Monday, September 9, 2013

စစ်အာဏာရှင် စနစ်ဆိုးရဲ့ သားကောင်များ - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

ပေါ်တာတစ်ဦးနဲ့အတူ စစ်သည်တစ်ဦး 

ဒါ့အပြင် ကယားပြည်နယ် ဖားဆောင်းမြို့အတွင်း သံလွင်မြစ်ကမ်းနား ကပ်ရက်တွင် နေထိုင်သော ရွာလူကြီးလုပ်ခဲ့တဲ့ မုဆိုးကြီးဖြစ်သူ ဖထီးကြီးနဲ့ အဆက်အသွယ်ရကာ မေးမြန်းခဲ့ပါတယ်။ အဲဒီ ဖထီးကြီးဟာ အသက် (၇၅) နှစ် ရှိပြီဖြစ်ရာ မဆလခေတ်ကတည်းက တပ်မတော်နဲ့ တွဲခဲ့ဖူးကြောင်း သိရပါတယ်။

 
“ဖထီး၊ ဝါလာကေး၊ နေကောင်းတယ်နော် မင်္ဂလာပါ။ ဒီလိုပါ ကျွန်တော်တို့ သိချင်တာက တပ်မတော် ရှေ့တန်း တပ်ရင်းတွေ ရောက်လာပြီဆိုရင် သူတို့နဲ့ ဖထီးတို့ရဲ့ ဆက်ဆံရေး၊ ရွာသားတွေရဲ့ တုံ့ပြန်မှုတွေကို ရှင်းပြပေးပါဦး”

“ကယားပြည်နယ်က နယ်မြေကြမ်းတယ်၊ ကျောက်တောင်တွေပေါ၊ မိုင်းပေါ၊ ရွာတစ်ရွာနဲ့တစ်ရွာ အဝေးကြီးတွေ တည်ထားတဲ့အပြင် အခက်ဆုံးက တစ်ရွာနဲ့တစ်ရွာ ဘာသာစကား မတူတာဘဲ။ ကရင်နီမှာ ဘာသာစကား ခက်တော့ ပိုဆိုးတယ်။ ဒီထက်ပိုဆိုးတာက ရေရှားတယ်ကွ၊ ဒါကြောင့်မို့ ကယားပြည်နယ် ဝင်လာတဲ့ တပ်မတော် စစ်ကြောင်းတွေ အထာမသိရင် လန်ပြန် ထွက်သွား ကုန်တယ်၊ S - 2 ဗိုလ်ချုပ်ကြီးတင်ဦးဆိုရင် “ဟင်” ဆိုပြီး ခေါင်းခါသွားရတဲ့အထိ ဖြစ်သွားဖူးပါတယ်။ တပ်မတော်က စစ်ကြောင်းတွေကို ပေါ်တာ အလှည့်ကျ စီစဉ်ပေးရတယ်။ ဘာသာစကား နားမလည်တော့ ပိုခက်ခဲကာ နားလည်မှုလွဲပြီး စစ်ကြောင်းမှူးတချို့ စိတ်တိုတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီလောက် အဆိုးဝါးကြီး မဆက်ဆံပါဘူး။ သူတို့က လမ်းပြနိုင်ရင်ဘဲ နို့ဆီတွေပေး၊ ကျေးဇူးတင်ကြောင်း ပြောတာရှိတယ်။ အဘ အကြိုက်ဆုံး တပ်ရင်းမှူး တစ်ဦးပြောရရင် ၁၉၉၉ ခုနှစ်တုန်းက တပ်မ (၅၅) မှ ခမရ (၅၀၈) တပ်ရင်းမှူးဆိုရင် တော်တော် သဘောထားကောင်းတယ်။ ရှေ့တန်း သူဦးစီးတဲ့ နယ်မြေဧရိယာမှာ တပ်အခြေစိုက် စခန်းကြီးတစ်ခုကို (ဖျက်သင့်/ မသင့်) ဖထီးကိုတောင် လာဆွေးနွေးသေးတယ်။ သူက ဖျက်ချင်တယ်ပြောတော့ အံ့သြသွားတာပေါ့။ မကြာပါဘူး သူတင်ပြလိုက်လို့ စခန်း ဖျက်သိမ်းခွင့် ရသွားတယ်။ ရှေ့တန်းအခြေစိုက် စခန်းရှိရင် ရိက္ခာ ပို့ရတာမို့ လူထုဒုက္ခရောက်တာပေါ့။ သူ့ရဲဘော်တွေကို ဖားဆောင်းမြို့မှာ ရိက္ခာထုတ်လာတိုင်း စည်းကမ်းတကျရှိဖို့ ဆုံးမပြီး တခါ စည်းကမ်းပျက်လို့ဆိုတဲ့ တပ်စိတ်တစ်စိတ်ကို မြို့ပြင် အဝေးကြီး တောင်ကုန်းကို မောင်းထုတ်လိုက်တာ တွေ့လိုက်ရတယ်။ 
တိကျပြီး စည်းကမ်းရှိတာမို့ သူ့တပ်ရင်း ဆိုရင် ဖါးဆောင်းမြို့ပေါ်မှာဘဲ သူ့ရဲဘော်တွေ ပင်ပန်းလို့ဆိုကာ တစ်ပတ်တိုင်တိုင် နေထိုင်သွားတာ ဘာမှ မဖြစ်ခဲ့ပါဘူး။ အထက်ကလည်း မြို့မှာပြဿနာမတက်လို့ အသာမှေး နေတာပေါ့ကွာ။ စခန်းမဖျက်ခင်တုန်းက သူ့လက်အောက်ခံ အဲဒီအခြေစိုက် စခန်းကြီးကို လစဉ်ရိက္ခာဖြည့်တင်းဖို့ ရှိရာမှာ ဖထီးတို့ကလည်း တပ်ရင်းမှူးအား တပ်ကလိုက်ရန် မလိုဘဲ ကျွန်တော်တို့ဖာသာ စခန်းကို ရိက္ခာပို့ပါရစေ။ ဆန်တစ်စေ့ မပျောက်စေရဘူး။ ယုံရင် ရိက္ခာထည့်ပေးလိုက်လို့ ဆိုတာနဲ့ တပ်ရင်းမှူးက ဝမ်းသာအားရနဲ့ ကြိုဆိုပြီး ဖထီးကောင်းသလို လုပ်ပါ အပ်ပါတယ်ဆိုလို့ ဖထီးတို့လည်း ရွာသားတွေ စုစည်းပြီး တက်ညီလက်ညီ စေတနာနဲ့ ပို့ပေးလိုက်တယ်။ အပြန်အလှန် ယုံကြည်မှု နွေးထွေးမှု ရှိတဲ့သဘောပေါ့။ အဲဒီတပ်ရင်းက ငြိမ်းချမ်းရေး ရယူထားတဲ့ တပ်တွေနဲ့လည်း ဆက်ဆံရေးကောင်းပြီး စည်းရုံးရေး ကောင်းတာမို့ ဖထီးတွေ့သမျှ တပ်ထဲမှာ အကောင်းဆုံး တပ်ရင်းပေါ့ကွာ” လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခု

