Monday, September 2, 2013

အမ်အိုင်ဂျီ - ၂၉ နဲ့ အကျိုးနည်းတော့မည်

(စည်းလုံးခြင်းရဲ့အင်အား)

မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်တွင် ရပ်တန့်ထားသော Mig-29

ဆောင်းပါးရှင်- ဂါမဏိ

၂၀၀၁ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တုန်းက ယိုးဒယား - ဗမာ စစ်ပွဲအတွင်း ယိုးဒယားလေတပ်ရဲ့ (အမေရိကန်လုပ်) အက်ဖ် - ၁၆ တိုက်လေယာဉ်တွေရဲ့ အရသာကို ခပ်စပ်စပ်ကလေး မြည်းလိုက်ရလို့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီးတို့ဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကုန်ပြီး အက်ဖ် - ၁၆ ကို ယှဉ်နိုင်မယ့် စစ်လေယာဉ်ကို အသည်းအသန် လိုက်ရှာဝယ်ခဲ့ပါတယ်။ ဒါနဲ့ဘဲ ၂၀၀၈ ခုနှစ်မှာ ရုရှားနိုင်ငံဆီက အမ်အိုင်ဂျီ -၂၉ အဟောင်းတွေကို ပွဲစားကြီးတေဇ အကျိုးနဲ့ (၂၂) စီး စတင်ရောက်ရှိလာခဲ့ပါတယ်။


၂၀၀၉ ခုနှစ်မှာ နောက်ထပ်အစီး (၂၀) ဝယ်ခဲ့ရာ (၁၂) စီး ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ရှေ့ပြေးဝင်လာတဲ့ လေယာဉ် (၁၂) စီး မှာ MiG-29 B အမျိုးအစား(၁၀)စီး နဲ့ MiG-29 UB အမျိုးအစား လေ့ကျင့်ရေး နှစ်ယောက်မောင်း (၂) စီး ဖြစ်ပြီး စုစုပေါင်း (၁၂) စီး ဖြစ်ပါတယ်။ ဒလခ မှာ (၆) စီးနဲ့ လကသ မှာ (၆) စီး (B-5 စီး+ UB 1 စီး) ခွဲထားပါတယ်။ အဆိုပါ (၁၂) စီးတွင် လက်နက်အစုံပါရှိတဲ့ လေယာဉ်ဟာ (၆) စီးသာပါရှိပြီး အဲဒီ (၆) စီးထဲမှာတောင်မှ HMS စနစ်ပါတဲ့ လေယာဉ်က (၃) စီးစာသာ ပါပါတယ်။ အဆိုပါလေယာဉ်များဟာ မြေပြင်ရေဒါတွေနဲ့ ပေါင်းစပ် တိုက်ပွဲဝင်နိုင်မှု အဆင်ပြေခြင်း မရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီလို လေယာဉ်တွေမှာ လက်နက်အစုံ ပစ္စည်းအစုံ ပါမလာတာတွေ ဖြစ်နေပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ ရေဒါဖျက်စက် radar-jamming device မပါလာတာ တဝက်ကျော် ရှိနေလို့ ထပ်ဝယ်တပ်ရပါတယ်။

 မြန်မာ့လေတပ်မှ Mig-29

အမ်အိုင်ဂျီ -၂၉ ကို ရုရှားနိုင်ငံ (ယခင်က ဆိုဗီယက်ပြည်ထောင်စု) မှာ ၁၉၇၇ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ကော်မရှင် ရခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် လေယာဉ်သက်တမ်း နှစ် ၃၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။ ရုရှားနိုင်ငံကလည်း အမ်အိုင်ဂျီ -၂၉ ကို မွမ်းမံထိန်းသိမ်းတာ အဆင့်မြှင့်တာတွေ မလုပ်တော့ဘဲ အက်စ်ယူ -၂၇ နဲ့ အမ်အိုင်ဂျီ - ၃၁ တို့ကိုဘဲ အလေးပေး အဆင့်မြှင့်တာတွေ လုပ်နေပါတော့တယ်။

