦးသန်းရွှေ ၀ါဒဖြန့်ချင်သည့်အတိုင်း နအဖ လက်ထက် အကောင်းဆုံးတွေပဲ လုပ်ခဲ့ပါသည်ဟု ကြော်ငြာလွှင့်သလို ဖြေသွားတာဘဲ ဖြစ်ပါသည်။ ယခုအစည်းအဝေးတွင် တပ်မတော် (လေ) အတွက် အောက်ပါ မေးခွန်းများကို မေးခွင့်ရလျှင် လေတပ်မှ တပ်မတော်သား ကိုယ်စားလှယ်များက မေးစေချင်ပါသည်...

မြန်မာ့တပ်မတော် (လေ) ပိုင် ရုရှားနိုင်ငံထုတ် MIG - 29 တိုက်လေယာဉ်များအား မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှာ တွေ့ရပုံ

၁။ အိပ်မက်လား...တကယ်လား ဆောင်းပါးတွင် ပါရှိသည့် အတိုင်း တပ်မတော် (လေ) မှ လေယာဉ်များ၏ အခြေအနေသည် အမှန်တကယ် ဖြစ်ပါသည်။ သို့ဆိုလျှင် မြန်မာဝေဟင်ပိုင်နက်ကို အချိန်ပြည့်စောင့်ကြပ် ကာကွယ်နိုင်စွမ်းမရှိသလို၊ အခြားသော Mission များအတွက်လည်း လိုအပ်ချက်များ ရှိပါသည်။ အထူးသဖြင့် ရဟတ်ယာဉ်များသည် နိုင်ငံအခြေအနေအရ ပိုမိုလိုအပ်သည့်တိုင် လက်ရှိအနေအထားအရ ရဟတ်ယာဉ် လေသူရဲများ အနာဂတ် ပျောက်နေသော Attitude ဖြစ်ပါသည်။ တိုက်လေယာဉ်များ အနေဖြင့်လည်း ဝေဟင်မှဝေဟင် ပစ်ခတ်ခြင်း၊ ဝေဟင်မှမြေပြင် ပစ်ခတ်ခြင်း လေ့ကျင့်ခန်းများအား ချို့တဲ့စွာ လေ့ကျင့်ခဲ့ရပြီး လေ့ကျင့်သားပြည့်ဝစွာ ယနေ့ထိ ဆောင်ရွက်နိုင်သော အခြေအနေ မရှိသေးပါ။ လေကြောင်းရန် ကာကွယ်ရေးတွင်လည်း ၂၄ နာရီ အပြည့်အ၀ လှည့်ပတ်စောင့်ကြည့်ရန် လေယာဉ်ရော၊ ရေဒါပါမရှိသလို ရှိသော 36 D 6 ရေဒါဖြင့် ချင်းမိုင် လေတပ်စခန်းမှ ထိုင်း F-16 တက်လာကာ မိမိ၏ လေ့ကျင့်ပျံသန်းနေသော MiG-29 လေယာဉ်နံဘေးမှ ကပ်လျက် ဖြတ်ပျံသွားသည်ကို သိနေသည့်တိုင် ထိုငှက်ဆိုး ပစ်မှတ်အား ပစ်ချရန် ပစ်မိန့် တောင်းနေစဉ်မှာပင် ထိုင်း F-16 သည် ရေဒါမှ ပျောက်သွားခဲ့သော ဖြစ်စဉ်ရှိခဲ့သည်ကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း သိသလို လက်ရှိလေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ် ဗိုလ်ချုပ် စိန်ဝင်း သိပါသလား။

၂။ လေယာဉ်အပိုပစ္စည်းများ၊ လေယာဉ်သုံးမြေပြင်ပစ္စည်းများ အခက်အခဲများကြားမှ လေယာဉ်အမျိုးအစားများစွာ ပျံသန်းနေနိုင်ရန် ဆောင်ရွက်ပေးနေသော လေတပ်မှ စစ်သည်များသည် မူလ လေယာဉ် ပြင်ဆင်မှုတာဝန်အပြင် တပ်လုံခြုံရေးသာမက၊ နယ်မြေစိုးမိုးရေး ကိစ္စရပ်များ၊ စည်းကော် ကိစ္စများကြောင့် တခါတရံ ပင်မ တာဝန်ထက် ထိုအထွေထွေ ဗာဟီရ ကိစ္စများကို ဦးစားပေး ဆောင်ရွက်နေရခြင်းကြောင့် ကြည်းတပ်ရှိ ခြေလျင်တပ်ကဲ့သို့ ဖြစ်လာနေခြင်းသည် သင့်တော်ပါ၏လော။

