Wednesday, January 8, 2014

အမျိုးသားညီလာခံ၊ ဦးသိန်းစိန်နဲ့ နောက်ဆက်တွဲ အကျိုးရလဒ်များ

(စည်းလုံးခြင်းရဲ့အင်အား)
အမျိုးသားညီလာခံ သဘာပတိ ဗိုလ်ချုပ်ကြီး (ဟောင်း) သိန်းစိန်
သမ္မတအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ် လက်မှတ်ထိုးဖို့ စိတ်အားထက်သန်လျှက်ရှိရာ မကြာမီ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ မတွေ့မီ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူရန်ရှိကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ရရှိပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ တောင်းဆိုလာမဲ့ အချက်အလက်တွေအပေါ် အစိုးရ ဆောင်ရွက်ပေးရမဲ့ကဏ္ဍ၊ လွှတ်တော်က ကိုင်တွယ်ပေးရမဲ့ကဏ္ဍ၊ တပ်မတော်က လုပ်ဆောင်ပေးရမဲ့ ကဏ္ဍတွေကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ဖို့ ရှိနိုင်တယ်လို့ ယူဆရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ အပစ်ရပ်လက်မှတ်ထိုးဖို့ စိတ်အားထက်သန်နေပေမဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်းစုံနဲ့ လက်မှတ်ထိုးမဲ့နေ့ကို အကြိမ်ကြိမ်ရွေ့ဆိုင်း ညှိနှိုင်းရယူနေဆဲ ဖြစ်တာမို့ ဘာကြောင့်ဒီလိုဖြစ်နေရလဲ ဆိုတာကို စစ်ဘက်နီးစပ်သူ ကိုနိုင်မင်းအောင်နဲ့ အမျိုးသားညီလာခံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် အရာရှိကြီးတစ်ဦးကို ဤ၀က်ဘ်ဆိုဒ်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 
မေး။ ။ မင်္ဂလာပါ ကိုနိုင်မင်းအောင်ခင်ဗျား။ သမ္မတဦးသိန်းစိန်ရဲ့ လိုလားချက်ကို လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေက အပစ်ရပ် လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးတာ ဘာကြောင့်လို့ ထင်ပါသလဲ ရှင်းပြပေးပါ။

ဖြေ။ ။ ဇာတ်လမ်းအစကတော့ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်က ပြန်လည် ကျင်းပခဲ့တဲ့ အခြေအနေအား စပြောရမှာဖြစ်တယ်။ ယခုသမ္မတဦးသိန်းစိန်ဟာ အတွင်းရေးမှူး (၁) အဖြစ် အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့တယ်။ ညီလာခံ ကျင်းပနေစဉ်အတွင်း အပစ်ခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား မွန်ပြည်သစ်ပါတီက အနာဂါတ် ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ရေးဆွဲမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ပါသင့်ပါထိုက်သည့် အချက်အလက်များနဲ့ ရေးသားထားတဲ့ စာတမ်းကို တင်ပြခဲ့တယ်ဗျာ။ အဲဒီစာတမ်းကို ပြည်ထောင်စုကြီး ရေရှည်တည်တံ့ ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ တင်ပြခဲ့ပေမဲ့ ညီလာခံမှ မှတ်တမ်းတင်ရုံအနေနဲ့သာ သိမ်းဆည်းထားခဲ့ပါတယ်။ ထိုတင်ပြမှုကို ညီလာခံအတွင်း အကြေအလည် ချပြဆွေးနွေးခဲ့ရင် ယနေ့ ဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တောင်းဆိုလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပါ။ ဆိုလိုတာက အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အခြေအနေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပေါ်တွင်သာ အဓိက မူတည်တယ်လို့ ဆိုချင်တယ်။

အမျိုးသားညီလာခံ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ

မေး။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ နယ်ခြားစောင့်တပ် (BGF) ကိစ္စ 
ထည့်သွင်း ရေးဆွဲ ပြဌာန်းထားချက်အပေါ် ဘယ်လိုမြင်သလဲ။