၂၀၀၈ ခုနှစ်ထဲမှာ ရုရှားလေတပ်က အမ်အိုင်ဂျီ -၂၉ ၊ (၂) စီး ပျက်ကျခဲ့ပြီးနောက် အမ်အိုင်ဂျီ -၂၉ တွေကို ပျံသန်းခွင့် ပိတ်လိုက်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမ်အိုင်ဂျီ -၂၉ အားလုံးကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး အစီး (၁၀၀) လောက်ကိုဘဲ ပျံသန်းခွင့် ပေးခဲ့ပါတယ်။ အဓိက ပြဿနာက အမ်အိုင်ဂျီ -၂၉ တွေဟာ စတင်ထုတ်လုပ်ကတည်းက အမြီးပိုင်းမှာ သံချေးကိုက် လှိုက်စားပြီး အက်ကွဲမယ့် အလားအလာရှိခဲ့တာ ဖြစ်ပါတယ်။ အခု မြန်မာပြည်ကိုရောင်းတဲ့ လေယာဉ်တွေမှာ ဒီချို့ယွင်းချက်ကို ပြုပြင်ပြီး မပြီး ဆိုတာကတော့ စီးကြည့်လို့ ပျက်ကျမှ သိနိုင်ပါတယ်။

အရှေ့ဂျာမဏီမှာ ကွန်မြူနစ်စနစ် ပြိုကွဲသွားပြီး အနောက်ဂျာမဏီနဲ့ ပြန်ပေါင်းသွားတဲ့အခါ အရှေ့ဂျာမဏီ၊ ဂျာမန် လေတပ်မှာရှိတဲ့ အမ်အိုင်ဂျီ -၂၉ တွေကို အမေရိကန် သိပ္ပံပညာရှင်တွေ ၁၉၉၁ ခုနှစ်မှာ လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိတာက အမ်အိုင်ဂျီ-၂၉ ဟာ တာတို လေယာဉ် စီးချင်းထိုးရာမှာ အမေရိကန်ထုတ် အက်ဖ် - ၁၅ ထက်သာတယ်၊ အမြန်နှုန်းနိမ့်မှာ ထိန်းသိမ်းကိုင်တွယ်ရ ပိုကောင်းတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အဓိက အားကောင်းချက်က လေယာဉ်မှူး ဦးထုပ်မှာ တပ်ဆင်ထားတဲ့ လက်နက်ဆိုက် (ပစ်မှတ်ချိန်ခွက်) Helmet Mounted Weapons Sight (HMS) ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆိုက်ဟာ မျက်စိမြင်ကွင်းထဲရှိသမျှ ပစ်မှတ်တွေကို (၄၅ ဒီဂရီ စောင်းတာတောင်) မလွဲစတမ်း ချိတ်နိုင်စွမ်းရှိပါတယ်။ 

အမေရိကန်လေယာဉ်တွေကတော့ ရှေ့တည့်တည့် မှန်ပြူတင်း မြင်ကွင်းကျဉ်းကျဉ်းလေးထဲက ပစ်မှတ်တွေကိုဘဲ ချိတ်နိုင်ပါတယ်။ ၂၀၀၃ ခုနှစ်ကျမှ အမေရိကန်က HMS စနစ်ကို တီထွင် တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗမာပြည်ကိုရောင်းတဲ့ အမ်အိုင်ဂျီ -၂၉ အားလုံးမှာ ဒီဆိုက် ပါမပါ မသေချာပါ။ အီလက်ထရွန်းနစ် ပစ္စည်းတွေ ပါမလာတာ အတော်များတယ်လို့ သိရပါတယ်။

