Monday, September 2, 2013

စစ်အာဏာရှင် စနစ်ဆိုးရဲ့ သားကောင်များ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)
ပေါ်တာများနဲ့အတူ မြန်မာ့ စစ်ကြောင်း တခု

တပ်မတော် အနေနဲ့ မြို့နယ်ကို ကျော်ခွပြီး ပေါ်တာ ချောဆွဲတာမျိုးကိုတော့ စည်းရုံးရေး ထိခိုက်တယ် ဆိုပြီး တပ်ရင်းမှူး အများစုက မလုပ်ကြတာ များပါတယ်။ စစ်ကြောင်းထွက်ခါနီး မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေက မူလက ပေးထားတဲ့ပေါ်တာတွေကို လှဲလှယ်တာမျိုး လျော့ပြီး တပ်က ပြန်ပေး ရတာမျိုး ဖိအားပေးတာကြောင့် စစ်သည်တွေရဲ့ ပုခုံးပေါ်မှာ ၀န်စည်စလှယ်တွေ ပြန်ရောက်ခဲ့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိပါတယ်။ သထုံမြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က အာဏာပိုင် အဖွဲ့အစည်းတွေဟာ ပြဿနာဖြစ်စေ၊ သူတို့အလိုမကျလို့ဖြစ်စေ အောက်ခြေတပ်ရင်း စစ်ကြောင်းတွေနဲ့ ညှိဖို့ မစဉ်းစားဘဲ ထစ်ကနဲဆိုရင် အသေးအဖွဲကိစ္စပါမကျန် အထက်ဌာနဖြစ်တဲ့ စစ်ဗျူဟာရုံးနဲ့ ရတခတိုင်းသို့ တိုက်ရိုက် တိုင်တန်းကြတဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။

 
ပေါ်တာနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ တပ်ရင်းတွေက ဗျူဟာမှတဆင့် ပေါ်တာရိက္ခာနဲ့ ပေါ်တာခများ တင်ပြကြရပြီး စစ်သည်ရိက္ခာ ထုတ်တဲ့အခါ တပါတည်း ပူးတွဲထုတ်ယူခွင့် ရရှိကြပါတယ်။ ပေါ်တာ ရိက္ခာကတော့ (ဆန်၊ ဆီ၊ ဆား၊ ငပိ) ၄ မျိုး ရပြီး ဝန်ထမ်းခ ပေးချေဖို့လည်း တပ်က တရားဝင် ငွေထုတ်ပေးကြပါတယ်။ တချို့ စစ်ကြောင်းတွေကတော့ ပေါ်တာများကို ကျေးဇူးရှင်များသဖွယ် သဘောထားပြီးတော့ မိမိရိက္ခာမှရတဲ့ ပဲ၊ အသားဗူးများနဲ့ ထပ်ဆောင်း ကျွေးမွေးကာ စေတနာထား စည်းရုံးခဲ့ကြကြောင်း သိရှိရပါတယ်။ စစ်ကြောင်းမှူးတွေဟာ ရှေ့တန်း စစ်ဆင်ရေး နယ်မြေတွေမှာ အဓိက အရေးပါတဲ့ ရှေ့ပြေး Point တပ်စိတ် အနေနဲ့ ကျောပိုးအိတ်လွတ်ဖို့ အထူး လိုလားပါတယ်။ စစ်ကြောင်း တစ်ကြောင်းရဲ့ အသက်ဟာ အဲဒီ Point တပ်စိတ်ရဲ့ လက်ထဲမှာ ရှိတာမို့ လမ်းကြောင်း ရှင်းလင်းရာမှာ လျှင်မြန်ပြီး စစ်နည်းဗျူဟာမြောက် ရှင်းလင်းနိုင်ဖို့ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူးတွေက point ကျောပိုးအိတ်လွတ်ဖို့ လိုလားကြတာပါ။ ဒါကြောင့် ပေါ်တာရရင်တောင် လိုအပ်တဲ့ အရေအတွက်ထက် နည်းနေရင် အလယ်နဲ့ နောက်တန်းတပ်များက အလေးခံ၊ အနာခံ သယ်ပေးကြပြီး ရှေ့ပြေးတပ်စိတ်၊ တပ်စုအတွက် Light ဖြစ်အောင် စီစဉ်ပေးရပါတယ်။

