Monday, September 23, 2013

တပ်မတော်နဲ့ အမေရိကန် ဆက်ဆံရေး နီးကပ်လာပြီလော

(စည်းလုံးခြင်းရဲ့အင်အား)

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Mr. Chuck Hagel (ဝဲ) နဲ့ မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် (ယာ) တို့ ဘရူနိုင်းနိုင်ငံ Jerudong မြို့ရှိ Empire Hotel မှာ သြဂုတ်လ ၂၈ ရက်နေ့ ၂၀၁၃ က တွေ့ဆုံခဲ့စဉ်
 
အမေရိကန် အစိုးရအနေဖြင့် Smart Power လို့ခေါ်တဲ့ အပြင်းနဲ့အပျော့ တပြိုင်နက် နည်းဗျူဟာများ ကျင့်သုံးပြီးတော့ မြန်မာအစိုးရအား ထိတွေ့ ဆက်ဆံခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို အမေရိကန်သို့ ဖိတ်ကြားကာ နီးကပ်စွာ လေ့လာခဲ့ပါတယ်။ အမေရိကန်က လိုက်လျောသင့်တာထက် ပိုမို ဖြေလျော့မှု များလာလို့ အမေရိကန် ဥပဒေပြုအမတ်များ၊ လူ့အခွင့်အရေးအဖွဲ့များကတောင် စိုးရိမ်ကာ ထောက်ပြလျက် ရှိပါတယ်။
ယခုတလော ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ခေါင်းဆောင်နှစ်ဦးတို့ရဲ့ ပွတ်တိုက်မှု အသံဗလံတွေကြောင့် အမေရိကန်က တပ်မတော်ထံသို့ ပိုမို ချဉ်းကပ်လာခဲ့ကြောင်း စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ 


အမေရိကန် သံအမတ်ကြီး Derek Mitchell က ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား တွေ့ဆုံခဲ့ပြီး အမေရိကန် အစိုးရအနေနဲ့ မြန်မာ့တပ်မတော်ကို ဆက်သွယ်ကာ သင်တန်းများပေးရေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ သြဂုတ်လ (၂၈) ရက်နေ့က အမေရိကန် ကာကွယ်ရေး ဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေ လေ့လာရေး Institue (DIILS) နဲ့ တပ်မတော်တို့ ပူးတွဲပြီး နေပြည်တော်မှာ ဥပဒေရေးရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိတယ်။ အဲဒီဆွေးနွေးပွဲတွင် အမေရိကန် ရေတပ်မှ ဗိုလ်မှူးကြီး Robert Sanders က ဦးဆောင်ကာ တပ်မတော်မှ အရာရှိ (၂၀) ကို သင်တန်း ပို့ချပေးခဲ့ရာမှာ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေ၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စစ်ဌာနချုပ်များရဲ့ တာဝန်ဝတ္ထရားများတို့ကို ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က တပ်မတော်မှ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်နဲ့ တွေ့ဆုံခဲ့ကာ အစိုးရရဲ့ လုပ်ဆောင်မှုအပေါ် ချီးကျူးကာ ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် Mr. David Cameron (ယာ) နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် (ဝဲ)
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ် လှည့်လည်ခဲ့စဉ်က တပ်မတော်အင်အား တောင့်တင်းရေး ဖြည့်ဆည်းဖို့ ကြိုးစားခဲ့ရာ အားရကျေနပ်မှု မရှိကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက ဆိုပါတယ်။ အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နိုင်ငံမှ ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ အရည်အသွေး သာလွန် ကောင်းမွန်တာကြောင့် တပ်မတော် အရာရှိအများစုက နှစ်သက် လိုလားကြပါတယ်။ ရှေ့တန်းမှာ US Equitment၊ ရေဗူး ဝတ်ဆင်နိုင်တယ်ဆိုရင်ဘဲ ကျန်တဲ့ အရာရှိများက ရင်သပ်ရှုမော အားကျ မေးမြန်းကြတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ တပ်မတော်ရဲ့ အင်အားဟာ လေးသိန်းကျော် ရှိလာပြီမို့ အရှေ့တောင်အာရှမှာ အင်အားကြီးမားသလို ရှိလာပေမဲ့ တပ်ဆင်ထားတဲ့ လက်နက်ငယ်၊ လက်နက်ကြီး၊ တင့်ကား၊ ဂျက်တိုက်လေယာဉ်၊ ဒုံးပျံ၊ အမြောက်၊ လေကြောင်း ကာကွယ်ရေး စနစ်များ၊ ရေတပ် စစ်သဘောင်္များဟာ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် စွမ်းရည်လျော့ကျပြီး ခေတ်မှီဖို့ လိုနေသေးတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ သူ့လိုလားချက်က လေတပ် ခေတ်မှီ ဂျက်တိုက်လေယာဉ်ပျံများ ဖြည့်ဆည်းဖို့နဲ့ ရေတပ် ရေငုတ်သဘောင်္ ဝယ်ယူဖို့ကိုသာ စိတ်ဝင်စားကြောင်း သိရှိရပါတယ်။