၁၉၉၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်လာတဲ့ မော်လ်ဒိုးဗားနိုင်ငံဆီက အမ်အိုင်ဂျီ -၂၉ (၁၄) စီးကို အမေရိကန်က ဝယ်ခဲ့ပါတယ်။ ဒီလေယာဉ်တွေမှာ ရေဒါဖျက်စက် တပ်ဆင်ထားပြီး နျူကလီးယားလက်နက် တင်ဆောင်နိုင်ပါတယ်။ အမေရိကန်ဟာ ဒီလေယာဉ်တွေကို တစ်စစီဖြုတ်ပြီး အားကောင်းချက် အားနည်းချက် လျှို့ဝှက်ချက် အားလုံးကို အိတ်သွန်ဖာမှောက် လေ့လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် နောင်မှာ အမ်အိုင်ဂျီ -၂၉ စစ်လေယာဉ်တွေကို တန်ပြန်ချေမှုန်းဖို့ နည်းလမ်းတွေ ဗျူဟာတွေချမှတ်၊ လက်နက် ပစ္စည်းကိရိယာတွေ တီထွင် တပ်ဆင်နိုင်ခဲ့ပါတယ်။
 
 မြန်မာ့လေတပ်မှ Mig-29

ဒီကနေ့ထိ စစ်ပွဲတွေမှာ အမ်အိုင်ဂျီ -၂၉ ရဲ့ စွမ်းဆောင်ရည်သမိုင်းကို ကြည့်လိုက်ရင် အားရစရာ မရှိပါဘူး။
- ၁၉၈၀ ကနေ ၁၉၈၈ ခုအထိ ဖြစ်ခဲ့တဲ့ အီရန် - အီရတ်စစ်ပွဲမှာ အဆင့်အမြင့်ဆုံး စစ်လေယာဉ်အဖြစ် အီရတ်က မီးရတ်ဂ်ျ -၂၀၀၀ နဲ့ အမ်အိုင်ဂျီ -၂၉ တွေ သုံးခဲ့ပြီး အီရန်က အက်ဖ် - ၁၄ တွေနဲ့ တိုက်ခဲ့ပါတယ်။ 
အီရန်က အဆင့်နိမ့်တဲ့ အက်ဖ် - ၄၊ အက်ဖ် - ၅ တွေကိုလဲ သုံးခဲ့ပြီး အီရတ်ကတော့ အမ်အိုင်ဂျီ -၂၁၊ အမ်အိုင်ဂျီ -၂၃၊ အက်စ်ယူ -၂၀၊ အက်စ်ယူ - ၂၂၊ မီရတ်ဂ်ျ အက်ဖ် - ၁ တွေကိုလဲ သုံးခဲ့ပါတယ်။ အီရတ်ဘက်က အမ်အိုင်ဂျီ - ၂၉ (၄) စီး ထိခဲ့ပေမဲ့ လေယာဉ် စီးချင်းထိုးရာမှာကျတာ မဟုတ်ဘဲ ကွင်းမှာတင် ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။ တခြား စစ်လေယာဉ်တွေတော့ နှစ်ဖက်စလုံးမှာ အတော်များများ ထိခဲ့ကြပါတယ်။

- အဲဒီ အီရန် - အီရတ် စစ်ပွဲအတွင်း ရဟတ်ယာဉ် စစ်ပွဲမှာတော့ အီရန်ရဲ့ (အမေရိကန်လုပ်) အေအိပ်ခ်ျ - ၁ ဆူပါကော်ဘရာ ရဟတ်ယာဉ်တွေနဲ့ အီရတ်ရဲ့ (ရုရှားလုပ်) အမ်အိုင် - ၂၅ (ဗမာပြည်ကို ရောင်းပေးတဲ့ အမ်အိုင် - ၂၄ နဲ့အတူတူ) လေကြောင်းတိုက်ပွဲမှာ ၁၉၈၀ စက်တင်ဘာလတွင် အမ်အိုင် - ၂၅ (၂ ) စီး၊ ၁၉၈၁ ဧပြီလမှာ အမ်အိုင် - ၂၅ ( ၂ ) စီး ပျက်ကျသွားပါတယ်။

- ၁၉၉၁ အီရတ် - အမေရိကန် ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန် အက်ဖ် - ၁၅ တိုက်လေယာဉ်တွေက အီရတ် အမ်အိုင်ဂျီ - ၂၉ (၂ ) စီးကို ပစ်ချနိုင်ခဲ့ပါတယ်။

