Monday, September 23, 2013

အစိုးရနဲ့ လွှတ်တော် ပွတ်တိုက်မှု ဆွေးနွေးခန်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပစဉ်

အစိုးရနဲ့ လွှတ်တော်အကြား ပွတ်တိုက်မှုများ ဖြစ်လာရတဲ့ အကြောင်းရင်းကို နိုင်ငံရေး လေ့လာသူများနဲ့ နိုင်ငံတကာမှ လေ့လာသုံးသပ်နိုင်ရန် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ ဆွေးနွေးခန်းအဖြစ် တင်ပြပေးလိုက်ပါတယ်။ အဆိုပါ ဆွေးနွေးခန်းမှာ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးနဲ့ အမျိုးသား ညီလာခံ အခြေခံ ဥပဒေ ရေးဆွဲတုန်းက ပါဝင်ခဲ့တဲ့ စီမံခန့်ခွဲရေး ကော်မတီ လက်အောက်ခံ ဆပ်ကော်မတီ တစ်ခုမှ အငြိမ်းစား တပ်မတော် အရာရှိကြီး ဗိုလ်မှူးချုပ် တစ်ဦးနဲ့ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တာကို တင်ပြလိုက်ပါတယ်။


မေး။ ။ မင်္ဂလာပါခင်ဗျား၊ အခုလို ဆွေးနွေးခွင့်ရတာ ကျေးဇူးတင်ပါတယ်။ ယခုတလော အစိုးရနဲ့ လွှတ်တော်အကြားမှာ ပွတ်တိုက်သံတွေ၊ ပွက်လော ရိုက်သံတွေ၊ ပူညံပူညံနဲ့ ကြားရပါတယ်။ ကျွန်တော်တို့ လေ့လာ ဆန်းစစ်ချက်အရ အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အခြေခံဥပဒေ ခုံရုံးအဖွဲ့ကို လွှတ်တော်က ဖြုတ်ချတဲ့ကိစ္စ၊ ဆက်သွယ်ရေး ကုမ္ပဏီ ရွေးချယ်ရေး လိုင်စင်တင်ဒါ မကြေညာမှီ တစ်ရက်အလိုတွင်မှ အရေးကြီးအဆို တင်ဖို့ဆိုပြီး လွှတ်တော်က ကမန်းကတန်း ဆိုင်းငံ့ခိုင်းတဲ့ကိစ္စ၊ အဂတိ တိုက်ဖျက်ရေး ဥပဒေမှာ တစ်ဦးချင်းရဲ့ ပိုင်ဆိုင်ခွင့် ကြေငြာခိုင်းတာ အပါအဝင် သဘောထား ကွဲလွဲတဲ့ကိစ္စ၊ သမ္မတက လွှတ်တော်ကို သဝဏ်လွှာတွေ ပေးပို့နေရာမှာ စောစောပို့နေလို့ ပြည်သူက လွှတ်တော်ကို အမြင်စောင်းနိုင်တာမို့ လွှတ်တော် ဂုဏ်သိက္ခာ ထိခိုက်တယ်ဆိုပြီး ဝေဖန်တဲ့ကိစ္စ၊ သြဂုတ်လ ၂၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ Right to Recall ဟူသော ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုတ်သိမ်းခွင့်ကိစ္စ၊ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားသော မြေယာများကို လယ်သမားတွေထံ အမြန် လုပ်ဆောင်ပေးရေးနဲ့ ပြန်လည် တင်ပြရေးကို သမ္မတထံ လွှတ်တော်က ဖိအားပေးတဲ့ကိစ္စ စတာတွေ ဖော်ထုတ် ရရှိပါတယ်ခင်ဗျား။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အခြေအနေတွေကို သိရသလောက် ရှင်းပြပါဦး။

(ဝဲ မှ ယာ) NLD မှ ဦးတင်ဦး (ဗိုလ်ချုပ်ကြီးဟောင်း)၊ NLD မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်အေး

မေး။ ။ ကျွန်တော် မရှင်းတာက Right to Recall ကိစ္စမှာ ရွေးကောက်ပွဲ ကော်မရှင်က တင်တာ ဖြစ်နေလို့ အစိုးရနဲ့ လွှတ်တော် ပွတ်တိုက်မှု ဘယ်လို ပတ်သက်နိုင်တယ်လို့ ပြောနိုင်သလဲ။

