Tuesday, January 7, 2014

ယနေ့ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်တွင်းရေး အခြေအနေ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)
SSA အခမ်းအနားတစ်ခုအတွင်း SSA မှ ထိပ်တန်းစစ်အရာရှိကြီးများ
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

မြန်မာနှင့် ထိုင်းစစ်တပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည့် ဗိုလ်မှူးထန်နီး အမည်ရှိသူ ဦးစီးသည့် ထိုင်းတပ်စခန်းသည် တာချီလိတ် - မိုင်းတုံမိုင်းဆတ်သွား ကားလမ်းမှ မဝေးကွာသော နေရာရှိ နယ်စပ်မျဉ်း တည့်တည့်ပေါ် တည်ဆောက်ထား၏။ နိုင်ငံတကာ စည်းမျဉ်းအရ နယ်စပ်မျဉ်း တည့်တည့်အပေါ် တည်ထားခွင့် မရှိပေ။ ၎င်းအပြင် ဤစခန်းသည် မြန်မာတပ်မတော်မှ ထိုးစစ်ဆင်မည့် လမ်းကြောင်း ထိပ်တိုက်ဖြစ်နေပြီး ယင်းထိုင်းစခန်းက အက်စ်အက်စ်အေ စခန်းများကို ရှေ့မှ ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေ၏။ အက်စ်အက်စ်အေ စခန်းကို သိမ်းပိုက်မည့် စစ်ကြောင်းသည် ထိုင်းစခန်းကုန်းအနီးသို့ ရောက်ရှိချိန်သည် ညနေ နေဝင်ရီသရော အချိန်ဖြစ်၏။
ထိုင်းတပ်မှူးနှင့် တွေ့ဆုံနေချိန်တွင် ထိုင်းစခန်းအနီး နေရာအသင့် ယူထားသော အက်စ်အက်စ်အေ တပ်ဖွဲ့များက လက်နက်ကြီးငယ်များ လောင်ချာများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိုင်းတပ်များပင် အံ့အားသင့်ပြီး ကတုတ်ကျင်းများတွင် နေရာယူပြီး ပုန်းအောင်း နေခဲ့ကြရသည်။

သို့သော် မြန်မာတပ်မတော် စစ်ကြောင်းများမှာမူ ကျည်ကွယ် မျက်ကွယ်မရှိ အကာအကွယ်မဲ့သော တောင်ကုန်းပြောင်ပြောင်ထိပ်တွင် ပြားနေအောင်ဝပ်ကာ နေရာယူထားခဲ့ရသည်။ မဖြစ်နိုင်သည့်အဆုံး ကျည်ကွယ်မျက်ကွယ်ရရန် ထိုင်းတပ်စခန်းအတွင်းသို့ တိုးဝင် နေရာယူခဲ့ကြရသည်။ ယင်းအချိန်အထိ ထိုင်းတပ်များလည်း ရှိနေခြင်းကြောင့် တပ်မတော်သည် နေရာယူထားရုံမှလွဲ၍ အက်စ်အက်စ်အေ အဖွဲ့အား ပစ်ခတ်တိုက်ခိုက်ခြင်း မရှိသေးပေ။ ပစ်ခတ်မှုများ တစ်နာရီခန့် ဆက်လက် ဖြစ်ပွားပြီး ချိန်တွင် နေဝင်မိုးချုပ် သွားခဲ့ပြီ ဖြစ်သည်။ တပ်မတော်စစ်ကြောင်းများ ထိုင်းစခန်းအတွင်းမှ ထွက်ခွာ နိုင်ခြင်း မရှိသေးပဲ ညရှစ်နာရီခန့်အချိန်တွင် ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ဝင်များက အကြောင်းကြားခြင်း မရှိပဲ အမြန်ဆုံးထွက်ခွာ သွားခဲ့လေသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများ ထိုင်းတပ်စခန်း အတွင်း ကျန်ရှိခဲ့ပြီး နေရာယူထားကာ နောက်တစ်နေ့ နံနက် (၄) နာရီခန့်မှ စတင်၍ နေရာယူကာ အသင့် စောင့်ဆိုင်းနေသော အက်စ်အက်စ်အေ ရှေ့ကာကုန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။

အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီး Sean Suttles (ဝဲ), နဲ့ တပ်ကြပ်ကြီး Keith Looker (ယာ) တို့က ထိုင်းအထူးတပ်ဖွဲ့ဝင်များကို သင်ကြားပေးနေစဉ်

