Friday, January 10, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)
စစ်ဗိုလ်ဝတ်စုံနဲ့ ဗိုလ်ချုပ်
 
တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်သေနာပတိ၊ စစ်ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်များရဲ့ တာဝန်လွှဲပြောင်းသည့် အနေအထားနဲ့ နေ့ရက်အတိအကျများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -

(က) လွတ်လပ်ရေး မရခင် ဂျပန်ခေတ် BIA စတင်ဖွဲ့စည်းခဲ့တဲ့ ကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ ဗြိတိသျှတို့ ပြန်ဝင်လာပြီး ဗမာ့တပ်မတော်ကို ပြန်လည် ဖွဲ့စည်းတဲ့ကာလ ၁၉၄၇ ခုနှစ် မေလ ၁ ရက်နေ့အထိ တောက်လျှောက် ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိ ရာထူးကို တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


(ခ) ၄င်းနောက် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ် သောလ်မတ်စ်ကို တပ်မတော် စစ်ဆေးရေး အရာရှိချုပ်အဖြစ် တပ်မတော် အကြီးအကဲ တာဝန် လွှဲပြောင်းပေးခဲ့ပါတယ်။ ဆက်လက်ပြီး လွတ်လပ်ရေး ရပြီးခါစ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်းဟာ ၄-၁-၁၉၄၈ နေ့မှ ၃၁-၁-၁၉၄၉ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန် ကာလအတောအတွင်းမှာပင် ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် နေဝင်းအား ၁-၈-၁၉၄၈ မှ ၁-၂-၁၉၄၉ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 
ကရင်အရာရှိများဟာ ဗြိတိသျှတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်တဲ့အပြင် ပညာတတ် ဗြိတိသျှ စစ်တက္ကသိုလ်ကျောင်းဆင်း ဘွဲ့ရများ ဖြစ်လို့ စစ်သက်အရရော ဘီစီနံပါတ်အရပါ ဗိုလ်ချုပ်ကြီး နေဝင်းထက် စီနီယာကျပါတယ်။ တပ်မတော်တွင် ကရင် သေနတ်ကိုင် တပ်ရင်းများ အများအပြား ရှိသလို ကရင်အရာရှိများလည်း ရှိနေတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မှာကြားထားချက်အရ ကရင်လူမျိုး ဗိုလ်ချုပ် စမစ်ဒွန်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

(ဂ) ဒုတိယဗိုလ်ချုပ်ကြီး နေဝင်းအား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး နေဝင်းဟာ ၁-၂-၁၉၄၉ မှ ၂၀-၄-၁၉၇၂ အထိ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

(ဃ) ဗိုလ်ချုပ်ကြီး စန်းယုအား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၂၀-၄-၁၉၇၂ မှ စတင် ခန့်အပ်ခဲ့ပြီး ၇-၃-၁၉၇၄ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

(င) ဗိုလ်ချုပ်ကြီး တင်ဦးအား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၇-၃-၁၉၇၄ ရက်နေ့မှ စတင်ခန့်အပ် ခဲ့ပြီး ၆-၃-၁၉၇၆ ရက်နေ့တွင် တာဝန်မှ နှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

(စ) ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်အား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၆-၃-၁၉၇၆ ရက်နေ့တွင် စတင် ခန့်အပ်ခဲ့ပြီး ၃-၁၁-၁၉၈၅ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

(ဆ) ဗိုလ်ချုပ်မှူးကြီး စောမောင်အား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၄-၁၁-၁၉၈၅ ရက်နေ့တွင် စတင် ခန့်အပ်ခဲ့ပြီး ၃-၁၁-၁၉၈၆ ရက်နေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်မှ ဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့် ခန့်အပ်ခဲ့ပါတယ်။

(ဇ) ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် တရားမဝင် အာဏာသိမ်းပိုက်ကာ ၁၉၉၂ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်အထိ အာဏာထိန်းချုပ်သွားပါတယ်။

(ဈ) စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို (ယခု ပြည်ထဲရေး ဝန်ကြီး) တို့အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) တို့အဖြစ် ခန့်အပ်တာဝန်ပေးရန် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလ မေလဝန်းကျင်တွင် လျာထားခဲ့ပြီးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပယ်ဖျက်ခဲ့ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခုံကျော် ရွေးချယ်ခဲ့ပါတယ်။

ဗိုလ်ချုပ်နှင့် အင်္ဂလိပ် စစ်ဗိုလ် အရာရှိများ
 
ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးနဲ့ တပ်မတော် အရေးတွေမှာ အချိန်ပေး ကြိုးစားအားထုတ်လွန်းလို့ စစ်ဝတ်စုံ (၃) စုံနဲ့သာ အခမ်းအနားတွေမှာ ဝတ်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ သီရိလင်္ကာနိုင်ငံ ကန္နီမြို့မှာ ဗြိတိသျှ စစ်သေနာပတိ လူဝီ မောင့်ဘက်တန်နဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခုခံပြောဆိုမှုများကို မလွန်ဆန်နိုင်မှု ကြောင့် ဗမာ့တပ်မတော်ကို အင်အား (၅၂၀၀) ဖြင့် ဖွဲ့စည်းခွင့် ပြုပေးလိုက်ရပါတယ်။ ဗြိတိသျှနဲ့ ဂျပန်တို့ရဲ့ ရာထူးဂုဏ်ဒြပ်များနဲ့ မိန်းမများနဲ့ မြူဆွယ်စည်းရုံးမှုကို ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား ငြင်းဆန်မှုကြောင့် လေးစားမှု အသိအမှတ်ပြုမှု ပေးခဲ့ရပြီး ၁၉၄၇ ခုနှစ်တွင် အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုပေးခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ရိုးသားမှုနဲ့ အဂတိလိုက်စားမှု ကင်းရှင်းရာမှာ စံနမူနာပြ ဖြစ်ပါတယ်။
 တာပါကိန်းအိမ် ဗိုလ်ချုပ် ရှိနေတုန်း ရှမ်းပြည်နယ်က ရှမ်းအဖိုးကြီးတစ်ဦးက ဗိုလ်ချုပ်ကို လိုတာ သုံးရအောင် ကြည်ညိုလေးစားလွန်းလို့ ဘိုးဘွားပိုင် ရွှေရတနာများ လာရောက် ပေးအပ်ခဲ့ပေမဲ့ လိမ္မာ သိမ်မွေ့စွာဖြင့် အဖွဲ့ချုပ် ရံပုံငွေ ခေါင်းစဉ် ပြောင်းလဲ လွှဲအပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ဟာ အလုပ် တာဝန် များပြားလွန်းလို့ သူ့ရဲ့ PA ဗိုလ်ထွန်းလှနဲ့အတူ ခေါင်းရှုပ်နေတာကို ရှင်းတဲ့အနေနဲ့ ရုပ်ရှင်ရုံကို အများနည်းတူ တန်းစီသွားကြည့်ရာ မန်နေဂျာက သိသွားပြီး အထူးတန်းကို တောင်းပန် ချော့မော ခေါ်ရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းကျောင်းတဲ့ ရဲဘော်ကို ဗိုလ်ချုပ်ရဲ့ PA ဗိုလ်ထွန်းလှက အရက်မူးနေလို့ ဒေါကန်ပြီး ထိုးကြိတ်မယ်လုပ်လို့ ဗိုလ်ချုပ်က တားမြစ်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ဖြူစင်တဲ့ ခွင့်လွှတ်တဲ့ နှလုံးသားပြင် တွေ့ခဲ့ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။