ဖြေ။ ။ Right to Recall ကိစ္စနဲ့ စပ်လျဉ်းပြီး ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ကို (၆.၁၁.၂၀၁၁) ရက်ကတည်းက တင်ထားတာဗျ။ ဒါတောင် နိုင်ငံပိုင် သတင်းစာမှာ ကိုင်တွယ် ဖြေရှင်းလို့ရအောင် (၃၀.၈.၂၀၁၂) ရက်နေ့မှာ ကော်မရှင်က ကြိုတင် ကြေညာထားပြီးသားပါ။ ရွေးကောက်ပွဲ ကော်မရှင်ထံ အချို့မဲဆန္ဒနယ်က ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်ကို အားရ ကျေနပ်ဖွယ် မရှိလို့ လက်မှတ်ရေးထိုးပြီး တိုင်ကြားတဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ သိရပါတယ်။ အတည်ပြုဆဲ သတင်းအရ ဗူးသီးတောင်၊ မောင်းတောလို နယ်မြေတွေမှာ ဘင်္ဂလီအများစုရှိလို့ လွှတ်တော်အမတ်ဖြစ်လာတဲ့ ဘင်္ဂလီ အရောင်ပြောင်း White Card ကိုင် လွှတ်တော်အမတ်တွေကို အနည်းစု ဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသား အချို့က တိုင်ကြားနိုင်တယ်။ ယခုတလော ပေါင်းတည် အမျိုးသားလွှတ်တော် အမတ်တောင် ပြည်သူအချို့က မကျေနပ်လို့ အသံဗလံ ထွက်လာသေးတယ်။ အဲဒီ Right to Recall ကိစ္စကို ဆိုင်းငံ့လိုက်လို့ ပူညံပူညံ ဖြစ်ကုန်ကြတာဘဲ။ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒို့တာဝန် အရေးသုံးပါးထဲက ထိခိုက်လာနိုင်ဖွယ် အလားအလာများ ကြိုတင်မြင်လာလို့ ထပြီးပြောတာ ဖြစ်ပါတယ်။

ဖြေ။ ။ မဲဆန္ဒနယ် ပြည်သူတွေက တချို့ နားမလည်လို့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားအဖွဲ့အစည်း ရုံးစိုက်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေထံ တိုင်တာမျိုး ရှိနိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကို အဲဒီ အာဏာပိုင် အဖွဲ့အစည်းတွေကတိုင်တဲ့ Case တွေ လွှဲပေးလိုက်ဟန်တူတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ သမ္မတဦးသိန်းစိန်တို့ဟာ D.S.A (9) တပါတ်စဉ်တည်း သူငယ်ချင်းတွေဖြစ်တယ်။ အမျိုးသားညီလာခံ ကျင်းပခဲ့တုန်းက ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဦးသိန်းစိန်ကို ဦးပိုင် ကိုင်ထားတဲ့ ဦးတင်အေးက သူငယ်ချင်း လိုအပ်တာတွေ အကုန်လုပ်ပေးမယ်လို့ ပြောခဲ့ဖူးတယ်။ ဒါကြောင့် လွှတ်တော်က တင်းမာသူတချို့ မြင်နိုင်တာက အစိုးရနဲ့ ကော်မရှင် လွှတ်တော်အား အကြပ်အတည်းဖြစ်အောင် ပေါင်းရိုက်တယ်လို့ စွပ်စွဲနိုင်တယ်။ ကျွန်တော့်အထင် ပြောတာနော်။ ဟုတ် မဟုတ်တော့ မသိဘူး။ သွယ်ဝှက် သက်ရောက်မှု ဖြစ်တယ်လို့ ပြောနိုင်တာပါ။ အခြေခံ ဥပဒေခုံရုံး ကိစ္စမှာလည်း ကော်မရှင်ဥက္ကဋ္ဌက သမ္မတရဲ့ သဘောထားနဲ့ တထပ်တည်း တူတယ်လို့ သိရပါတယ်။

မေး။ ။ ဒါနဲ့ တစ်ခုရှိတာက တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ယခင်ကတော့ ဝင်ရောက် ဆွေးနွေးမှု မပြုကြဘဲ ဒီ Right to Recall ကိစ္စကျမှ ဘာလို့ထပြီး ဆွေးနွေးရသလဲ။ အစိုးရဘက်ကို တပ်မတော်က ရပ်တည်နေတယ်လို့ ပြောသံ ကြားနေရလို့ပါ။