ဒါကြောင့် တပ်ရင်းမှူးတွေဟာ ရှေ့တန်းမထွက်ခင် အရင်ဆုံး စီစဉ်ခိုင်းတာက ဦးစားပေးအနေနဲ့ ပေါ်တာတွေ သက်တောင့်သက်သာဖြစ်ဖို့ အထမ်းအတွက် ခြင်းကြီးတွေ၊ ဆိုင်းကြိုးကြီးတွေ၊ ပေါက်တူး၊ ဓါး၊ ညအိပ်ဖို့ မြေခင်း၊ အမိုးအကာတဲကြီး၊ ဆေးလိပ်၊ စားစရာ၊ ချက်ကျွေးဖို့ အိုးကြီးနဲ့ လိုအပ်တဲ့ ဆေးဝါးတွေ ဖြစ်ပြီးတော့ ဒါတွေကို ဂရုစိုက် မှာကြားပါတယ်။ 

ဒါတွေကိုလည်း ပေါ်တာခနဲ့ ပေါ်တာရိက္ခာမှ ရတဲ့ငွေနဲ့ စီစဉ်ရတာ ဖြစ်သလို ဝယ်ယူတဲ့ပစ္စည်း ဈေးကြီးရင်တောင် အခြား ဝင်ငွေထဲက စိုက်ထုတ်သုံးရတာမျိုး ရှိပါတယ်။ ပေါ်တာတွေကို ရှေ့တန်းကျရင် တပ်မတော်သားများက ပင်ပန်းနွမ်းနယ်နေတဲ့ အတူတူ တစ်ရေထဲသောက် တစ်လှေထဲစီးမို့ ထမင်း စားရင်တောင်မှ မိမိစားတဲ့ အသားဟင်းကို ဖဲ့ကျွေးရသည်အထိ သံယောဇဉ်ရှိ အားကိုးခဲ့ပါတယ်။ ရှေ့မှာ မိုင်းရှိရင်တောင် ပေါ်တာတွေ ထိမှာစိုးပြီးတော့ ရဲဘော်တွေက ရှေ့မှ အနာခံပြီး တက်သွားတာ ရှိပါတယ်။ တိုက်ပွဲဖြစ်နေရင် ကျည်ဆံဖြည့် အလုပ်များနေတာကြောင့် ပေါ်တာတွေက စစ်သည်တွေအတွက် ထမင်း၊ ဟင်း ချက်ပေးတဲ့အပြင် ဒါဏ်ရာရလူနာများကို စစ်မြေပြင်မှ သက်စွန့်ဆန်ဖျား ဆွဲထုတ်ခဲ့တာမျိုးလည်း ရှိပါတယ်။ 
တချို့ပေါ်တာတွေဟာ စစ်တပ်နဲ့ တရင်းတနှီး သံယောဇဉ် ဖြစ်ခဲ့တာမို့ ဒီတပ်ရင်းနှင့်ဆိုရင် ကျွန်တော် ရှေ့တန်းမှာကြာလည်း ကိစ္စမရှိဘူး၊ ပျော်တယ်၊ စိတ်ချမ်းသာတယ်လို့တောင် ဆိုပါတယ်။

