Tuesday, September 24, 2013

၁၁ ဘီလျံ ငွေစာရင်း ငါးခုတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ငွေစာရင်း ပါဝင်သည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မှတစ်ဆင့် ရှင်းလင်းဖြေကြား

(Eleven Media Group)

ပြည်တွင်းဂျာနယ် တစ်စောင်နှင့် ပြည်ပမီဒီယာ အချို့တွင် ဖော်ပြခဲ့သော ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် ရှင်းလင်း ဖြေကြားခဲ့သည်။

သံတော်ဆင့် ဂျာနယ်တွင် ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းပါဝင်ပြီး နောက်ပိုင်း ပြည်ပမီဒီယာ အချို့မှလည်း အဆိုပါ သတင်းများကို ဆက်လက် ထုတ်လွှင့်ခဲ့သည့်အပေါ် အများပြည်သူ သိရှိလိုသည့် အတွက် အခြေပြုကာ ထပ်မံမေးမြန်း ခဲ့ပါသည်။


ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ လက်ရှိတွင် နိုင်ငံတော် သမ္မတ၏ အားထားရသော ပြည်ထောင်စု ၀န်ကြီးတစ်ဦး ဖြစ်နေပြီး တိုင်းပြည်အတွက် အကျိုးများစွာ ပြုနိုင်သည့် နေရာတွင် ရောက်ရှိနေခြင်း၊ အရေးပါသည့် နေရာတွင် ရှိနေ၍ ပြည်သူနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦး အဖြစ်လည်း ရှိနေသူ ဖြစ်သည်။

ထိုသို့ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည့်အတွက် အများပြည်သူကြား၌ ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဟူသော သတင်းကို ရှင်းလင်းစွာ သိရှိစေရန် The Daily Eleven သတင်းစာမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအပြင် ပြည်ထောင်စုဝန်ကြီး၏ မိသားစု ရင်းချာများပါ နိုင်ငံခြား ဘဏ်စာရင်းများဖြင့် ရှင်းလင်းမှု ရှိ၊ မရှိကို နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရခြင်း ဖြစ်သည်။

The Daily Eleven မှ မေးမြန်းရာ၌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတွင် ပြည်ပ၌ နေထိုင်သူ သားသမီးများ ရှိသည်မှာ ဟုတ်မဟုတ်၊ ၀န်ကြီးသားသမီးများ အနေဖြင့် ဒေါ်လာပမာဏ အမြောက်အများကို ယူဆောင်လာပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လာမည် သို့မဟုတ် ပြန်လည်ရောက်ရှိ နေသည်ဆိုသော သတင်းမှာ ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အနေဖြင့် မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်းသာခြင်း ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အမည်ဖြင့် မဟုတ်ဘဲ သားသမီးများ အမည်ဖြင့် သို့မဟုတ် ဆွေမျိုးရင်းချာ အမည်ဖြင့် ဒေါ်လာပမာဏ များပြားစွာရှိသော နိုင်ငံခြားငွေ ဘဏ်စာရင်းများ ရှိ၊ မရှိ စသည်ဖြင့် ပြည်သူကြားတွင် သိရှိလိုနေသော မေးခွန်းအချို့ကို သိခွင့်ရှိလျှင် သိလိုကြောင်း၊ ရေးခွင့်ရှိလျှင် ရေးလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။


ကလေးများ အနေနဲ့ ဖခင်ရဲ့ ရာထူး၊ တာဝန်ကို အသုံးပြုပြီး ငွေကြေး၊ အခွင့်အရေး ရယူခြင်း မရှိပါဘူး။ သူတို့ပညာနဲ့ အလုပ်လုပ်ကိုင် ၀င်ငွေရှာဖွေ ရပ်တည်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိမှာပေါ့ဗျာ။ ၀န်ကြီး ဦးစိုးသိန်းကလည်း သူ့သားသမီးများ အနေနဲ့ ဖခင်ရဲ့ အရှိန်အ၀ါကိုသုံးပြီး ငွေကြေး အမြောက်အများကို နိုင်ငံခြား ဘဏ်စာရင်းတွေ ဖွင့်ထားတယ် ဆိုတာ သက်သေ အခိုင်အမာ ရှိရင်ပြောပါ။ သူ့ကိုအရေးယူ နိုင်ပါတယ်လို့...



နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဦးရဲထွဋ်မှတစ်ဆင့် ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် 'ပြည်ထောင်စု ၀န်ကြီးတွင် သားတစ်ယောက် သမီးနှစ်ယောက်ရှိပြီး ၁၉၉၀၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်လောက်ထဲက ပြည်ပတက္ကသိုလ်များမှာ ပညာသင်ဆု လျှောက်ထားပြီး သွားရောက် ပညာသင်ကြားရင်း အလုပ်လုပ်ကိုင် နေခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က ၀န်ကြီးဦးစိုးသိန်းသည် တပ်မတော်တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်သာ ရှိသေးသည့် အတွက် ၎င်း၏ သားသမီးများမှာ ဖခင်အရှိန်အ၀ါဖြင့် ပြည်ပသို့ သွားရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ပညာသင်ဆု ရငွေနှင့် အလုပ်လုပ်ခြင်းမှ ရငွေများဖြင့် ကျောင်းတက်ခဲ့ပြီး ၀န်ကြီးဦးစိုးသိန်း၏ ရာထူးတာဝန်ကို အသုံးပြုပြီး ငွေကြေးအခွင့်အရေးကို သားသမီးများမှ ရယူခြင်း မရှိခဲ့ကြောင်း၊ သူတို့ပညာ၊ သူတို့အလုပ် လုပ်ကိုင်မှုမှာ ၀င်ငွေရှာဖွေ ရပ်တည်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိကြောင်း ဖြေကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ဖြေကြားရာတွင် ''ကလေးများ အနေနဲ့ ဖခင်ရဲ့ ရာထူး၊ တာဝန်ကို အသုံးပြုပြီး ငွေကြေး၊ အခွင့်အရေး ရယူခြင်း မရှိပါဘူး။ သူတို့ပညာနဲ့ အလုပ်လုပ်ကိုင် ၀င်ငွေရှာဖွေ ရပ်တည်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိမှာပေါ့ဗျာ။ ၀န်ကြီး ဦးစိုးသိန်းကလည်း သူ့သားသမီးများ အနေနဲ့ ဖခင်ရဲ့ အရှိန်အ၀ါကိုသုံးပြီး ငွေကြေး အမြောက်အများကို နိုင်ငံခြား ဘဏ်စာရင်းတွေ ဖွင့်ထားတယ် ဆိုတာ သက်သေ အခိုင်အမာ ရှိရင်ပြောပါ။ သူ့ကိုအရေးယူ နိုင်ပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မှန်းဆချက်များနဲ့ စွပ်စွဲပြောဆိုရင်တော့ သူ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ပြည်သူတွေ သံသယရှင်း စေဖို့အတွက် လုပ်ဆောင်ရပါ လိမ့်မယ်လို့ ကျွန်တော့်ကို ဒီနေ့ပဲ ထပ်မံ ရှင်းပြပါတယ်'' ဟု ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စွပ်စွဲချက်များ ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ''အခုလို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ပတ်သက်ပြီး စွပ်စွဲချက်များ ပေါ်ထွက်လာခြင်းဟာ ဦးစိုးသိန်း အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်တဲ့အခါ အရင်အစိုးရ လက်ထက်က ရာထူး၊ အာဏာ၊ အဆက်အသွယ်များကို အသုံးပြုပြီး လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်များ ရယူထားတဲ့ သူအချို့ နစ်နာခဲ့ရတာနဲ့ ပတ်သက်နိုင်တယ်လို့ ထင်ပါတယ်'' ဟု ၎င်း၏ ထင်မြင်ယူဆ ချက်ကိုပါ ထည့်သွင်း ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ ယခင်အစိုးရ လက်ထက်က ငွေကြေးဆိုင်ရာများ စီမံခန့်ခွဲမှု အပိုင်းများတွင် ပတ်သက် ဆောင်ရွက်မှု များပြားခြင်း မရှိခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူ ခဲ့ပြီးနောက် စက်ရုံ၊ အလုပ်ရုံ၊ မြေကွက်နှင့် အဆောက်အဦများအား ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၊ ပုဂ္ဂလိသို့ လွှဲပြောင်းခြင်း ပြုလုပ်မှုများကို ဆောင်ရွက်ရာတွင် ပါဝင်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးနိုင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခွင့် ရရှိခဲ့ပြီး လုပ်ငန်းပေါင်း များစွာကို ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုပေးရာတွင် စီးကရက်၊ ဘီယာ၊ အဖျော်ယမကာ စက်ရုံများစွာကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း၊ အစိုးရသစ် လက်ထက်တွင် စက်မှုဝန်ကြီး ဌာနအဖြစ် ပေါင်းစည်းခြင်း မပြုခင်မှ ပေါင်းစည်းပြီး ယနေ့အထိ ၎င်းအပါအ၀င် ပြည်ထောင်စုဝန်ကြီး လေးဦးအထိ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ၎င်းတာဝန် မယူတော့သည့် နောက်ပိုင်းတွင် ၀န်ကြီးနှစ်ဦး အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတလက်ထက် စီးပွားရေး လုပ်ငန်းရှင် အများအပြားနှင့် ရင်းနှီးသူ ဖြစ်ကြောင်း၊ ထိုသို့သော အကြောင်းများကြောင့် ယခုကဲ့သို့ ၀န်ကြီးဦးစိုးသိန်းအပေါ် စွပ်စွဲချက် ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။