Tuesday, January 7, 2014

တပ်မတော်အတွင်း Commander နဲ့ Staff တို့ရဲ့ Power – Line up and Command & Control and Duty & Function (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ရုရှားသမ္မတ Vladimir Putin နဲ့အတူ အင်အားကြီး နိုင်ငံများမှ ခေါင်းဆောင်များဟာ G20 အစည်းအဝေးကို စက်တင်ဘာလ ၅ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ ရုရှားနိုင်ငံ Saint Petersburg မြို့တွင် တက်ရောက် ဆွေးနွေးကြစဉ်
 
အယ်ဒီတာအဖွဲ့ မေတ္တာရပ်ခံချက်

လုံခြုံရေး ကန့်သတ်ချက်ကြောင့် တွေ့ဆုံမေးမြန်းခန်းများနဲ့ ဆွေးနွေးခန်းများကို အချိန်နဲ့ အခြေအနေပေးသည့် အားလျော်စွာ စုစည်းတင်ပြနေရသဖြင့် ယခုသတင်းဆောင်းပါး အပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း သတင်းဆောင်းပါးတို့ကို အလှည့်ကျ အလျဉ်းသင့် သလို တင်ပြသွားပါမယ်။


လွန်ခဲ့တဲ့ လအနည်းငယ်က မပခတိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်အား ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အရပ်သားများကို တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူအဖြစ် Black List စာရင်းထည့်သွင်းဖို့ အဖွဲ့အစည်းပေါင်း (၃၀) ကျော်က အမေရိကန် သမ္မတ အိုဘားမားထံ စာစုပေါင်း တင်ခဲ့တယ်လို့ The India Express မှာ ဖေါ်ပြခဲ့ပါတယ်။ ဒီသတင်း မှန်ကန်မှု ရှိ မရှိ စုံစမ်းခဲ့ရာ နောက်ဆက်တွဲ ဆက်လက် ဖေါ်ပြတာ မတွေ့ရတော့ဘဲ အတည်ပြုဆဲလို့ဘဲ မှတ်ယူထားပါတယ်။

အလားတူ ကာကွယ်ရေး ပစ္စည်း စက်ရုံ ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးအား အမေရိကန် နိုင်ငံက Sanction လုပ်ခဲ့တဲ့အပေါ် ကွက်ပြီး လုပ်ခဲ့တဲ့အတွက် ဝေဖန်မှုများ ရှိခဲ့တယ်လို့ သတင်းဌာန တစ်ခုက ဖေါ်ပြခဲ့ပါတယ်။ တကယ်လို့ မှန်ကန်တယ်ဆိုလျှင်တောင် မပခ တိုင်းမှူးတစ်ဦး နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတစ်ဦးတည်းကိုသာ Black List လုပ်ဖို့/ Sanction လုပ်ဖို့ အရေးယူခိုင်းတာ သင့် မသင့် စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သုံးသပ်တင်ပြပေးဖို့ တိုက်တွန်းလာပါတယ်။ ဒီလို သုံးသပ်တင်ပြရာမှာ မပခတိုင်းမှူးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့အား ပုဂ္ဂိုလ်ရေးအရ ကာကွယ်ရှေ့နေလိုက်ပေးတာထက် ပစ်မှတ်နဲ့ ထိချက် လွဲနေသေးကြောင်းနဲ့ တပ်မတော်အတွင်း အာဏာစီးဆင်းမှု၊ Command & Control အမိန့်ပေး ကွပ်ကဲမှု စနစ်၊ အလွတ်သဘော တရားမဝင် ခိုင်းစေမှုတို့နဲ့တကွ တာဝန်ရှိမှု အတိုင်းအတာ ပမာဏအပြင် ဘယ်လို အရာရှိကြီးတွေ ပါဝင် ပတ်သက်နိုင်သေးတယ်ဆိုတာတွေကို အရပ်ဖက် လူ့အဖွဲ့အစည်း၊ လူထုလူတန်းစား NGO၊ Donor၊ နိုင်ငံတကာ သံတမန်များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပိုမို နားလည် သဘောပေါက်စေရန် ဖြစ်စဉ်သာဓကများနဲ့ နှိုင်းယှဉ်ဖေါ်ပြပေးဖို့ စစ်ဖက်နီးစပ်သူများက အကြံပြုထားပါတယ်။