လွှတ်တော်သို့ တက်ရောက်လာကြတဲ့ တပ်မတော်သား ကိုယ်စားလှယ်များ
 
ဖြေ။ ။ တပ်မတော်သား ကိုယ်စားလှယ်တွေကို မီဒီယာတချို့က ကျောက်ရုပ်တွေလို့ ပြောနေကြတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကြီးကတောင် ကျွန်တော်တို့ သူငယ်ချင်း လွှတ်တော်က တပ်မတော် အရာရှိတွေကို Yes, No မဖြေရကောင်းလားလို့ ငေါက်ငမ်းခဲ့ဖူးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှင်းပြချင်တာက ကျွန်တော်တို့ဟာ တပ်မတော်အဖွဲ့အစည်းကို ကိုယ်စားပြုနေတာရယ်၊ အမိန့်နာခံမှုစနစ်နဲ့ အထက်ညွှန်ကြားချက်ဆိုတဲ့ မူဝါဒတွေနဲ့ သွားနေတာရယ်၊ တစ်စုံတစ်ယောက်က ထပြောလိုက်ရင် သူ့ရဲ့အမြင်ကို ဆွေးနွေးတာလို့ မမြင်ဘဲ တပ်ချုပ်ရဲ့ အာဘော်လို့ Auto ထင်မြင် ခံရမှာစိုးရတယ်။ အတိမ်အနက်က မတူဘူး။ အခြား လွှတ်တော် ကိုယ်စားလှယ်တွေဆိုရင် မြို့နယ် တစ်မြို့နယ်ကိုသာ ကိုယ်စားပြုတဲ့အတွက် မြို့နယ်လူထုရဲ့ ဆန္ဒကို ထင်ဟပ် ပေါ်လွင်စေတယ်။ နောက်ဆုံး ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်နဲ့တောင် နှိုင်းယှဉ်လို့ မတူနိုင်ပါဘူး။ ပါတီကိုယ်စားပြုနဲ့ ရုံး၊ ဝန်ထမ်း အဖွဲ့အစည်း ကိုယ်စားပြုဆိုတဲ့ အဓိပ္ပာယ် အများကြီး ကွာခြားသွားနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသားရေး တာဝန်ဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါး ထိခိုက်လာမဲ့ ကိစ္စရပ်တွေ၊ တပ်မတော် ဖြိုခွဲမှု ဖြစ်လာနိုင်မဲ့ ကိစ္စတွေမှာ ဥပဒေတင်သွင်းမှု ရှိလာရင်တော့ ကြေကြေလည်လည် တန်ပြန် ဆွေးနွေးနိုင်ဖို့ တပ်ချုပ်က မှာထားပါတယ်။ Right to Recall ကိစ္စ တပ်မတော် အရာရှိတွေ ဆွေးနွေးခွင့် ဆက်တောင်းရတာဟာလည်း ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကိုမှ ပစ်မှတ်ထား ရည်ရွယ်ပြီး တင်ပြတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးတွေရဲ့ စရိုက်က ဆရာကြီး သိပ်လုပ်ချင်တဲ့ သဘာဝရှိတယ်။ ဥက္ကဋ္ဌတွေ ပေါတာပေါ့ဗျာ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရရင် မြန်မာတွေရဲ့ အကျင့်ကို ကြိုမြင်လို့ နိုင်ငံရေးအရ အနားယူမယ်လို့ ပြောသွားပါတယ်။ မြန်မာတွေ စည်းနဲ့ကမ်းနဲ့ ရှိဖို့လည်း ဗိုလ်ချုပ်က မှာသွားတယ်လေ။ စည်းကမ်းဆိုတာ အနောက်နိုင်ငံတွေမှာလည်း ရှိပါတယ်။ ဥပဒေကို ဘယ်သူမှ ဝင်ကိုင်လို့ မရဘူး။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို တပ်မတော်က စည်းကမ်းနဲ့ ထိန်းထားသလို သမ္မတဦးစီးတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေကိုလည်း ဥပဒေ စည်းကမ်းဆိုတာနဲ့ ထိန်းချုပ်ထားတာချည်းပါဘဲ။ လွှတ်တော် ကိုယ်စားလှယ်တွေကျမှ ဆိုင်းငံ့ဆိုတဲ့ အထူးအခွင့်အရေး ပေးတာမျိုးကျတော့ သဘာဝ မကျဘူးလို့ မြင်ပါတယ်။

ဆက်လက်ပြီး အဲဒီလို ဆိုင်းငံ့ပေးထားတာနဲ့ စပ်လျဉ်းပြီး နောက်ကွယ်မှာ အတွင်းရေးကိစ္စ ရှိနိုင်၊ မရှိနိုင် ထပ်မေးနေရင် စစ်ရုံးမှ အရာရှိကြီးအနေနဲ့ ပြောဆိုမဲ့ပုံ မပေါ်လို့ ၂၀၀၄/၂၀၀၅ ခုနှစ် အမျိုးသား ညီလာခံ စီမံခန့်ခွဲရေး ကော်မတီ၊ ဆပ်ကော်မတီ တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား တပ်မတော် အရာရှိကြီး ဗိုလ်မှူးချုပ်တစ်ဦးအား နောက်အပိုင်းမှာ ဆက်လက် မေးမြန်းချက်ကို တင်ပြသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။