ဒီဖြစ်စဉ်တွေနဲ့ တင်ပြထားချက်တွေအပေါ် လေ့လာ သုံးသပ်ရရင် စစ်ကြောင်းတွေက ပေါ်တာတွေကို ရုန့်ရင်းကြမ်းတမ်း ဆက်ဆံတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာလည်း ထွက်ပြေးသွားတဲ့ ပေါ်တာတွေကို အားကျပြီး ကျန်တဲ့ပေါ်တာတွေ ထွက်ပြေးမှာ စိုးရိမ်လို့ရယ်၊ အခကြေးငွေယူပြီး တာဝန်ကျေ သတ်မှတ် အချိန်ကာလတောင် ပြည့်အောင်မလုပ်ဘဲ ထွက်ပြေးခဲ့တာမျိုးရယ်၊ ခရီးရှည်ကြီး ချီတက်ရတာမျိုးနဲ့ စစ်ကြောင်းတွေက ကတိပျက်ပြီး သတ်မှတ်ချိန် မလွှတ်သေးဘဲ ဆက်ထိန်းတာမျိုးကြောင့် ထွက်ပြေးတာမျိုး စတာတွေအပေါ်မှာ ကြမ်းတမ်းတာမျိုး ရှိနိုင်ပါတယ်။

ဒါပေမဲ့ ပေါ်တာထွက်ပြေးတာ ရှိခဲ့ရင် သူတို့ရဲ့ အထမ်းတွေက စစ်သည်တွေရဲ့ ကျောပေါ်ကို မလွှဲမသွေ ရောက်ကြပါလိမ့်မယ်။ ဒါကြောင့် ပေါ်တာတွေ ထွက်မပြေးအောင်တော့ လူ့ရဲ့ သဘာဝအတိုင်း စစ်သားတွေက ချော့မော့ စည်းရုံးကြမှာ ဓမ္မတာ ဖြစ်ပါတယ်။ တပ်မတော်သား အများစုဟာ ပေါ်တာအပေါ် လူသားလို ဆက်ဆံကြပြီး နွေးထွေးမှု ရှိခဲ့တဲ့ ဖြစ်စဉ်တွေ အမြောက်အမြား ရှိခဲ့ပါတယ်။ စစ်အာဏာရှင် စနစ်ဆိုးကြောင့် သားကောင် ဖြစ်နေရပြီး ဘယ်ကိစ္စကို မဆို သိမ်းကျုံးကာ မကောင်းမြင်တာ ခံရတဲ့အတွက် တပ်မတော်သား တချို့က စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေးကိစ္စ ပြင်းထန်လာတာကြောင့် တပ်မတော်မှာ ပေါ်တာစနစ်ကို ဖျက်သိမ်းကာ အကျဉ်းသားများနဲ့ အစားထိုးခဲ့ပေမဲ့ နောက်ပိုင်းမှာ အကျဉ်းသားများကိုလည်း အစားထိုးတာ မတွေ့ရတော့ကြောင်း သိရှိရပါတယ်။ နောက်တစ်ချက်ကလည်း တိုင်းရင်းသားနယ်မြေ အများစုမှာ အပစ်ရပ်ထားတဲ့အတွက် စစ်ဆင်ရေးတွေ နည်းပါးသွားတာကြောင့်လည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ပြတာနဲ့ စပ်လျဉ်းပြီး တပ်မတော်အရာရှိ တစ်ဦးက အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။