- ၁၉၉၆ အောက်တိုဘာလမှာ ဂရိနိုင်ငံနဲ့ တူရကီနိုင်ငံ ပဋိပက္ခဖြစ်ရာမှာ ဂရိလေတပ်မှ (ပြင်သစ်လုပ်) မီးရတ်ဂ်ျ ၂၀၀၀ တိုက်လေယာဉ်က တူရကီလေတပ်ရဲ့ အက်ဖ် - ၁၆ ကို ပစ်ချနိုင်ခဲ့ပါတယ်။

- ၁၉၉၉ ကိုဆိုဗိုစစ်ပွဲမှာ နေတိုးအဖွဲ့ဝင် ဒိန်းမတ်လေတပ်မှ အက်ဖ် - ၁၆ က ယူဂိုဆလားဗီးယားလေတပ်ရဲ့ အမ်အိုင်ဂျီ -၂၉ တစ်စီးကို ပစ်ချခဲ့သလို အမေရိကန်လေတပ်က အက်ဖ် - ၁၆ တစ်စီးကလည်း အမ်အိုင်ဂျီ - ၂၉ တစ်စီးကို ပစ်ချနိုင်ခဲ့ပါတယ်။ အမေရိကန်လေတပ်က အက်ဖ် - ၁၅ လေယာဉ်တွေကလဲ အမ်အိုင်ဂျီ - ၂၉ (၄) စီးကို ပစ်ချခဲ့ပါတယ်။ ဒါကြောင့် ကိုဆိုဗိုစစ်ပွဲအတွင်း စုစုပေါင်း အမ်အိုင်ဂျီ - ၂၉ (၆) စီး လေယာဉ်ချင်း ပစ်ချတာ ခံခဲ့ရပါတယ်။

- ၁၉၉၉ ခု ဖေဖော်ဝါရီလအတွင်းက အီသီယိုးပီးယား - အီရီထရီးယားစစ်ပွဲမှာ အီသီယိုးပီးယားနိုင်ငံက (ရုရှား လုပ်) အက်စ်ယူ - ၂၇ တိုက်လေယာဉ်တွေက အီရီထရီးယားလေတပ်ရဲ့ (ရုရှားလုပ်) အမ်အိုင်ဂျီ - ၂၉ တိုက် လေယာဉ် (၄) စီးကို ပစ်ချခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတစ်ခုကတော့ အက်စ်ယူ - ၂၇ တွေကို ရုရှားလူမျိုး ကြေးစားစစ်သားတွေက မောင်းပြီး အမ်အိုင်ဂျီ - ၂၉ တွေကိုတော့ ယူကရိန်းလူမျိုး ကြေးစားစစ်သားတွေက မောင်းတယ်လို့လဲ ဆိုပါတယ်။

- ၂၀၀၁ ခု စက်တင်ဘာလမှာ ဆီးရီးယားလေတပ် အမ်အိုင်ဂျီ - ၂၉ (၂ စီး) ကို အဇ္ဇရေးလေတပ် အက်ဖ် - ၁၅ (၂ ) စီးက လက်ဘနွန်နိုင်ငံ ကမ်းခြေပေါ်မှာ ပစ်ချခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အနည်းဆုံး အက်ဖ် - ၁၆ အစီး (၆၀) ရှိပြီး ဘင်္ဂလားဒေ့ရှ် လေတပ်မှာတော့ အမ်အိုင်ဂျီ - ၂၉ ဘဲ အကောင်းဆုံး ရှိပါတယ်။ ထိုင်းကြည်းတပ်မှာ အေအိပ်ခ်ျ - ၁ ရဟတ်ယာဉ် (၁၀) စီးလောက်ရှိပြီး အေအိပ်ခ်ျ - ၁ ထက် ပိုအဆင့်မြင့်တဲ့ အပါချီ အေအိပ်ခ်ျ - ၆၄ ရဟတ်ယာဉ်တွေ ဝယ်ယူဖို့ ရှိနေပါတယ်။