မြန်မာ့ရေပိုင်နက် ကျယ်ဝန်းတာကြောင့် ရေပိုင်နက် နယ်နိမိတ် စောင့်ရှောက်နိုင်ဖို့ ရေငုတ်သင်္ဘော မဖြစ်မနေ လိုအပ်နေရာ ကုန်ကျစရိတ် သက်သာစေဖို့ ရည်မှန်းရာ ရေငုတ်သဘောင်္ ကိုယ်ပိုင် တည်ဆောက်ဖို့ကျတော့လည်း နည်းပညာနဲ့ သံ၊ သံမဏိ၊ သတ္တု၊ ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ များနေတာကြောင့် ဝယ်ယူဖို့ဘဲ အားသန်နေပါတယ်။ လက်ရှိ ရထားတဲ့ MIG – 29 လေယာဉ်အုပ်ကတော့ ခံစစ်အတွက်သာဖြစ်ပြီး လေကြောင်းစစ်ဆင်ရေး နည်းဗျူဟာအရ တန်ပြန် တိုက်စစ်အတွက် နောက်ထပ် MIG – 29 အုပ်တစ်အုပ် လိုပါသေးတယ်။ ရုရှားက MIG – 29 ဂျက်တိုက်လေယာဉ်တွေက ဈေးကြီးမားတာကြောင့် ဝယ်ယူရန် တုံ့ဆိုင်းနေတယ်လို့ သိရှိရပါတယ်။

ထိုင်းရေတပ် စစ်သဘောင်္ H.T.M.S ANGTHONG အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လှည့်လည် လေ့လာ ကြည့်ရှုနေစဉ်
 
ဗြိတိန်နိုင်ငံကလည်း တပ်မတော်ကို ခေတ်မှီအောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့အကြောင်း သမ္မတ ဦးသိန်းစိန် ခရီးစဉ်မှာ ဂတိကဝတ် ပြုခဲ့ပါတယ်။ မကြာသေးမှီ ကာလက အမေရိကန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်သဘောင်္တစင်း ရောင်းချမယ့်သတင်း ထွက်ပေါ်လာလို့ရယ်၊ ထိုင်းကလည်း ရေငုတ်သဘောင်္ ဝယ်ယူမယ်ဆိုတဲ့ သတင်း ထွက်ခဲ့တာရယ်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တစ်ယောက် လှုပ်လှုပ်ရွရွ ဖြစ်သွားကြောင်း ကက (ကြည်း) နဲ့ နီးစပ်သူများက ဆိုပါတယ်။ 