ဂိတ်စောင့် စစ်သည်တစ်ဦး

အဓိက ပေါ်တာကို တပ်မတော်သားတွေက လူသားလို ဆက်ဆံခဲ့တယ်။ တပ်မတော်သားများမှာလည်း ကြင်နာတဲ့နှလုံးသား ရှိတယ်ဆိုတာ ပင်တိုင်ဆောင်းပါးရှင် တပ်မတော်အရာရှိ စစ်မင်းက ဆိုပါတယ်။
“ကျွန်တော် ရှေ့တန်းမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံ ဆောင်းပါးမှာ ဖေါ်ပြထားတာ ရှိပါတယ်။ ကရင်ပြည်နယ် စစ်ဆင်ရေးဝင်တုန်းက လမ်းမှာ ရွာသားတစ်ဦးကို ပေါ်တာအဖြစ် ခေါ်လာတာ မမျှော်လင့်ဘဲ မင်္ဂလာဆောင်ကာနီး သတို့သားဖြစ်တာ သိလိုက်ရတာမို့ ချက်ချင်း လွှတ်လိုက်တယ်။ မင်္ဂဆောင်ဖို့ လက်ဖွဲ့ကျပ် ၂၀၀ (၁၉၈၂ ခုနှစ်) ပေးလိုက်တယ်။ ကျွန်တော်တို့က ရှေ့တန်းမှာ ပေါ်တာတွေကို ဂရုစိုက်ရတယ်။ စစ်အောင်မြင်ရာ အကြောင်းကြီးတွေထဲမှာ ပြောင်းလွယ်ပြင်လွယ် ရှိဖို့ စစ်ကစားနိုင်ဖို့ ပေါ့ပါးအောင် စီစဉ်ပေးတာ ဒီပေါ်တာတွေကြောင့်ပါ။ ကျွန်တော်တို့ ပေါ်တာတွေကို မိသားစုလို တန်ဖိုးထားတယ်။ ပျော်အောင်ထားတယ်။ ရဲဘော်တွေကို လမ်းမှာ တောင်ကုန်းမှာ မတက်နိုင်ရင် ငေါက်ငမ်းပြီး ပေါ်တာတွေကို မရိုက်နှက်မိစေဖို့ ဆူပူထားရတယ်။ အားလုံးဟာ မောနေတာမို့ စိတ်တိုတတ်တဲ့ သဘာဝရှိတာမို့ ထိန်းပေးရတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ရှေ့တန်းစစ်ဆင်ရေး တစ်ခုမှာ ပေါ်တာလိုက်ပေးခဲ့တဲ့ ကားမောင်းသမား တစ်ဦးကို သူ့အတွေ့အကြုံအား မေးမြန်းခဲ့ပါတယ်။

“သထုံမှာ တပ်မ (၄၄) နဲ့ ရှေ့တန်းကို လိုက်သွားဖူးတယ်။ အချိန်ကြာတာနဲ့အမျှ ရင်းနှီးလာပြီး တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်လာပြီဆိုရင် တောင်ပေါ်ကနေ ချောင်းအထိ အဝေးကြီးကို အားထည့်ပြီး ရေခပ်ပေးခဲ့ပါတယ်။ စစ်ကြောင်းမှူးက တခါ ဘီယာ သောက်ချင်တယ်ဆိုလို့ ကျွန်တော် ဈေးပွဲရှိတဲ့ ရွာကြီးကိုသွားပြီး ဝယ်ပေးဖူးပါတယ်။ ကျွန်တော်သွားဝယ် သလိုလိုနဲ့ ထွက်ပြေးလို့ ရတာသိပေမဲ့ စစ်ကြောင်းမှူးက ယုံကြည်ပြီး ဈေးဝယ်လွှတ်သလို ကျွန်တော်ကလည်း မပြေးပါဘူး။ ရှေ့တန်းပြန်တော့ သူတို့က နှုတ်ဆက်ပြီး ရှိသမျှ အသားဗူးတွေ တိုက်ခိုက်ရေး ရိက္ခာထုပ်တွေ အကုန် ပေးလိုက်တယ်” လို့ ပြောပြခဲ့ပါတယ်။

အပိုင်း(၃) ကို ဆက်လက် တင်ပြပေးသွားပါမယ်ခင်ဗျား။
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။