ဖြေ။ ။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင် လက်နက်ကိုင် တော်လှန်ရေးဖြစ်ခဲ့တဲ့ နိုင်ငံတိုင်းကို လေ့လာ ကြည့်တဲ့အခါ အသွင် ကူးပြောင်းရေးကာလမှာ Military Integration လုပ်ငန်းစဉ်ကို မဖြစ်မနေ လုပ်ဆောင်ရပါတယ်။ အဲဒီအတွက် နှစ်ဘက်စလုံးက နိုင်ငံရေးသဘောတူညီချက် ရအောင် အကြေအလည် ဆွေးနွေးဖို့ လိုပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့အတွက် ဆွေးနွေးပွဲမှာ လွတ်လပ် ပွင့်လင်းဖို့ လိုအပ်ပါတယ်။ ထိုဆွေးနွေးပွဲတွေမှာလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေထဲက ပါသင့်ပါထိုက်တဲ့ လူတွေ ရှေ့မှောက်မှာ ဖြစ်ဖို့ လိုတယ်။ ဒီလို ပတ်ဝန်းကျင်တွေ ရှိတဲ့အောက်မှာမှ ပိုမိုယုံကြည်မှု တည်ဆောက်နိုင်ပြီး နိုင်ငံရေးသဘောတူညီချက်တွေ ရလာနိုင်မှာပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်ကြည့်ရင် ပြည်တွင်းစစ် စတင် ဖြစ်ပွားခဲ့တဲ့ အခြေအနေကို ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အမျိုးသားတန်းတူရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လာတာပါ။ 
သူတို့ တောင်းဆိုချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံချက် မရှိပဲနဲ့ သူတို့ ကိုင်ထားတဲ့ လက်နက်တွေ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ Military Integration စစ်ဖက်ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို ဂုဏ်သိက္ခာ ရှိအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါဟာလည်း အထက်က ကျွန်တော်ပြောခဲ့သလို မွန်ပြည်သစ်ပါတီက တင်တဲ့ စာတမ်းမှာလည်း တင်ပြခဲ့တယ်။ သူတို့ လစ်လျူရှုခဲ့ကြတယ်။ ဒါကြောင့် နယ်ခြားစောင့်တပ်နဲ့ ပတ်သက်လို့ ပြောရရင် နိုင်ငံရေးသဘောတူညီချက်တွေ အရင်မလုပ်ပဲနဲ့ လက်ရှိ တပ်မတော်အောက်ကို အတင်း ဆွဲသွင်းတဲ့ လုပ်ရပ်ဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြင်ပါတယ်။

မေး။ ။ သမ္မတက အဲဒီစာတမ်းကို ညီလာခံမှာ ဆွေးနွေးတာမျိုး အချို့အချက်အလက်တွေကို ထည့်သွင်းရေးဆွဲတာမျိုး ဘာကြောင့် မလုပ်ခဲ့တာလဲ ဆိုတာကို ညီလာခံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးအနေနဲ့ သုံးသပ်ပေးပါခင်ဗျား။

ဖြေ။ ။ အဲဒီတုန်းက ညီလာခံဥက္ကဌဦးသိန်းစိန်ဟာ အပစ်ရပ်တိုင်းရင်းသားအဖွဲ့ရဲ့ စာတမ်းကို ဦးသန်းရွှေထံ တင်ပြကောင်း တင်ပြလိမ့်မယ်။ တင်ပြရာမှာ မဖြစ်မနေ လုပ်သင့်တယ်ဆိုတဲ့ အနေအထားမျိုးထက် အဖြစ်သဘော သာမန်တင်ပြလိုက်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန်အနေနဲ့ အဲဒီတုန်းက အတွင်းရေးမှူး (၂) အဖြစ် power line up နိုင်ငံတော်ရဲ့ အဆင့်ပါဝါ နံပတ် (၅) မှာ ရှိနေပြီး သူ့ရှေ့မှာ ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့်၊ ဦးရွှေမန်း၊ ဦးစိုးဝင်းတို့ ရှိနေလို့ ဖြစ်တယ်။ ၂၀၀၅ ခုနှစ် အမျိုးသား ညီလာခံ ဒုတိယအကြိမ် စတင်တဲ့အချိန်ကျမှ အတွင်းရေးမှူး (၁) ဖြစ်လာတယ်။ ဆိုလိုတာက ဖိဖိစီးစီး မပြောချင်တာရယ်၊ နောက်တက်လာမယ့် အစိုးရမှာ သူသမ္မတဖြစ်လာနိုင်မယ်လို့ မတွက်ဆသေးတာမို့ နောက်တက်လာမယ့် သမ္မတအဖို့ ကြည့်တာရှင်းပေတော့လို့ လွှတ်ထည့်လိုက်တာဖြစ်မယ်။ အခုသူသမ္မတ ဖြစ်လာတော့ ကိုယ့်ရူးကိုယ်ပတ်နေတာပေါ့။

အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး
 
မေး။ ။ အင်း တရားကျစရာ ကောင်းတယ်ဗျာ။ ကိုနိုင်မင်းအောင် အနေနဲ့ ညီလာခံမှာ တိုင်းရင်းသားတွေရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေနဲ့ အကျိုးဆက်တွေကို သုံးသပ်ပြီး ဆက်ပြောပြပေးပါဦး။