လေကြောင်းစစ်ဆင်ရေးကို အသက်မွေးဝမ်းကျောင်း ပညာအဖြစ် လေ့လာတတ်မြောက်ထားတဲ့ ဝါရင့် မြန်မာ့တပ်မတော် (လေ) တပ်မှူးကြီးတွေ၊ လေယာဉ်မှူးကြီးတွေဟာ လေတပ် ခေတ်မှီတိုးတက်ရေး၊ အမေရိကန် အက်ဖ် - ၁၆ တွေကို ပုခုံးချင်းယှဉ် ချေမှုန်းနိုင်ရေးအတွက် အမ်အိုင်ဂျီ - ၂၉ တွေ မဝယ်ဘဲ အက်စ်ယူ - ၂၇ သို့မဟုတ် မီးရတ်ဂ်ျ -၂၀၀၀ တွေကို ဝယ်စေချင်ကြပါတယ်။

ဒါပေမဲ့ လေယာဉ်အကြောင်း၊ လေကြောင်းတိုက်ပွဲအကြောင်း နကန်းတစ်လုံးမှ မသိတဲ့ တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီးတို့ဟာ မျက်မျက်ကလေးစားရတဲ့ လက်နက်ပွဲစားက မျက်မျက်ကလေးကျွေး ရိုက်စားသွားတာကို ကျေကျေနပ်နပ် ခံယူအားပေးပြီး ပစ္စည်းမစုံ ဂိုဒေါင်အောင်း အမ်အိုင်ဂျီ - ၂၉ အဟောင်းတွေကို ဝယ်ချလိုက်တာ ဖြစ်ပါတယ်။

တခြားဝယ်ထားတဲ့ ခေတ်မှီလက်နက်တွေနဲ့ ပတ်သက်လို့ ပြောရရင် နအဖတပ်ချုပ်ကြီးတို့ အားထားနေတဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေဟာ ၁၉၈၈ ခု အင်ဂိုလာစစ်ပွဲတုံးက တောင်အာဖရိကတပ်တွေ သုံးခဲ့ရာမှာ ထိရောက်ခဲ့ပြီး ကျူးဘား - အင်ဂိုလာတပ်တွေကို ဟန့်တားနိုင်ခဲ့ပေမဲ့ တွဲဖက်ရမယ့် လေကြောင်းအသာစီးရမှု မရှိခဲ့လို့ တောင်အာဖရိက ထိုးစစ် တန့်သွားခဲ့ရပြီး အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ရပါတယ်။

အီရန် - အီရတ်စစ်ပွဲမှာလဲ အီရတ်တွေရဲ့ ၁၅၅ မမ တွေကြောင့် အီရန်တပ် ထိုးစစ်ရပ် နောက်ဆုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ လေကြောင်း အသာစီးမရှိတော့ အီရတ်မြေပြင်တပ်တွေ အီရန်နိုင်ငံထဲ ဝင်မသိမ်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပင်လယ်ကွေ့ စစ်ပွဲမှာ အီရတ် ဟောင်ဝစ်ဇာအမြောက်တွေဟာ အမေရိကန်ရဲ့ လေကြောင်း စိုးမိုးမှုအောက်မှာ ထိရောက်မှု ကျဆင်းပြီး နောက်ဆုံးမှာတော့ အမေရိကန်အထူးတပ် (ကွန်မန်ဒို) တွေရဲ့လက်ထဲ ကျဆင်းခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၁၅၅ မမ ဟောင်ဝစ်ဇာ အနည်းဆုံး အလက် ၃၂၀ ကျော် ရှိနေပါတယ်။

ဒါကြောင့် တပ်မတော်တိုးတက်ဖို့၊ နိုင်ငံကို တကယ်ကာကွယ်နိုင်ဖို့ဆိုရင် အမြင်ကျယ်ကျယ်နဲ့ တစ်ခုလုံး လွှမ်းခြုံတဲ့ စစ်ရေးအမြင်ရှိဖို့ လိုပါတယ်။ စစ်ရေးမှာ ကြည်း - ရေ - လေ လွှမ်းခြုံဖို့သာမက စစ်ရေးနဲ့ နိုင်ငံရေး - စီးပွားရေး -ပညာရေး တဆက်တစပ်တည်း မြှင့်တင်နိုင်မှ ၂၁ ရာစု ကမ္ဘာကြီးမှာ ခန့်ခန့်ညားညား ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။