သို့ဖြစ်ပါ၍ တပ်မတော်ရဲ့ Power-Line up and Command & Control and Duty & Functin ကို သိရှိ နားလည်ထားမှသာ အရပ်ဖက် လူ့အဖွဲ့အစည်း၊ လူထုလူတန်းစား NGO၊ Donor၊ နိုင်ငံတကာ သံတမန်များဟာ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံ ပူးပေါင်း လုပ်ကိုင်ရာမှာ ဖြစ်စေ၊ တာဝန်ရှိသူ တာဝန်ပျက်ကွက်သူတွေကို အရေးယူချင်လို့ ဖြစ်စေ၊ သုံးသပ်ဖေါ်ထုတ်ချင်လို့ ဖြစ်စေ ချောမွေ့ အဆင်ပြေနိုင်မှာ ဖြစ်တာကြောင့် မျိုးချစ်တပ်မတော် အရာရှိများနဲ့ အငြိမ်းစား တပ်မတော် အရာရှိများအား တွေ့ဆုံဆွေးနွေးခြင်း၊ ဖုံး၊ အီးမေးလ်တို့ဖြင့် ဆက်သွယ် မေးမြန်းခြင်းတို့ကို သတင်းဆောင်းပါးအဖြစ် စုစည်းတင်ဆက်ထားပါတယ်။

NGO အဖွဲ့တစ်ခုဖြစ်တဲ့ Danish Refugee Council မှ ဒုက္ခသည်များအတွက် စားရိပ်ရိက္ခာများ ကူညီထောက်ပံ့နေစဉ်
 
တပ်မတော်အတွင်း ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေး အာဏာ၊ စီမံခန့်ခွဲရေးအာဏာ၊ တရားစီရင်ရေး အာဏာတွေကို ရယူဆုံးဖြတ်ခွင့် ရှိတဲ့ Commander ခေါ် တပ်ရင်းမှူး၊ ဒကစမှူး၊ (တပ်မ/ စကခ) မှူး၊ တိုင်းမှူး၊ ကစထမှူး၊ ဒုတပ်ချုပ်၊ တပ်ချုပ်ဆိုပြီး အဆင့်ဆင့် ထားရှိကြသလို အဲဒီ Commanders အမိန့်နဲ့ ညွှန်ကြားချက်၊ စီမံချက် လုပ်ငန်းတာဝန်တွေအား အကောင်အထည်ဖေါ်ရာမှာ အလုပ်ကိစ္စ တော်တော်များများမှာ ကိုယ်တိုင် လက်မှတ်မထိုးဘဲ သူတို့ကိုယ်စား လက်မှတ်ထိုး အကောင်အထည်ဖေါ်ပေးရတာ Staffs ခေါ် စစ်ဦးစီးအရာရှိများပင် ဖြစ်ပါတယ်။ စစ်ဦးစီး အရာရှိ ဆိုရာမှာ အနိမ့်ဆုံး တပ်ရင်း အဆင့် (I.O) ထောက်လှမ်းရေး အရာရှိဗိုလ်၊ ဗိုလ်ကြီးအဆင့်၊ တပ်ရေးနှင့် တပ်ထောက်ဗိုလ်ကြီးများအဖြစ် ဗိုလ်ကြီးအဆင့်တို့မှ တပ်ရင်းမှူး ကိုယ်စား လက်မှတ် ရေးထိုးခြင်းမှသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ စစ်ဘက်လက်ထောက်၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ ကိုယ်ရေးအရာရှိ၊ စစ်ဦးစီး အရာရှိချုပ်၊ စစ်ဦးစီး ဗိုလ်မှူးချုပ် စတဲ့ ရာထူးများနဲ့ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးအဆင့်ထိ ပါဝင်ပါတယ်။ တပ်တစ်တပ်မှာ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုပြီး (ဦး/ရေ/ထောက်) ထောက်တိုင် (၃) ရပ် ရှိပါတယ်။