အမေရိကန်က ထိုင်းနိုင်ငံမှတဆင့် မြန်မာ့တပ်မတော်ကို ထိတွေ့ ဆက်ဆံခိုင်းတယ်လို့ စစ်ဖက်နီးစပ်သူများက မြင်ပါတယ်။ မြန်မာနဲ့ ထိုင်း တပ်မတော် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှာ မြန်မာ့တပ်မတော်အနေနဲ့ နယ်နိမိတ် တိုင်းတာရေး ကိစ္စ အဓိက တောင်းဆိုသွားသလို ထိုင်းဘက်ကလည်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကိစ္စ၊ ခေါင်းစဉ်ကို အဓိကထား ဆွေးနွေးသွားတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တစ်ယောက် ထိုင်းရေတပ် စစ်သဘောင်္ H.T.M.S ANGTHONG ကို သွားရောက် လေ့လာခဲ့တာကို တွေ့ရပါတယ်။ အခါအခွင့်သင့်တုန်း ထိုင်းအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့အကြား ပွတ်တိုက်မှုအပေါ် တပ်မတော်ရဲ့ ရပ်တည်ချက်အား မေးမြန်း တီးခေါက်နိုင်ပြီး အမေရိကန် အစိုးရရဲ့ လိုလားချက် မေးခွန်းများကိုလည်း ဖြည့်စွမ်းမေးမြန်းနိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ အမေရိကန်ကတော့ တပ်မတော်အား အုပ်ချုပ်ရေး အာဏာ စွန့်လွှတ်ဖို့ တောင်းဆိုချက်ဟာ လက်တွေ့ မြန်မာ့နိုင်ငံရေး အခြေအနေအရ တပ်မတော်ဘက်က လက်မခံနိုင်သေးတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။

"Knight Grand Cross ( First Class ) of the Most Noble Order of the Crown of Thailand" တော်ဝင်ဘွဲ့တံဆိပ်အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn မှ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တပ်ဆင်ဂုဏ်ပြုနေစဉ်
 
အမေရိကန် အနေနဲ့ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး မဟာဗျူဟာအရ တောင်အာရှနဲ့ အရှေ့တောင် အာရှကြား ဗဟိုတည့်တည့်မှာ ရှိနေတာကြောင့် အရေးပါပြီး တရုတ်ကို ဆိုင်ထားတာမို့ ချဉ်းကပ်ချင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူး ရရှိဖို့လည်း အမေရိကန်က ထိတွေ့ဆက်ဆံတာ ဖြစ်ပါတယ်။ အမေရိကန် ဝင်လာမှာကို ကြိုတင် တွက်ဆပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါဝါ ကစားနေတာကိုလည်း အမေရိကန်အစိုးရက သိနေပါတယ်။ အမေရိကန်နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ မတူဘဲ ရက်ရက်ရောရော ပေးကမ်းတတ်တာကြောင့် အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ယောက် လိုလားနိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိဖို့ တပ်မတော်ရဲ့ ထောက်ခံမှုအား ဖြစ်ထွန်းလာရေး အကောင်အထည်ဖေါ် ဆောင်ရွက်လာနိုင်ခဲ့ရင် အတိုင်းထက်အလွန် အမေရိကန်က ကြိုဆိုဖို့ လမ်းပွင့် ကူညီပံ့ပိုး ဆောင်ရွက်ပေးမဲ့ အလားအလာ တွေ့မြင်ရပါတယ်။ လောလောဆယ် နိုင်ငံတကာက စောင့်ကြည့်နေတာရယ်၊ တစ်ဖက်နဲ့ တစ်ဖက် ဂုဏ်သိက္ခာကျမှာ စိုးရိမ်လို့ ရှိန်နေတာရယ်ကြောင့် အမေရိကန်က မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အကြောင်းပြကာ မြန်မာနိုင်ငံသို့ ချဉ်းကပ် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ 

မူးယစ်ဆေးဝါးကိစ္စ နှိမ်နင်းရေးဆိုရင် ပင်ရင်းဇစ်မြစ်က ရဲ Case ဆိုပေမဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရှိရာ နယ်မြေတွေမှာ အဖြစ်များတာကြောင့် တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တပ်မတော်နေ့ အခမ်းအနားမှာ ဖိတ်ကြားခြင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်ရဲ့ နေရာပေး ထောက်ခံမှု အလားအလာကောင်းများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြုမူ ဆောင်ရွက်လာမယ်ဆိုရင် အမေရိကန်ရဲ့ ကူညီပံ့ပိုးမှု ရရှိဖို့ အဆင်သင့်ဖြစ်နိုင်တယ် ဆိုတာကို သုံးသပ်မိပါကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့ခဲ့ပါတယ် ခင်ဗျား။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။