Thursday, January 23, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)
ဗိုလ်ချုပ်ကြီး နေဝင်း
 
သက်တမ်း အရှည်ဆုံး ပုဂ္ဂိုလ်ကို တင်ပြရရင် ဗိုလ်ချုပ်ကြီး နေဝင်းဖြစ်ပြီး ၁၉၄၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ၂၃ နှစ်တိုင်တိုင် တပ်ကို တိုက်ရိုက် ချုပ်ကိုင်သွားပါတယ်။ 
ဗိုလ်ချုပ်ကြီး နေဝင်းကတော့ မြင်းပွဲ၊ လောင်းကစားပွဲ ဝါသနာပါကာ မိန်းမ (၅) ဦးထက်မနည်း ရယူခဲ့လို့ စံချိန်သစ် တင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းခန်းမင်းနားဖြင့် သွားရတာကို ကြိုက်နှစ်သက်ပြီး အချိန်အခါမရှိ သူစားချင်တဲ့ အစားအစာကိုပင် လေယာဉ်ဖြင့် တကူးတက မှာပေးရတဲ့အထိ လုပ်ကိုင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ အိမ်မြှောင်၊ တောက်တဲ့ ဆိုတဲ့ သတ္တဝါတွေနဲ့ ငှက်သံများ မကြားရအောင်၊ ဆူညံမှုမျိုး မဖြစ်ရစေရန်နဲ့ သူမလာခင် ကြိုတင်ပြီး တိရစ္ဆာန်များကို ကြိုတင် နှိပ်ကွပ် သတ်ဖြတ်ရတဲ့ ဒုက္ခတွေကိုလည်း တပ်မတော်သားတွေက လုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်းဟာ ဒေါသကြီးသူ ဖြစ်ပြီး တက္ကသိုလ် သမဂ္ဂအဆောက်အဦး ဖြိုခွဲတဲ့ကိစ္စမှာ ဗိုလ်မှူးချုပ် အောင်ကြီးအား တာဝန်ရှိသူအဖြစ် လွဲချသူ ဖြစ်ပါတယ်။ အင်းလျာကန်ဟိုတယ် Night Club ပွဲတစ်ခုမှာ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ သမီးများ နိုင်ငံခြား သံတမန်များနဲ့ ပွတ်သဘင် ဆင်နွှဲတဲ့ သတင်းကို ကြားသိရတာနဲ့ တပြိုင်နက် ဒေါသတကြီး Night Club သို့ ရောက်ရှိကာ ထိုးကြိတ် Drum များကို ကန်ကျောက် ပစ်တဲ့အထိ ဆူညံသွားတဲ့ပွဲ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းက မှတ်ဥာဏ် အလွန်ကောင်းပြီး လွတ်လပ်ရေး မရခင်က လက်တွဲခဲ့သော ရဲဘော်ရဲဘက်များကို ခရီးသွားစဉ် မှတ်မိကာ ပံ့ပိုးချီးမြှင့်ခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ သူဟာ တရုတ်ကို ကိုယ်ပေါင်းစိတ်ခွာပေါင်းသင်းကာ အမေရိကန်ကို တိတ်တခိုး လေးစား ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းဟာ မဆလ ညီလာခံ တစ်ခုမှာ လက်ရှိ ဆိုရှယ်လစ် စနစ်ဟာ ခေတ်နဲ့ မညီပါက စနစ် ပြောင်းနိုင်ကြောင်း ပြောခဲ့ပေမဲ့ ထိထိရောက်ရောက် အမိန့်ပေး ဆုံးဖြတ်နိုင်မှု မရှိတာ တွေ့ရပါတယ်။ ရတနာနတ်မယ်ကို ထိမ်းမြားလက်ထပ်ခဲ့တဲ့အပေါ် ပါတီအတွင်း ဂယက်ရိုက်သွားပြီး သူ့အား ထောက်ခံမှု ကျဆင်းသွားကာ လျှို့ဝှက်ဆန္ဒမဲ ပေးရာတွင် အဆင့် (၅) အထိ ကျခဲ့ဖူးတဲ့ ဖြစ်စဉ် ရှိပါတယ်။ ရတနာ နတ်မယ်ကို တရုတ် ထောက်လှမ်းရေးအဖွဲ့က သူလျှိုလို့ ပြောခဲ့တဲ့ အတွက် အိမ်ထောင်ကွဲပြဲခဲ့ရပြီး ရတနာနတ်မယ်က ဦးနေဝင်းအကြောင်း စာအုပ်ထုတ်မယ်ဆိုလို့ အတွင်းကြိတ် ပေးလျော်လိုက်ရတယ်လို့ သိရပါတယ်။ ဦးနေဝင်းဟာ ဘိန်းဘုရင်၊ တော်လှန်ရေး လက်နက်ကိုင်၊ ကွန်မြူနစ် ပါတီကဲ့သို့ အတိုက်အခံ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် တော်တော်များများ ပေးကာ (တချို့ သေဒဏ်ပေးပြီးမှ ဆိုင်းငံ့ပြန်ပေး) ရှင်သန် ရပ်တည်ခွင့် တိုက်/ကားများကို ပေးခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ သနားဂရုဏာတချို့ တွေ့ရှိခဲ့ရပေမဲ့ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးအခင်းနဲ့ ၁၉၈၈ အရေးအခင်းကြီးမှာ သေနတ်ပစ်ရင် တည့်တည့် ပစ်တယ် ဆိုတဲ့ စကားနဲ့ သူ့ရဲ့ ရာဇဝင်ကောင်းမှု တစိတ်တဒေသကိုပင် ချေဖျက်သွားခဲ့သူ ဖြစ်ပါတယ်။