ရှေ့ကာကုန်းနှစ်ခု သိမ်းပိုက်အပြီးတွင် အကြောင်းရင်း မသိရပဲ တိုက်စစ်အဟုန် ရပ်တန့်သွားခဲ့ပြီး ယင်းစခန်းများ အပေါ်တွင် ခေတ္တ အခြေပြုထားခဲ့ရသည်။ ထိုင်းစစ်တပ်မှလည်း မြန်မာစစ်ကြောင်းများ ဆုတ်ခွာပေးရန် တောင်းဆိုပြီး ဆုတ်ခွာခြင်း မပြုသေးသော တပ်မတော်စစ်ကြောင်းများ အပေါ်သို့ ဖိုခနောက်ဆိုင် ဝန်းရံကာ မြေပြင်ပစ် အမြောက်ကြီးများဖြင့် တစ်နေ့လုံး ထိရောက်စွာ ပစ်ခတ်နေခဲ့ကြသည်။ တချိန်တည်းမှာပင် တာချီလိတ်မြို့အနီးမှ မြန်မာပိုင် တပ်စခန်းကုန်း အိုဆဲဗင်းလ်ကို ထိုင်းစစ်တပ် အထူးတပ်ဖွဲ့များမှ တက်ရောက် တိုက်ခိုက်ခဲ့ကြသည်။ တစ်ဘက်ကမ်း မယ်ဆိုင်မြို့ အတွင်းမှလည်း သံချပ်ကာကားများ နေရာယူထားပြီး တာချီလိတ်မြို့အတွင်း အမြောက်များဖြင့် ပစ်ခတ်နေခဲ့သည်။ မြန်မာတပ်မတော် အမြောက်အဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ထိုင်းနယ်မြေရှိ အလောင်းဘုရား တည်ထားခဲ့သော ကင်းဘုရားခြေရင်းမှ ထိုင်းသံချပ်ကာ ယာဉ်တစ်စီးအပေါ် တည့်တည့်ကျကာ ပျက်စီးသွားခဲ့ပြီး အပစ်ရပ်သွားခဲ့သည်။

အိုဆဲဗင်းလ်ကုန်းကို နယ်မြေခံတပ်မှ စစ်ကြောင်းမှူး သူရဲကောင်းမှတ်တမ်းဝင် နှစ်ထပ်ကွမ်း ဗိုလ်မှူး စိုးစိုးဇော်မှ တက်ရောက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဖြစ်စဉ်များတွင် တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန်သည် တာချီလိတ်မြို့သို့ ရောက်ရှိသွားပြီး အေးဆေး တည်ငြိမ်သော အသွင်ကို မြင်ရသော်လည်း နှစ်နိုင်ငံ ပတ်သက်လာသော ပြဿနာတွင် ပြတ်သားစွာ အမိန့်ပေး စေခိုင်းနိုင်ခြင်း မပြုနိုင်ခဲ့ပေ။ ဗိုလ်မှူးစိုးစိုးဇော်သည် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် အိုဆဲဗင်းလ်ကုန်းပေါ်ရှိ ၎င်း၏တပ်ဖွဲ့ကို အမြန်ဆုံး သွားရောက် စစ်ကူပေးခဲ့ရသည်။ အက်စ်အက်စ်အေ စခန်းကို သိမ်းပိုက်မည့် စီမံချက်သည် ကြိုတင်စီစဉ်သော တိုက်စစ်ဖြစ်သော်လည်း အချိန်များစွာ ရယူပြီး စေ့စပ်သေချာစွာ စစ်ဆင်ရေး စီမံချက် ရေးဆွဲပြီး စီစဉ်ထားခဲ့ပုံ မရပေ။ ထိုင်းနယ်စပ်စခန်းဘက်တွင်လည်း ရှေ့ဆုံးမှ တိုက်ပွဲ ဝင်ရမည့် မြန်မာတပ်မတော် စစ်ကြောင်းမှူးသည်ပင် စစ်ဆင်ရေးနှင့် ပတ်သက်သော အမိန့်ကို မနာခံခဲ့ရပေ။ ၎င်း၏ တပ်ကို စစ်ဆင်ရေးထွက်ရန် ပြင်ဆင်ချိန်ပင် တစ်နာရီခန့်သာ အချိန်ရခဲ့ပြီး လက်အောက် အရာရှိငယ်များကိုသာလျှင် တိုက်ပွဲဝင်ရမည့်အကြောင်း ပြောကြားစီမံခဲ့ရန်သာ အထက်ဌာနမှ သိခဲ့ရပြီး စစ်ဆင်ရမည့်စခန်းနှင့် နယ်မြေကိုပင် မသိခဲ့ကြပေ။