ဖြေ။ ။ မွန်ပြည်သစ်ပါတီက အဲဒါကို မကျေလည်လို့ နောက်ဆက်ကျင်းပမဲ့ အမျိုးသားညီလာခံကို မတက်တော့ဘူးလို့ လုပ်လိုက်တယ်ဗျာ။ အဲဒါနဲ့ဘဲ အမျိုးသားညီလာခံ ကော်မရှင် ဥက္ကဌ ဦးသိန်းစိန်လည်း မျက်လုံးပြူးသွားပြီး မွန်ပြည်သစ်ပါတီကို အပြန်ခရီး ရန်ကုန်ဘူတာကြီးဆီသို့ လိုက်လံချော့မော့ စည်းရုံးခိုင်း ခဲ့ရတာကြောင့် မွန်ပြည်သစ်ပါတီက စိတ်မပါတပါ လေ့လာသူအနေနဲ့သာ တက်မယ်လို့ အကြောင်းပြန်ခဲ့တယ်။ အဲဒီအချိန်ကသာ အမျိုးသားညီလာခံမှာ တင်ပြမှုကို အသေအချာ အလေးအနက်ထား ဆွေးနွေးခဲ့မယ်ဆိုရင် ကချင်ပြည်နယ်မှာလည်း သေနတ်ပြန်ပေါက်စရာမရှိ၊ ရှမ်းပြည်နယ်မှာလည်း သေနတ်ပေါက်စရာမလို၊ ကျည်ဆံတွေအတွက် ငွေကုန်စရာမလို၊ နှစ်ဘက် စစ်သည်များလည်း သေကြေအနာတရ ဒဏ်ရာတွေ ဖြစ်စရာမရှိ၊ ရင်တွင်း အမုန်းတရားတွေလည်း တိုးစရာမလို၊ ပြည်သူတွေလည်း တောခြုံအုံကြား လျှောက်ပြေးလွှား ပုန်းအောင်းနေစရာ လိုခဲ့မှာ မဟုတ်ပါဘူး။ အားလုံး ပြည်သူပြည်သားတွေ ငြိမ်းချမ်းညီညွတ်စွာဖြင့် ဒီမိုကရေစီခရီးလမ်းကို အတော်တောင် လျှောက်လှမ်း နိုင်နေမယ် ထင်ပါတယ်။ အခုတော့ အမြော်အမြင်မရှိတဲ့ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်ဟာ ငွေတွေကုန် လူတွေသေ အပြန်အလှန် ယုံကြည်မှုတွေ ပျက်သုန်း၊ သူများဆီ လက်ဖြန့်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ငွေလိုက်တောင်းနေရနဲ့ နိုင်ငံနဲ့ လူမျိုး အရှက်ရပြီး သိက္ခာကျခဲ့ရပါပြီ။ ငြိမ်းချမ်းရေးဆိုတာလည်း ရေမှာ အရုပ်ရေးသလိုပဲ ဟိုနေ့ လက်မှတ်ထိုးမယ် ပြောပြီး မဖြစ်လို့ ရွှေ့လိုက်၊ ဒီနေ့ လက်မှတ်ထိုးမယ် ပြောပြီး မဖြစ်လိုက်နဲ့ လူတစ်ဦးချင်း အတွက် ရပိုင်ခွင့် (Individual Right) နဲ့ လူအုပ်စုလိုက် အခွင့်အရေး (Collective Right) တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဘယ်လိုမှ ရရှိခံစားနိုင်မှာ မဟုတ်သလို ပြည်သူက ရွေးချယ်တင်မြှောက်ပြီး မိမိတို့ရဲ့ ကိစ္စအဝဝကို စီမံခန့်ခွဲ လုပ်ဆောင်ပေးနိုင်မည့် ၁ဝဝ ရာခိုင်နှုံးအပြည့် လွှတ်တော်ကိုယ်စားလှယ်များမှ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်မှာ မပါဝင်နိုင်သမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျင့်သုံးနေပါတယ်လို့ မပြောဆိုနိုင်ပါကြောင်း ရဲရဲကြီးပြောလိုက်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့ KIO/KIA နဲ့ အစိုးရတို့ရဲ့ စေ့စပ်ဆွေးနွေးပွဲ အစည်းအဝး အခမ်းအနား

လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို ဗိုလ်မှူးကြီးက ဇာတ်သဘင် အသွင်မျိုး ဖန်တီးပုံဖေါ်ကာ အာဝဇ္ဇန်းရွှင်ရွှင် တင်ပြသွားပါတယ်။