ဗိုလ်ချုပ်ကြီး စန်းယုဟာ တရုတ် နွယ်ဝင်ဖြစ်ပြီး ဆေးကျောင်းသား ဘဝနဲ့ တပ်ထဲ ဝင်လာသူ ဖြစ်ကာ ဒေါ်သန်းရှိန်အား လက်ထပ် ယူခဲ့ပြီး ဦးနေဝင်းအား ပြန်မလှန်ရဲသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး စန်းယုနဲ့ စပ်လျဉ်းပြီး သူ့ရဲ့ လုံခြုံရေး အနီးကပ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူနဲ့ အင်တာဗျူး လုပ်ခဲ့ပါတယ်။

“ဗိုလ်ချုပ်ကြီး စန်းယုဟာ စာဖတ်ဝါသနာ ရှိလွန်းလို့ သူ့အိမ်မှာ စာအုပ်တွေ အခန်းလုံးပြည့် စာကြည့်တိုက်သဖွယ် ထားတယ်ဗျ။ နေ့စဉ်ထွက်သမျှ စာအုပ်စာတမ်း ဂျာနယ် ကာတွန်းကအစ သူ့ဆီ တင်ပေးရတယ်။ လက်အောက်ခံ တိုင်းမှူး ဗိုလ်ချုပ်တွေ လာကန်တော့ရင် ထွက်မတွေ့ဘူး။ မအားဘူးလို့ ပြောခိုင်းတယ်ဗျ။ VIP လမ်းကြောင်း သွားရင် သူ့ယာဉ်တန်းကို နှောင့်ယှက်တဲ့ အသွင်မျိုး လမ်းဖယ် မပေးတဲ့ အရပ်ကားတွေကို လုံခြုံရေး လိုက်တဲ့ သူတွေက မာန်မဲငေါက်ငမ်းရင် သူက မကြိုက်ဘူးဗျ။ အရှိန်လျှော့ပြီး ရှောင်သွားဖို့ဘဲ မှာတယ်။ သူဟာ တခြား ဗိုလ်ချုပ်တွေလို Golf ရိုက်ဖို့ စိတ်ကူးထဲတောင် မရှိတာမို့ စစ်တပ်က လူတွေက အံ့သြနေရတယ်။”

ဗိုလ်ချုပ်ကြီး သူရ တင်ဦး ငယ်ရွယ်စဉ်ဘဝ
 
ဗိုလ်ချုပ်ကြီး သူရတင်ဦးကတော့ ခြင်းလုံးခတ် ဝါသနာပါပြီး ရဲဘော်များနဲ့ လက်ရည်တပြေတည်း ထမင်းစားခဲ့သူအဖြစ် နံမည်တွင်သွားခဲ့ပါတယ်။ ရှေ့တန်း တိုက်ခိုက်ရေး ရဲဘော်တွေ ပင်ပန်းမှာ စိုးလို့ တိုက်ခိုက်ရေး ရိက္ခာထုတ် တီထွင်ပြီး ထုတ်ပေးခိုင်းကတည်းက ရဲဘော်တွေက သူ့အား ကြည်ညိုလေးစားမှု အပြည့်ရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီး သူရတင်ဦးကို အရေးယူခိုင်းတဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီး တပ်တွင်းပုန်ကန်မှု ဖြစ်မှာ စိုးရိမ်လို့ ဦးနေဝင်းက တပ်ရင်းတပ်ဖွဲ့တွေမှာ ရှင်းလင်းပွဲ လုပ်ခိုင်းရတယ်လို့ သိရှိရပါတယ်။ မဆလ အစိုးရရဲ့ အကြောင်းပြချက်က ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ဇနီး ဖြစ်သူ ဒေါက်တာ တင်မိုးဝေ အနေဖြင့် VIP လူကြီး မိသားစု လိုက်နာရမည့် စည်းကမ်းများကို ထိပါး ပျက်ကွက်ခဲ့ခြင်းကြောင့် ချမှတ်ထားသော စည်းကမ်းများအရ နှုတ်ထွက်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ တင်မိုးဝေနဲ့ ဗိုလ်ချုပ်ကြီး စန်းယု ဇနီးတို့ဟာ စကားများခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ မသင့်မြတ်ခဲ့ကြောင်း ကြားသိရပါတယ်။ ဒါ့အပြင် ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦးရဲ့ မနာလို ဝန်တိုမှုစိတ်ဖြင့် ဒေါက်တာ တင်မိုးဝေ နိုင်ငံခြားဆေးသွားကုတဲ့ သတင်း အပါအဝင် ထောက်လှမ်းရေး အစီရင်ခံစာအရ ဗိုလ်ချုပ်ကြီး တင်ဦး ခံလိုက်ရတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။