တာချီလိတ်မြို့အဝင်
 
လက်အောက်မှ စစ်သက်အနည်းရှိသည့် အရာရှိငယ်များကလည်း ခွင့်ပြန်နေပြီး ကျောင်းဆင်းကာစ အရာရှိငယ်များသာ တပ်ခွဲမှူးအဖြစ် ဦးစီး၍ တိုက်ပွဲဝင်ခဲ့ရကြောင်း သိရှိခဲ့ရသည်။ ၎င်းအပြင် အရံ စစ်ကြောင်းနှင့် အခြားယောင်ပြစစ်ကြောင်းများ ပါဝင်သည်ကိုပင် မသိခဲ့ရပဲ ၎င်းစစ်ကြောင်းမှူးအဖို့ ရုတ်ချည်း တိုက်စစ်သဖွယ်သာ ဖြစ်နေခဲ့သည်။ ထို့ကြောင့် စိတ်ဓါတ်နှင့် အတွေ့အကြုံရှိသော်လည်း ဆုံးဖြတ် လုပ်ကိုင်ရာတွင် အခက်အခဲ အကြပ်အတည်း တွေ့ခဲ့ရကြောင်း ကြားသိခဲ့ရသည်။ အသက်ပေးပြီး တိုက်ပွဲဝင်ရမည့် အနေအထားတစ်ခုကို စီစဉ်သွားပုံမှာ ဦးသိန်းစိန်သည် တိုက်ပွဲအတွေ့အကြုံ နည်းပါးပြီး အရေးကြီးဆောင်ရွက်ရမည့် အနေအထားတွင် ဖြတ်ထိုးဥာဏ်အား နည်းသည်ကိုလည်း ထိုတိုက်ပွဲသတင်း ကြားစဉ်ကပင် မှတ်သားမိပါသည်။ ဤကဲ့သို့ အရေးကြီး အခြေအနေများတွင် ဆုံးဖြတ်စီမံခန့်ခွဲမှု အားနည်းခြင်းကို ယခုသမ္မတအဖြစ် ခန့်အပ်ခြင်းခံရပြီး ရခိုင်ပြည်နယ် ဘင်္ဂလီပြဿနာ၊ OIC ပြဿနာ၊ မိတ္တီလာ လားရှိုးပြဿနာနှင့် လက်ပန်းတောင်းတောင်ပြဿနာ ကိစ္စများတွင် ဆက်လက်တွေ့ရှိရသည်။ သမ္မတရုံးမှ ထုတ်ပြန်သော စာကိုပင် ပြန်လည်ရုပ်သိမ်းရသည်ပင် ရှိခဲ့ရသည်။ မိတ္ထီလာ အဓိကရုဏ်း ကိစ္စမှာ လက်အောက်ဌာနများမှ သတင်းပို့တာကို သမ္မတအနေနဲ့ အချိန်မှီ ဆုံးဖြတ်နိုင်စွမ်း မရှိဘဲ တွေဝေတုံ့ဆိုင်းနေမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေက အထက်အမိန့် စောင့်နေရပါတယ်ဆိုပြီး ဆင်ခြင်ထွက်လာတာ တွေ့ရပါတယ်။ ဦးအောင်မင်း MPC မှ အစိုးရ အဆိုပြု အချက်အလက်များ မကြာခဏ တိုးလာတာ တွေ့ရလို့ ငြိမ်းချမ်းရေးအတွက် ဖုထစ်စရာ တွေ့မြင်ရပါတယ်။

မိတ္ထီလာ ပြဿနာမှာ လုံခြုံရေး ရယူထားသော ရဲတပ်ဖွဲ့များက အထက်အမိန့်ကို စောင့်နေရပါသည် ဆိုသော အသံဗလံများသည် သမ္မတ၏ တွေဝေတုန့်ဆိုင်းနေသော သဘောသဘာဝကို ဖေါ်ကျူးနေပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အသွင်ကူပြောင်းရေး ကာလများတွင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ လက်နက်ကိုင်တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်ရေး၊ လူမျိုးရေး အဓိကရုဏ်း စသောစိန်ခေါ်မှုများ ကြုံတွေ့နေရာ သမ္မတဦးသိန်းစိန်အဖို့ စီမံခန့်ခွဲရေး အပိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ဦးဆောင်နိုင်မှုရှိရန် တိုက်တွန်းလိုပါသည်။ သမ္မတ ဦးသိန်းစိန် အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖေါ်ဆောင် သွားရာမှာ ပြည်သူလူထုရဲ့ စကားသံများကို နီးနီးကပ်ကပ် ကြားစေရေးအတွက် စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံသွားစေလိုပြီး ပြည်သူလူထုရဲ့ လိုအပ်ချက်ကို လျင်မြန်စွာ စနစ်တကျ အကောင်အထည် ဖေါ်ပေးသင့်ပါသည်။ ထိုသို့ အကောင်အထည်ဖေါ်ရာမှာလည်း တွေဝေတုန့်ဆိုင်းမှု အလျဉ်းမရှိစေလိုဘဲ ဆန္ဒ စောမှုကိုလည်း ထိန်းချုပ်ကာ ဘက်ပေါင်းစုံမှ စဉ်းစားချင့်ချိန်ပြီး လုပ်သင့် လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ ချမှတ် လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်ရပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။