“မြို့တော် သိန်းအောင်နဲ့ ရွှေမန်း တင်မောင် ဇာတ်သဘင် အဖွဲ့ကို အားကျပြီး ၂၀၁၀ ခုနှစ်မှာ ရွှေမန်း သိန်းအောင် ဇာတ်သဘင် ဖွဲ့လာတော့ပေါ့ဗျာ။ ရွှေမန်းဆိုတာက ဦးရွှေမန်း၊ သိန်း ဆိုတာက ဦးသိန်းစိန်၊ အောင် ဆိုတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နံမည် (၃) ဦး ပေါင်းစပ်ထားတဲ့ ရွှေမန်းသိန်းအောင်ဖြစ်တယ်။ ရှေ့ပိုင်း မင်းသား ကိုရွှေမန်း နောက်ပိုင်း မင်းသား ကိုသိန်းစိန်၊ ခေါင်းဆောင် မင်းသမီး မမစုနဲ့ မစန္ဒာမင်း၊ ဟာသလူရွှင်တော် ကိုအောင်မင်း MPC အဖွဲ့နဲ့ ပြဇတ် ဇာတ်ညွှန်းရေးဆရာနဲ့ ဆိုင်းဝိုင်း တာဝန်ခံ ကိုမင်းအောင်လှိုင်တို့ ပါသဗျ။ ပွဲကြည့် ပရိသတ် မြန်မာနိုင်ငံသားတွေက အဲဒီ ဇာတ်သဘင်အမြည်းသဘော တာထွက် ကိုသိန်းစိန်နှင့် မမစုတို့ရဲ့ နှစ်ပါးသွားအကကို သဘောကျသဗျ။ ရှေ့ထွက်မင်းသား ကိုရွှေမန်းကလည်း သူလည်း မမစုနဲ့ တွဲကချင်တယ်ဆိုလို့ ဆိုင်းဝိုင်း ကိုမင်းအောင်လှိုင်က တီးကွက် ကမန်းကတန်း ပြောင်းလိုက်ရာ ဘီးလူးဆိုင်း တီးကွက် ဖြစ်သွားလို့ မနည်း ပြန်ပြင်လိုက်ရသတဲ့။ ဇာတ်သဘင်ရဲ့ ညည်နက် အလယ်ပိုင်း ပြည်ထောင်စုပင်လုံ တခန်းရပ်ပြဇာတ်ရောက်တော့ ဆိုင်းဝိုင်း တာဝန်ခံ ကိုမင်းအောင်လှိုင်က ၂ဝဝ၈ ခုနှစ်က ကိုသိန်းစိန် ကြိုတင် ပြုစုထားတဲ့ Note စာအုပ်ကို လှန်လိုက်ရာ တိုင်းရင်းသား ကကွက် Note မပါလာတာကြောင့် ကိုသိန်းစိန်ကို သတင်းပို့တယ်ဗျာ။ ဒီနေရာမှာ ကိုသိန်းစိန်က ပြဇာတ်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေကိုတော့ တစ်ထောင့်တစ်ည ပုံပြင်နဲ့ ထိန်းထားကာ ပွဲကြည့် ပရိသတ် မပျင်းအောင် လူရွှင်တော် ကိုအောင်မင်း MPC ကို ဟာဒယရွှင်ဆေး တိုက်ကျွေး ခိုင်းမယ်လို့ ဆိုတယ်။ ကိုသိန်းစိန်က ကိုမင်းအောင်လှိုင်ကို ဒီကြားထဲ အားနေတဲ့ ရှေ့ထွက်မင်းသား ကိုရွှေမန်းနဲ့ တိုင်ပင်ခိုင်းကာ တိုင်းရင်းသား ကကွက် Note ရေးခိုင်းပြီး ဇာတ်တိုက်စေတယ်လို့ ဆိုတယ်။ ဒါနဲ့ဘဲ ပွဲကြည့် ပရိသတ် မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီ ဇာတ်တော်ကြီး ကြည့်ချင်ပေမဲ့ မိုးစင်စင်လင်းမဲ့အရေး ကြုံတွေ့နေရတော့တယ်ဗျာ။”

မြန်မာနိုင်ငံ ဒီမိုကရေစီ ပန်းတိုင် ရောက်ရှိဖို့ အရေးကြီးတဲ့ ကနဦးခြေလှမ်းဟာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ထာဝရ တည်တန့်ခိုင်မြဲစေဖို့က လွန်စွာ အရေးပါလှပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန်အနေနဲ့ အစမကောင်းခဲ့လို့ အနှောင်းမသေချာ ဖြစ်နေရတဲ့ ဇာတ်လမ်းကို မအီမလည်နဲ့ ကပြအသုံးတော်ခံနေရဆဲ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအဆက်ဆက် နှိုင်းယှဉ်လေ့လာ သုံးသပ်ခြင်း အပိုင်း (၂) အား လာမဲ့ ကြာသပတေးနေ့မှာ တင်ပြသွားပါမယ်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။