၃။ လေတပ်၏ အခြေအနေအရ လေသူရဲ အရာရှိများပြားနေသည့် အတွက် အရာရှိများအား အဆင့်တိုးမြှင့်နိုင်ရန် တပ်ခွဲမှူး ၊တပ်ရင်းမှူး၊ စစ်ဦးစီးတက္ကသိုလ်၊ အထူးနှစ်ပတ်သင်တန်း၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် စတဲ့ သင်တန်းများ တက်ရောက်စေရေး ကိစ္စများတွင် ကြည်းတပ်ဖွဲ့များနှင့် တန်းတူ ချိန်ထိုးမရကြောင်းကို သဘောပေါက်သင့်ပါသည်။

တပ်ရင်းအိမ်ထောင်သည် လိုင်းခန်းတစ်ခုအတွင်းသို့ တိုင်းမှူးတစ်ဦး ဝင်ရောက်စစ်ဆေးနေပုံ

၎။ စစ်ဝတ်စုံများအား အများအမြင် တင့်တယ်သည့် အခြေအနေဖြင့် ၀တ်ဆင်နိုင်ရန်မှာ ၀ယ်ယူချုပ်လုပ် ၀တ်ဆင်နေရသည်ကို တပ်ချုပ်သိရှိပါသလား။

၅။ ရရှိသော ရိက္ခာခြောက်နှင့် ရိက္ခာစိုငွေသည် လက်ရှိကုန်ဈေးနှုန်းဖြင့် မလောက်ငသည်ကိုရော သိပါသလား။ တလစာရိက္ခာဖြစ်သော ဆန် ၈ ပြည်+နို့ဆီ ၄ လုံး+ဆီ ၁၀ ကျပ်သား+သကြား ၆၀ ကျပ်သား+ဆား+ငါးပိ တို့နှင့် ရိက္ခာစိုငွေ (၁၁၀၀၀) ကျပ် ကို ဟင်းဖြစ်အောင်ချက်ပြီး၊ လစာ (၄၀၀၀၀) ကျပ်ရသော ကလေး ၂ ဦး ရှိသည့် သာမန် စစ်သည်တစ်ဦးသည် မည်သို့ စိတ်လက်ကြည်သာစွာ နောင်ရေးစိတ်အေးလျက် တာဝန်ထမ်းဆောင် ပါမည်နည်း။

၆။ တပ်ပိုင် မော်တော်ယာဉ်များမှာလည်း တာယာ၊ ဘက်ထရီမှ အစ အခြားနည်းလမ်း အသွယ်သွယ်ဖြင့် ဖြည့်ဆည်းမောင်းနှင်နေရသလို လိုင်းခန်းများအခြေအနေမှာလည်း အရပ်သား ဧည့်သည်ကို အိမ်လည် မခေါ်ရဲလောက်အောင် ဆင်းရဲနုံခြာနေသည်များကို သိပါသလား။

၇။ တပ်စစ်စဉ် Power Point များထက်မှ ပုံများ၊ စာရင်းဇယားများထက် အမှန်တကယ် အခြေအနေများသည် များစွာကွာခြားလှပါသည်။ မိဘသဖွယ် စိတ်ထားလျက် မဆူမဆဲပဲ အောက်ခြေထိ ဆင်းကြည့်ကာ တပ်များ၏ အခြေအနေမှန်များကို သိစေချင်ပါသည်။ ထိုထိုသော မေးခွန်းများကို ပြည်သူ့ကိုယ်စားလှယ်များရှေ့တွင် ဖြေပေးရင်း အာဆီယံ တပ်မတော်များ နောက်တွင် ရှက်ဖွယ်ကောင်းစွာ ကျန်နေခဲ့သော တပ်မတော်ကိုလည်း ခေတ်မီတပ်မတော် ဖြစ်စေရေး ၀ိုင်းဝန်းဆွေးနွေး အကြံပေးကြ စေလိုပါသည်။  

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။