“စစ်ဆင်ရေး လုပ်နေတဲ့ စစ်မြေပြင်မှာ လူ့အခွင့်အရေး ပေတံနဲ့ တိုင်းတာလို့ မရပါဘူး။ စစ်ပွဲဆိုကတည်းက တရားသည် မတရားသည်ဆိုပြီး စွပ်စွဲချက်တွေအပေါ် သက်ဆိုင်ရာ အစိုးရက ပြန်လည်ချေပသွားတာ တွေ့ရတယ်။ ဂျပန်ဗိုလ်ချုပ်ကြီး ယာမာမိုတို လေကြောင်းခရီးစဉ်ရှိကြောင်း အမေရိကန်က ကြားဖြတ်ဖမ်းစက်နဲ့ သတင်းရပြီး တိုက်ခိုက်ခဲ့တဲ့အပေါ် မတရားဘူးလို့ စွပ်စွဲတာတွေ၊ ဂျပန်ကို အဏုမြူဗုံး ကြဲချတာတွေ၊ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ မောင်းသူမဲ့လေယာဉ် အပါအ၀င် လေယာဉ်တွေနဲ့ ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးရတာတွေ၊ အမေရိကန် ပြည်တွင်းစစ်မှာ တောင်ပိုင်းနဲ့မြောက်ပိုင်း အပြိုင်အဆိုင် လွန်ဆွဲကြတဲ့ စစ်ပွဲများတွင် ထိခိုက်ဒါဏ်ရာရခဲ့တဲ့ အရပ်သားတွေ ရှိခဲ့တာတွေအပေါ် လူ့အခွင့်အရေး စွပ်စွဲချက်နဲ့ စပ်လျဉ်းပြီး ကျော်လွှား သွားခဲ့တာချည်းပါဘဲ။ စစ်မြေပြင်ဆိုတာဟာ ငြိမ်းချမ်းရေးစာချုပ် ဒါမှမဟုတ် လက်နက်ချစာချုပ် ချုပ်ဆိုမှု မပြုမချင်း အနိုင်မရမချင်း အစွမ်းကုန် ပစ်ခတ် လုပ်ဆောင်ကြရတဲ့ သတ်မှတ်ချက်ရှိတယ်။ ဒီလိုလုပ်ဆောင်ရတဲ့ စစ်ဆင်ရေးကိစ္စတွေမှာ လူ့အခွင့်အရေးဆိုတာ မရှိဘူး” လို့ ထောက်ပြ ပြောဆိုသွားပါတယ်။

ပေါ်တာများကို ထိုက်သင့်တဲ့ အခကြွေးငွေ ငှားရမ်းခနဲ့ ရိက္ခာများ ပေးလျက်သားနဲ့ အချိန်တန် လဲလှယ်ခွင့်လည်း ပေးခဲ့သော တပ်မတော်သားများအပေါ် လူ့အခွင့်အရေး ပေတံနှင့် တိုင်းတာ ထောက်ပြတာထက် စစ်အာဏာရှင် စနစ်ကို အကောင်အထည်ဖေါ်နေသော အထက်အမိန့်ဆိုတဲ့ အာဏာပိုင်များသည်သာ တာဝန်ရှိသူဟု ထောက်ပြသင့်ပါတယ်။ ကိုးရီးယားစစ်ပွဲမှာ သမ္မတအမိန့် မနာခံလို့ အမေရိကန် ဗိုလ်ချုပ်ကြီး မက္ကအာသာ ပြုတ်သွားတာကြောင့် စစ်တပ်ရဲ့ အထက်အမိန့် နာခံရတဲ့စနစ် ပြင်းထန်မှုကို စစ်သားမလုပ်ဖူးတဲ့ လူ့အခွင့်အရေးသမားတွေ သဘောမပေါက်သေးတာ အံ့သြ နားလည်ရခက်ပါကြောင်း စည်းလုံးခြင်းရဲ့အင်အားမှ တဆင့် တင်ပြလိုက်ရပါတယ်။
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။