တိုင်းစစ်ဌာနချုပ်အဆင့် ဦးစီးအရာရှိများအနက် G-3 Level ဗိုလ်ကြီးများဟာ လက်အောက်ခံ တပ်များကို တိုင်းမှူး ကိုယ်စား စာရင်းဇယား၊ အင်အား ပြန်တမ်း၊ အစီရင်ခံစာ Reports များ တောင်းခံ စီစစ်ခြင်း၊ သင်တန်း၊ ရိက္ခာ၊ စစ်ဝတ် လက်နက်ခဲယမ်း၊ သာမန် လုံခြုံရေး (လမ်းကင်း၊ လှည့်ကင်း) ကိစ္စရပ်များကို လက်မှတ်ထိုးရပြီး G-2 Level ဗိုလ်မှူးများဟာ အစည်းအဝေး ကိစ္စ၊ အမိန့်နှင့် ညွှန်ကြားချက် စီမံချက် Plan များနဲ့ မူဝါဒများ ထုတ်ပြန်ခြင်းတို့အပြင် VIP လုံခြုံရေး ကိစ္စများမှာ တိုင်းမှူးကိုယ်စား လက်မှတ် ရေးထိုးရပါတယ်။ G-1 Level ဒုဗိုလ်မှူးကြီးအဆင့်တွင် အထက်ဌာန (ကကကြည်း) လိုမျိုး တင်ပြရာမှာ ဖြစ်ဖြစ်၊ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်မှူးများအား အလေးအနက်ထားလို့ဖြစ်ဖြစ်၊ By Name ဖြင့် Commanders များကို တိုက်ရိုက် အရေးယူ ဆောင်ရွက်စေလိုတဲ့ ကိစ္စများမှာဖြစ်ဖြစ်၊ ထိပ်တန်းလျှို့ဝှက်ကိစ္စများနှင့် စစ်ဆင်ရေး အရေးကြီး ကိစ္စများမှာ G-1 က လက်မှတ်ထိုးပါတယ်။ ပေးပို့သော ဌာနများက လက်ခံစာနဲ့ မိတ္တူစာတို့ကို ပေးပို့ရာတွင် အတိမ်အနက်၊ အလေးအပေါ့၊ ကွာခြားသွားတာ ရှိပါတယ်။ မိတ္တူစာ ပေးပို့ခံရသော ဌာနများ အနေနဲ့ လက်ခံစာ ပေးပို့တဲ့ ဌာနများအား ဆက်စပ် ဆောင်ရွက်သွားဖို့၊ လက်ခံစာပေးပို့သော ဌာနများ အလုပ်မလုပ်ပါက တန်ပြန် စစ်ဆေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ချွင်းချက်အနေနဲ့ မိတ္တူစာပေးပို့ ဌာနများက အထူးတလည် ဆောင်ရွက်ရန် မလိုဘဲ တပ်ချင်း မမှားစေရေးအတွက် သိရှိစေနိုင်ရန်အတွက် ရည်ရွယ်ပြီး ပို့တာလည်း ရှိနိုင်ပါတယ်။ မိတ္တူစာ ပေးပို့ခဲ့တဲ့ ထောက်လှမ်းရေးတပ် တပ်ဖွဲ့ဝင် တစ်ယောက်ကြောင့် မူလက စောင့်ကြည့်နေတဲ့ ရမခနဲ့ ကကကြည်းတို့ရဲ့ ချေမှုန်းခြင်းကို ထောက်လှမ်းရေး တစ်ဖွဲ့လုံး ခံလိုက်ရတဲ့ ဖြစ်စဉ်အား အပိုင်း (၂) မှာ ဆက်လက် ဖေါ်ပြသွားရန် စီစဉ်ထားပါတယ်။ သို့သော် လက်ရှိ ဖတ်ရှုနေတဲ့ သတင်းဆောင်းပါး အပိုင်း (၂) မဖေါ်ပြခင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း သတင်းဆောင်းပါး အပိုင်း (၂) ကို နောက်အပတ်တွင် ဆက်လက် ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။